ကမ္ဘာ့ကဗျာနေ့ အမှတ်တရ ကဗျာ

ကမ္ဘာ့ကဗျာနေ့ အမှတ်တရ ကဗျာ

ကုလားထိုင်ငါးလုံး

( ၁)
အိမ်နောက်ဖေးမှာ ကုလားထိုင်တစ်လုံး။
အဘွားအိုတစ်ယောက်
တစ်နေကုန် ဗျစ်တောက်ဗျစ်တောက်။

မိုးမလာခင် ဖာထေးရမယ့် ရေတံခွန်တွေ။
ကြွက်တစ်ကောင်ရဲ့ အတ္တုပ္ပတိကို စပါးကျီမှာ ရေးထားတယ်။
စပယ်ပန်းတွေ နို့ဆီဗူးနဲ့ ဘယ်နှလုံးရသလဲ။
စစ်ကြီးကလည်း မပြီးနိုင်သေးဘူး။

( ၂)
အိမ်ရှေ့မှာ ကုလားထိုင်တစ်လုံး။
အမျိုးသမီးတစ်ဦး ဂဏန်းပေါင်းစက်နှိပ်နေ
တဂျောက်ဂျောက်။

စက္ကူတစ်ရွက်ရဲ့ အကောင်းဆုံးအပိုင်းမှာ
မာရ်နတ်ဟာ ရပ်ထ်လေဘယ်လ်လေးတမြမြ
စက္ကူတစ်ရွက်ရဲ့ အညံ့ဆုံးအပိုင်းမှာ
ဘုရားသခင်တဲကုတ်ဟာ မီးအမှိန်ဆုံး။

( ၃)
အိမ်ခြေရင်းမှာ ကုလားထိုင်တစ်လုံး။
စစ်ပြန်တစ်ယောက်
ဖိနပ်တိုက်နေ အကြိမ်ကြိမ်။

လူတွေ သေကြတယ်။
လူတွေ သေကြတယ်။
လူတွေ သေကြတယ်။

( ၄)
အိမ်ခေါင်းရင်းမှာ ကုလားထိုင်တစ်လုံး။
အဘိုးအိုတစ်ဦး ဒိုင်ယာရီရေးနေ
နေ့စဉ်။

ညညဆို အဘွားကြီးက ခြောက်တုန်းပဲ။
စက္ကူရဲ့ အကောင်းဆုံးအပိုင်းဟာ ငွေစက္ကူတွေ ဖြစ်သွား။
အညံ့ဆုံးအပိုင်းက လူမဖတ်တဲ့ စာအုပ်တွေ။
မရှိတော့တဲ့ ခြေထောက်တွေအတွက် ပြောင်လက်နေတဲ့
ဖိနပ်ဦးချွန်ချွန်တွေ။

( ၅ )
အိမ်ထဲမှာ ကုလားထိုင်တစ်လုံး။
ကုလားထိုင်အပေါ်တည့်တည့်မှာ ကြိုးကွင်းတစ်ကွင်း။
ကြိုးကွင်းမှာ လူတစ်ယောက်။
ဘယ်သူဘယ်ဝါရယ်လို့တော့
ပြောဖို့ ခက်ပါတယ်။
တန်းလန်းကြီး။ ။

လွန်းဆက်နိုးမြတ်
၁၉.၃.၁၆
မနက် ၂း ၅၄ နာရီ

နေကြာပန်းတွေရဲ့ သီချင်း

နေကြာပန်းတွေရဲ့ သီချင်း

 

နေကြာပန်းတွေအောက်မှာ
ငါ့ ရုပ်အလောင်းရှိတယ်။
ငါ့ အရိပ်ဟာ
စာသင်ခန်းအုတ်တံတိုင်းနောက်
သစ်ကိုင်းခြောက်တွေ
ကျိုးကျနေတဲ့ ရေအိုင်ပြင်မှာ။
လေထုက ငါ့ကို
အရောင်ကန်းအောင်
လုပ်ထားတယ်။
ပြီး ငါ့နှာခေါင်းထဲ
သက်တောင့်သက်သာ
မရှိတဲ့ ညစ်ညမ်းမှု။
အင်္ဂလိပ်စာဆရာရဲ့
မျက်မှန်၊ ငါ့ ကျောပိုးအိတ်ကို
တူးယက်နေတဲ့ ခွေး။
သင်ခန်းစာတိုင်းမှာ
ငါတစ်ယောက်တည်း။
ဖွယ်ဖွယ်ရာရာ
လောက်ကောင်တွေ တရွရွ။
ငါ့ ဦးခေါင်းခွံက
ဆံပင်ကျွတ်တွေ ဝှေ့ရမ်းပြီး
ငါဆော့ကစားတယ်။
ခဲတံချွန်ဓားနဲ့ ငါ့လျှာငါ
မပြတ်မချင်း
ဆွဲထုတ်လှီဖြတ်ရင်း
ဒီသီချင်းကို ငါဆိုတယ်။

 

လွန်းဆက်နိုးမြတ်
၁၃.၃.၁၆
၉း၄၃ ညနေ

ကိုးလွှာ

ကိုးလွှာ

 


သံဇကာကွက်တွေ လေးထောင့်မဖြစ်ခင်ကတည်းက
ကျားကို အ၀ါရောင်ဆေးသုတ်လိုက်တယ်။

ခေါင်းစည်းကြိုးဟာ နိုင်ငံတော်ဆံပင်တွေကို တာဝန်မယူ

အတိတ်ဆီ လျှာနဲ့ လှမ်းလှမ်းလျက်နေရတဲ့ လူငယ်ဘ၀ရဲ့ ပလုံစီထမှု

မြို့အောက်က ရေဆိုးပိုက်လိုင်းဆီသွားဖို့
သံတံခါးဖုံးအ၀ိုင်းကို ဆွဲမလိုက်တာ
ဘွားခနဲ ကမ္ဘာသစ်တစ်ခု။ ကြောင်လိမ်လှေကားတစ်ရာ။

ဘယ်အစ်ဇင်ပဲဖြစ်ဖြစ် လည်ပင်းနဲ့ မတော်တဲ့ ကြိုးကွင်းမရှိ။

စာမျက်နှာတစ်မျက်နှာနဲ့ တစ်မျက်နှာကြားမှာ
သစ်ပင်တစ်ပင်စီပေါက်ရောက်နေတယ်။
ပေါက်ရောက်နေတဲ့ သစ်ပင်ကို မံမီတစ်ကောင်လို ကျပ်စည်းဆေးစိမ်ထားတယ်။

နောက်ခံတီးလုံးတိုင်းဟာ
နားတွေထဲ အဆင်သင့်ထည့်သွင်းထားပြီးသား။
ကော်ပတ်ရုပ်တွေကိုလည်း ထုတ်လုပ်။
တော်လှန်ရေးကိုလည်း ထုတ်လုပ်။

ခွေးသွားစိတ်တွေရဲ့ လောကပဲ။

သုတ်တွေကို အချိန်ကိုက် တင်ပါးပေါ်ပန်းလိုက်တယ်။

 

လွန်းဆက်နိုးမြတ်
၂၄.၂.၁၆
ည ၁၁း၄၉ နာရီ