နှုတ်ထွက်ခြင်း

နှုတ်ထွက်ခြင်း

 

ဆံပင်အရှည်ကြီးကို ဖြတ်။ လက်ဆောင်ရတဲ့ စာအုပ်တွေ အိမ်နီးချင်းတွေကို မပေးနဲ့။ မြို့နဲ့ ခပ်ဝေးဝေးက
စာကြည့်တိုက်တွေဆီ သွားရောက်လှူဒါန်း။ ဂုဏ်ပြုကဒ်ထူပြားတွေ အပြန်ခရီးမှာ ကားပေါ်ကနေ ရေသန့်ဗူး
ထဲစိမ်ပြီး လွှင့်ပစ်။ ကားလက်မှတ်တွေပါ မကျန်မိစေနဲ့။ အနည်းဆုံးတော့ ဒါက စိတ်သက်သာရာရလိမ့်မယ်။
မနက်မနက် ပြတင်းမှန်ကို နှုတ်သီးနဲ့ လာလာခေါက်တတ်တဲ့ ငှက်ကလေးတွေကို သားအဖနှစ်ယောက်
ချောင်းကြည့်နေမိခိုက်…။

စာအုပ်အရောင်းဆိုင်တစ်ဆိုင်ချင်းစီကနေ ထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်တွေ ရှိသလောက် အကုန်သွားဝယ်။
လူခြေတိတ်တဲ့ အရပ်မှာ ကိုယ့်ကဗျာစာအုပ်တွေ ကိုယ်တိုင် မီးပုံရှို့ရတဲ့ အရသာကို ၀ါးစားကြည့်။ လက်တွေ
ကို ကုတ်အကျီအိတ်ကပ်ထဲ ထည့်ချင်ထည့်ထား။ အသက်ရှူရတာ နည်းနည်းချောင်သွားလိမ့်မယ်။ ဖေဖေ
ဖေဖေ သား ၀လုံးလေးရေးတတ်ပြီ။ မီးမစွဲဘဲ ကျန်ခဲ့တဲ့ ကဗျာစာရွက်ဘေးသားတစ်ချို့ သားရေဖိနပ်ဦးနဲ့
လှမ်းထိုးပြီး မီးပုံထဲ ပြန်ထည့်။

သား ခေါင်းပေါ်က ဆံပင်ပါးပါးလေးကို ခပ်ဖွဖွပွတ်ပေး။ သားက ဟိုစာအုပ် ဒီစာအုပ်လျှောက်ဆွဲ
အရုပ်တွေ တစ်ဖျပ်ဖျပ်လှန်ကြည့်နေ။ ဖေဖေ ဖေဖေ ဒါ ဘာ မြင်း လဲ။ တက်ကျမ်း၊ အပျော်ဖတ်ဝတ္ထုနဲ့
တရားစာအုပ်ကလွဲရင် မိမိစာအုပ်စင်ကို ဘယ်တော့မှ မလေးပင်စေနဲ့။ ဖန်မလီဒေတာ၊ အီကော်နောမစ်
ဒေတာနဲ့ ဆက်စ်ကျူရယ်ဒေတာတွေမှအပ ဘာကြောင့်မှ မိမိ ပီစီကို အသုံးမချနဲ့။ ဒါ မြင်းမဟုတ်ဘူး
သားရဲ့။ ဒါ မြည်း။

စာပေသမားတွေကို မိတ်ဆွေစာရင်းထဲကနေ ရှင်းထုတ်။ ဖုန်းကဒ်ကို အသစ်လဲထည့်။ သားက အရုပ်ပုံ
ထဲက ရုတ်တရက် ထလာ။ ဖေဖေချီ ဖေဖေချီ။ စကားလုံးတစ်ချို့ ပြန့်ကျဲသွားတယ်။ စကားလုံးတွေ သား
မမြင်အောင် ခြေဖ၀ါးနဲ့ ရသလောက် စုစည်းဖိနင်းထား။ ဘုရား ဘုရား။ လမကုန်ခင် ဖေ့စ်ဘွတ်အကောင့်နဲ့
ဘလော့ဂ်ကို အပြီးဖျက်ချ။ နေ့စဉ်နဲ့အမျှ ၀င်ရိုးစွန်း ရေခဲလွှာတွေ အရည်ပျော်ကျနေတယ်။ ပြီးတော့
ကျားတွေ မျိုးတုန်းနေတယ်။

ကဗျာစစ်ကြီးအတွင်း အတူတိုက်ခဲ့ဖူးသူတစ်ယောက်နဲ့ လမ်းမှာဆုံရင် မျက်နှာလွှဲ မိမိမျက်လုံးတွေ ထိုးကော်
ဖောက်ယူခါးပုံစာထဲ ခဏဖွက်ထား။ ကဗျာစစ်ကြီးမှာ ရန်သူမရှိ။ မိတ်ဆွေလည်း မရှိ။ သားက ကိုယ်ပူရှိန်
တက်လာ။ ကယောင်ကတန်းတွေ လျှောက်အော်လာ။ နည်းနည်းဖြစ်ဖြစ် အဆင်ပြေခဲ့ရင်ကောင်းမှာ။
ကဗျာတွေဟာ လူကြားထဲ အနှိမ်ခံရရုံသက်သက်။ အချင်းချင်းကြား တံတွေးစင်ခံရရုံသက်သက်။

ဒီကမ္ဘာဟာ အားကြီးသူတွေရဲ့ ကမ္ဘာ။ ကိုယ်ခန္ဓာလှပကျော့ရှင်းသူတွေရဲ့ ကမ္ဘာ။ အခွင့်အာဏာရှိသူ
တွေရဲ့ ကမ္ဘာ။ ငွေကြေးကြွယ်ဝသူတွေရဲ့ ကမ္ဘာ။ ထင်ရှားကျော်ကြားအောင်မြင်သူတွေရဲ့ ကမ္ဘာ။
စာပေဟာ သေဆုံးသွားပြီ။ လက်ကျန် ဘ၀ရဲ့ အချိန်တွေမှာ စာအုပ်ဆိုင်တွေဘက် ယောင်လို့တောင်
မလှည့်။ မဂ္ဂဇင်းတိုက်တွေအောက် လမ်းဖြတ်မလျှောက်။ ကဗျာဆိုတာ ကျောင်းသုံးစာအုပ်ထဲက အရေး
အရာတွေ။ နောက်ထပ်ကဗျာတွေလိုပဲ ဒီကဗျာကို သား အိပ်နေတုန်း ပုဒ်မ ခိုးချလိုက်။ ။

 

လွန်းဆက်နိုးမြတ်
၁၆.၂.၁၆
မနက် ၀၀း ၄၅ နာရီ

ပကာသနမပါတဲ့ အချစ်

ပကာသနမပါတဲ့ အချစ်

 

လမ်းထောင့်မှာ လှစ်ခနဲ တွေ့လိုက်ရတဲ့
သူ့တင်ပါးလေး လှမ်းမြင်လိုက်ရုံနဲ့
အလင်းနှစ်သန်းပေါင်းများစွာက သူ့မျက်နှာလေးကိုပါ
တစ်ပါတည်း တွဲစပ်အရသာယူမိသွားတတ်တာမျိုး။
အချစ်ဆိုပါစို့။

မီးခိုးချင်းပေါင်းမှ ဇာတ်နာတာ မဟုတ်ပါဘူး။
သူ့မှာလည်း ဖွံ့ထွားစွင့်ကားတဲ့
ဝတ်မှုန်အစေ့အဆန်တွေ ရှိလျက်နဲ့။
ကိုယ့်မှာလည်း တစ်ချိန်လုံး ရစ်ခွေမနေနိုင်တဲ့
အအိပ်ဆတ်တဲ့ မြွေတစ်ကောင်ရှိလျက်နဲ့။
ကိုယ်တို့ ဆာလောင်မှုတွေကို
ဥပဒေထုတ် တားမြစ်ထားတာကလည်း
စောက်ကြီးစောက်ကျယ် ဇာတ်နာရတာပဲ။

ကိုယ်တို့ အချစ်ကို
ဘယ်ဘုရားတွေ ကိုးကွယ်ပြီး ကိုယ်တုံးလုံးဇာတ်ခင်းရမှာလဲ။
ကိုယ်တို့ အချစ်ကို
ဘယ်တရားတွေ နာယူပြီး အာရုံခြောက်ပါးငမ်းကြောထရမှာလဲ။
ဆိုက်ကိုဖောက်မိရဲ့။

လူမျိုးရေးနဲ့ တိုင်းထွာစပ်ချုပ်ရမတဲ့လား။
သူ့အတွင်းခံဘောင်းဘီလေးတွေ။
ဘာသာရေးနဲ့ အလိပ်ဖြည် စွပ်ချရမတဲ့လား
ကိုယ့်လိင်တံရာဘာအစွပ်တွေ။
ရယ်စရာကြီး
ပြောပြီး
သူ တစ်ခစ်ခစ် ရယ်ပါလေရော။

လူမှာ
ကျောက်တုံးတွေ ရှိမယ်။
တိမ်စိုင်တွေ ရှိမယ်။
ဘာမှန်းမသိတာတွေလည်း ရှိမယ်။
လင်မယားတိုင်း ချစ်ကြရင်တော့ ကောင်းတာပေါ့။
လင်မယားတိုင်း ချစ်ကြတယ်လို့တော့
အဓိပ္ပါယ်မသေစေနဲ့ပေါ့။
စောက်တလွဲပဲ။

ဖေဖော်ဝါရီ ၁၄
တည်းခိုခန်းတံခါးတွေကို မလိုတမာစိတ်နဲ့ လာလာဝုန်းမယ့်
ကတုံးပေါ် စိတ်ကွက်တယ်။
အရေးအကြောင်းဆို တွန်းလှန်ဖို့
အချစ်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်း
ကိုယ်တွေဘက်မှာ များများစားစားရှိမနေဘူး။
တစ်ယောက်တစ်ပြန် ခြောက်ဆယ့်ကိုးရုံပဲ။
ကတုံးပေါ် ထိပ်ကွက်တယ်။ ။

 

လွန်းဆက်နိုးမြတ်

ပုလွေဆရာဆိုက်ရောက်ခြင်း

ပုလွေဆရာဆိုက်ရောက်ခြင်း

အ၀တ်လျှော်စက်ဘေးနားမှာ
ကျွန်တော်ရပ်စောင့်နေခဲ့တယ်။
လျှော်ဖွတ်ရမယ့် အ၀တ်ပုံကြီးပေါ်တက်သွားတာ
သူမ ပြန်ဆင်းမလာတော့ဘူး။
အ၀တ်ပုံကြီးဟာ ခေါင်မိုးကို ဖောက်ပြီး ကောင်းကင်တိမ်စိုင်ထဲမှာ ပျောက်ဆုံးလို့သွား
တစ်အိမ်မကျန်
တစ်မြို့လုံး ရဲ့ ခေါင်မိုးတွေပေါ်မှာ အ၀တ်ပုံကြီးကိုယ်စီ
လက်တွေကို လေထဲမှာ စန္ဒယားတီးရင်း
ကျွန်တော်ပျော်ရွှင်နေမိတယ်။
ကျွန်တော် မပျော်ရွှင်ရတာ ကြာပြီ။
ပထမအကြိမ် ပုလွေဆရာလာတုန်းက ကြွက်တွေကို မြစ်ထဲ ပစ်ချသွားတယ်။
ကျွန်တော်တို့ ပျော်တယ်။
နောက် ကျွန်တော့်တို့ သား သမီးတွေ ခေါ်ပြီး ပုလွေဆရာပျောက်သွားတယ်။
ကျွန်တော်တို့ မပျော်ဘူး။
ကလေးတွေ အသစ်ထပ်မမွေးတဲ့ ကမ္ဘာမှာ
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်
ပုလွေဆရာဟာ ဒုတိယမ္ပိရောက်လာတယ်။
စောက်သုံးမကျတဲ့ ဘုန်းကြီးတွေကို ပုလွေသံနဲ့ မျှားခေါ်
မြစ်ထဲ ထပ်ပစ်ချတယ်။
ကျွန်တော်တို့ ထပ်ပျော်တယ်။
နောက်တော့ သိတဲ့အတိုင်းပဲ
ကျွန်တော်တို့ မိန်းမတွေကို ခေါင်မိုးပေါ်ကနေ ဖောက်ယူသွားတယ်။
လက်တွေကို လေထဲမှာ စန္ဒယားတီးရင်း
ကျွန်တော်ပျော်ရွှင်နေမိပြီ။
မျိုးတုန်းတဲ့ ထိ၊
ကမ္ဘာပျက်တဲ့ ထိ၊
ကျွန်တော်တို့ ပျော်မိပြီ။

လွန်းဆက်နိုးမြတ်
၆.၂.၁၆
မနက် ၀၀း၂၆ နာရီ