လပြည့်ထောက်ကူပစ္စည်းများ

လပြည့်ထောက်ကူပစ္စည်းများ

တူတစ်လက်
သင်္ဘောရဲ့ ဘေးပတ်လည်နံရံတစ်လျှောက်
ခပ်သေးသေးသံချွန်လေးတွေ
သစ်သားကိုယ်ထည်ထဲ
အဖျားနစ်ရုံ ရိုက်သွင်း။

ဗြောက်အိုး
လာဟေ့
နားထဲတည့်တည့် ထည့်ခွဲ။

ကျမ်းစာ
မနက်တုန်းက ဘုရားစင်တစ်ခုပေါ်မှာ
နေ့လည်ရောက်တော့ အိပ်ယာခင်းတစ်ခုထဲ
ညနေမတိုင်မှီ
ပင်လယ်ထဲ လွင့်ပစ်လိုက်တယ်…သွား။

တက်ထ်စတာ
လျှပ်စစ် ရှိ မရှိ သတ္တုအဖုံးပေါ် လက်မနဲ့ ဖိထောက်
ကိုယ့်ကိုယ်ကိုယ် နေရာအနှံ့ ထိစမ်း။

ပလာယာ
ဝါယာကြိုးထဲ သွားလာနေတဲ့ အနီနဲ့ အနက်မျှော့နှစ်ကောင်
တစ်ကောင့်သွေးတစ်ကောင်
အရောင်တူရာ
မျက်နှာချင်းဆိုင် စုပ်ခိုင်း။

မီးရှူးမီးပန်း
ရော့
မျက်လုံးထဲ အရောက် ပေါက်ကွဲ။

ဝက်အူလှည့်
ဖွင့်လှစ်ရမယ့် စာမျက်နှာတွေကို ကျကျနန စာသားတစ်လုံးချင်း
ဖုံးပိတ်ရမယ့် ကောင်းကင်တွေကို အခိုင်အမာ ကြိုးတစ်ရစ်ချင်း

မီးခြစ်တစ်လုံး
နှစ်လုံးမလိုဘူး
နှစ်လုံးဆိုရင် ခင်ဗျားကိုပါ
ထည့်ရှို့ပစ်လိုက်မယ်

သံတရွင်း
သင်္ဘောကြမ်းပြင်ကို အမြန်ဆုံး ဆောင့်ချ
တစ်ချက်ပြီးတစ်ချက် ဆက်တိုက်
ငရဲမှာလည်း ပွဲတော်ရှိတယ်
၁၀

ပလတ်စတစ်မီးပုံးပျံ
ကောင်းကင်မှာ လောင်သွားရင်
အိုဇုန်းလွှာနဲ့ နီးမယ်
မြေပေါ်ပျက်ကျရင်
လူတွေနဲ့ နီးမယ်
၁၁

သေရည်
စစ်တုရင်ကို ဘယ်လို ရွှေ့ရမလဲသိပြီ
ခိုးထားတဲ့ ကျွဲတွေ ပေါ်ကုန်ပြီ။
၁၂

လှေကား
တိမ်ပေါ်တက်ချင်တဲ့သူ တက်
အ၀ီစိဆင်းချင်တဲ့သူ ဆင်း
၁၃

တရုတ် LED မီးလုံး
သင်္ဘောနံရံက သံချွန်သေးသေးတွေပေါ် ချိတ်ဖို့
လိုသလောက်
၁၄


ပြည့်စရာမလိုဘူး
တစ်ဖက်ဖက်ကို နည်းနည်းရွဲ့ချင်ရွဲ့
အပေါ်အောက် ပိချင်ပိ ပြားချင်ပြား
နေကုန်နေခမ်း တပ်ဆင်ထားတယ်
လပြည့်ညဖြစ်ကြောင်းတော့ သေချာပစေ
ခွေးတွေ ဘာတွေ အူပစေ

လွန်းဆက်နိုးမြတ်
၂၈.၁၀.၁၅
ည ၁၁း ၄၈ နာရီ
လပြည့်ည