စာအုပ်ဟောင်းစုဆောင်းခြင်းဝါသနာ
စာအုပ်ဟောင်းများဝယ်ယူစုဆောင်းရခြင်းကို မည်သည့်အချိန်က စတင်ဝါသနာပါလာမှန်း ပြန်မစဉ်းစားမိခင်မှာပင် ကျွန်တော်သည် စာအုပ်ဟောင်း စုဆောင်းသူတစ်ဦး ဖြစ်မှန်းမသိဖြစ်လာခဲ့ပါသည်။ စင်စစ် သည်ဝါသနာသည် ကျွန်တော်၏ စာဖတ်ဝါသနာ စာရေးဝါသနာများမှ ကျွဲကူးရေပါသဘောပါဝင် လာခြင်းဖြစ်ပုံရသည်။ အမှန်တော့ ထိုဖြစ်စဉ်သည် သဘာဝကျပါသည်။ မည်သူသည် စာဖတ်ဝါသနာမပါဘဲ စာအုပ်အဟောင်းများကို စုဆောင်းထားမည် နည်း။ အနည်းဆုံး စာအုပ်အဟောင်းရောင်းသမားများသော်မှ စာရေးဆရာတစ်ပိုင်း စာပေ၀ါသနာရှင်တစ်ပိုင်းဖြစ်နေကြသည်မဟုတ်ပါလား။ သို့ရာတွင် ထိုကိစ္စကို ထောက်ကူပေးသည့် သီးခြားဝါသနာငယ်လေးများသည်လည်း လူပုဂ္ဂိုလ်ကို လိုက်၍ ရှိနေတတ်ကြပါသေးသည်။ ကျွန်တော်ဆိုလျှင် ငယ်စဉ်က ဘာရယ်မဟုတ် ပိုက်ဆံငွေအကြွေစေ့လေးတွေကို စုဆောင်းတတ်ခဲ့သလို သော့တံများကိုလည်း ထူးထူးခြားခြား စုဆောင်းသိမ်းဆည်းခဲ့ဖူးပါသည်။ ထိုစဉ်က တံဆိပ်ခေါင်းစုဆောင်းသူများအကြောင်း၊ ရှေးဟောင်းပစ္စည်းစုဆောင်းသူများအကြောင်း၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သော ပစ္စည်းများ စုဆောင်းသူများအကြောင်း စသဖြင့် တစ်ရံဆစ်ဆစ်မျှ ကျွန်တော် ကြားသိထားဖူးခြင်း မရှိသေးပါ။ သည့်နောက်တော့ ကျွန်တော်၏ စာဖတ်ဝါသနာနှင့် နှီးနွယ်လျက် စာအုပ်များစတင်စုဆောင်းဖြစ်တော့သည်။ မူလစတင်စုဆောင်းစဉ်က စာအုပ်အဟောင်းများသီးသန့်ရယ်လို့ မဟုတ်။ လတ်တလောထွက်ရှိ သော စာအုပ်သစ်များဖြစ်သည်။ မိသားစုတွင် ကျွန်တော်သည် စာပေသမားရယ်လို့ ထင်မြင်ယူဆခံလာရသည့်အခါ မိသားစုအတွင်းရှိ စာအုပ်များအားလုံး ကျွန်တော်နှင့် သက်ဆိုင်သလို ရှိလာသည်။ အထူးသဖြင့် သုတရသစာအုပ်များ အလိုရှိသည့်အခါ ကျွန်တော့်ကို မေးစမ်းလာကြသည်။ မိသားစုအတွင်း ကျွန်တော်မဟုတ်သည့် တစ်ဦးတစ်ယောက်က သုတရသစာအုပ်တစ်အုပ်လောက်ကို ရှားရှားပါးပါးဝယ်ယူလာပြီးသည့်နောက်ပိုင်း ထိုစာအုပ်ကို သိမ်း ဆည်းရန်မှာ ကျွန်တော့်တာဝန်အလိုလိုဖြစ်သွားတော့သည်။ သို့ရာတွင် ထိုကဲ့သို့ ၀ယ်ယူကြသည်မှာလည်း ကြုံတောင့်ကြုံခဲသာ ဖြစ်ပြီး အများအားဖြင့် ကျွန်တော်ကသာပဲ ၀ယ်ယူလေ့ရှိပါသည်။ ကျွန်တော်၏ အင်ဂျင်နီယာကောလိပ်ကျောင်းသား မုန့်ဖိုးထဲမှ စာအုပ်ဝယ်ဖို့ ခွဲခြမ်းရသည်မှာ မသက်သာလှပါ။ ကျွန်တော် လက်လွှတ်ခဲ့ရသော စာအုပ်များသည် ကျွန်တော်ဝယ်ယူခဲ့သော စာအုပ်များထက် အပုံကြီးများပါသည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ကျွန်တော်၏ စာအုပ်စုဆောင်းမှုသည် သာမန်မိသားစုလေးအတွင်း ထူးကဲကောင်းထူးကဲနိုင်ပါသည်။ သို့ရာတွင် ကျွန်တော်လက်လှမ်းမမှီသည့် ပညာတတ် မိသားစုများစွာကြား နှိုင်းယှဉ်လျှင်လည်းကောင်း ကြေးရတတ်စာအုပ်ချစ်သူများကြား တိုင်းတာလျှင်လည်းကောင်း ပြောပလောက်ဖွယ် စုဆောင်းမှုမျိုး တော့ မဟုတ်ခဲ့ပါ။
ရယ်စရာတော့လည်း ကောင်းပါသည်။ ကနဦးတုန်းက ကျွန်တော်သည် ကျွန်တော်ဖတ်ချင်ပြီး စာအုပ်အငှားဆိုင်များတွင် တင်လေ့တင်ထမရှိသည့် စာအုပ်မျိုးကို ဦးစားပေးဝယ်ယူသိမ်းဆည်းလေ့ရှိသည်။ ဥပမာ ကဗျာစာအုပ်လိုမျိုး၊ အတွေးအခေါ်စာအုပ်လိုမျိုး၊ အတ္ထုပ္ပတ္တိစာအုပ်လိုမျိုး စသဖြင့်၊ များမကြာမှီမှာပင် ကျွန်တော်၏ အခြားတစ်ဖက်မှ ၀ါသနာဖြစ်သော စာရေးခြင်းလမ်းကြောင်းသည် ထင်မှတ်မထားဘဲ အပျော်ဖတ်လုံးချင်းဖက်ကို ရောက်ရှိသွားခဲ့သည်။ သည့်အတွက်တော့ နဂိုကထက် ကျွန်တော်ပို၍ စာမဖတ်နိုင်အားပါ။ စာအုပ်များကိုတော့ ပို၍၀ယ်ယူစုဆောင်းဖြစ်ခဲ့သည်။ ကျွန်တော် တကြိမ်ဖူးမျှ လက်မရွယ်ခဲ့သည့် စာအုပ်များကို အလုပ်သဘော ၀မ်းစာဖြည့်ရန် ၀ယ်ယူရတော့သည်။ ဗေဒင်စာအုပ်၊ လူဝင်စားစာအုပ်၊ စုန်းကဝေစာအုပ်၊ အကြောပြင်စာအုပ်၊ လက်ရေးတိုစာအုပ်၊ ဟင်းချက်နည်းစာအုပ်၊ သစ်ပင်စိုက်နည်းစာအုပ်၊ ကမ္ဘာကျော်အဆိုအမိန့်စာအုပ်၊ ဆေးမြီးတိုစာအုပ်တွေတောင်မှ ပါလိုက်သေးသည်။ အပျော်ဖတ်လုံးချင်းစာပေလမ်းကြောင်းမှာ ကျွန်တော်သိပ်မကြာလိုက်ပါ။ ယင်းအစား ကျွန်တော်သည် လမ်းဘေး စာအုပ်အဟောင်း ဆိုင်များတွင် စာအုပ်ဟောင်းများ မွှေတတ်သည့် အလေ့အကျင့်တစ်ခုကို ယခင်ကထက် စွဲငြိလာခဲ့သည်။ အလေ့အကျင့်ကောင်းတစ်ခုပင်။
စာအုပ်အဟောင်းများကို စာအုပ်အသစ်များထက် ပိုပိုသာသာစုဆောင်းဖြစ်ရသည့် အခြားအကြောင်းရင်းတချို့လည်း ရှိပါသေးသည်။ သိသာသည့် အကြောင်းရင်းတစ်ခုမှာ ကျွန်တော့် ၀င်ငွေဖြစ်သည်။ ကျွန်တော့်တွင် မည်သည့်အခါကမျှ ၀င်ငွေဘယ်ရွေ့ဘယ်မျှဟူ၍ တိတိကျကျမရှိခဲ့ဖူးပါ။ စာအုပ်သစ် များတင်သည့် စာအုပ်ဆိုင်ကြီးများသည် လျှော့ဈေးနှင့် ရောင်းသည်ပဲထားဦး။ ကျွန်တော့်ဖက်က စာအုပ်ဆိုင်အဆောက်အဦးနှင့် လျော်ညီစွာ ပြုမူနေထိုင် သုံးစွဲရန် လိုအပ်သည်။ ဆောက်လက်စဆောက်အဦးတစ်လုံး၏ သွပ်အပြည့်ကာရံထားသော နံရံကို မှီ၍ ဖြစ်စေ၊ ပလက်ဖောင်းပေါ် စာအုပ်တွေ ဖြန့်ခင်းချ၍ ဖြစ်စေ၊ သစ်ပင်တစ်ပင်ခြေရင်းမှာ စာအုပ်တွေဖြစ်သလိုစုပုံထား၍ ဖြစ်စေ၊ ယာယီအမိုးအကာများအောက်တွင် ဖွင့်လှစ်ရောင်းချတတ်သည့် စာအုပ် အဟောင်းဆိုင်များအတွက်မူ ကျွန်တော့်မှာ ဘာမှ မလို။ အိပ်ကပ်ထဲ တစ်ပြားတစ်ချပ်မျှ မပါလျှင်တောင်မှ စာအုပ်တွေကို စိတ်လွတ်လပ်စွာ ကောက်ကိုင် ကြည့်နိုင်သည်။ ဆိုကြပါစို့။ စာအုပ်များတွင်လည်း ကျွန်တော်တို့ လူသားများလိုပင် ပင်ကိုသဘာဝသတ္တိထူးများ ရှိသည်ဟု။ စာအုပ်များသည် ၀ယ်သူကို အကြောင်းအရာ အားဖြင့် ဆွဲဆောင်မည်။ စာရေးသူအားဖြင့် ဆွဲဆောင်မည်။ ဤအချက်များတွင် စာအုပ်အဟောင်းနှင့် အသစ် သဘောတရားတူ၏။ မတူသည်လည်း ရှိသည်။ စာအုပ်ဆိုင်ပေါ် ရောက်ကာစ စာအုပ်သစ်များသည် ၀ယ်သူကို အရောင်အဆင်းအားဖြင့် ဆွဲဆောင်မည်။ အနံ့အားဖြင့် ဆွဲဆောင်မည်။ ဒါကလွဲလျှင် စာအုပ်သစ်များသည် အနေအထိုင်တည်သည်။ ယခုမှ တိုင်းခန်းလှည့်လည်လာသော ဆင်တော်ထက်မှ ဘုရင့်သမီးတော်၏ မျက်နှာတော်လို အနေမျိုးဖြစ်သည်။ စာအုပ်ဟောင်းများကတော့ ၀ယ်သူကို သက်တမ်းအားဖြင့် ဆွဲဆောင်မည်။ စာအုပ်၏ နောက်ခံသမိုင်းဖြင့် ဆွဲဆောင်မည်။ စာအုပ်အဟောင်းများသည် ဣနြေ္ဒထက် ဘ၀ရပ်တည်မှုကို အလေးကဲနေရသည့် ခရီးသွားဟန်လွှဲ တွေ့ရတတ်သော မိန်းမပျိုမျက်နှာ မျိုးဖြစ်သည်။ စာအုပ်အဟောင်းများသည် စာအုပ်အသစ်များထက်ပို၍ ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်လွယ်ပါသည်။
စာအုပ်ဟောင်းများတွင် ပိုင်ရှင်ဖြစ်ခဲ့ကြဖူးသူများသည် တစ်ဦးတစ်ယောက်မက ရှိနိုင်ပါသည်။ ပိုင်ရှင်တစ်ဦးတစ်ယောက်စီတိုင်း၏ ဘ၀တစ်ခုစီတွင် ထိုစာအုပ်ဟောင်းများသည် သေးငယ်လွန်းသော အစိတ်အပိုင်းတစ်နေရာအဖြစ် ဖြစ်တည်ခဲ့ကြသည်ကပဲ ကျွန်တော်တို့နှင့် ရင်းနှီးကျွမ်းဝင်စေသလား မပြောတတ်ပါ။ ကျွန်တော့်အတွေ့အကြုံအရ တစ်ခါတစ်ရံတွင် စာအုပ်ဟောင်းများဆီမှ ပိုင်ရှင်ဟောင်းများ၏ ဘ၀အငွေ့အသက်များကို ပုံစံတစ်မျိုးတစ်ဖုံ ဖြင့် ရရှိတတ်ပါ၏။ ပထမစာမျက်နှာများပေါ်က ပိုင်ရှင်ဖြစ်ကြောင်း ဂုဏ်ယူလက်မှတ်များမှသည် အဓိပ္ပါယ်တစ်မျိုးမျိုးဖြင့် စာအုပ်ကြား ညှပ်ထားတတ် သည့် သစ်ရွက်ခြောက်များ၊ စာရင်းစာရွက်များ၊ လိပ်စာကဒ်များ၊ ဘုရားပုံတော်များ၊ ဂါထာမန္တာန်များ၊ ပေးစာများ၊အဖြူအမည်းဓာတ်ပုံများလို ပုဂ္ဂိုလ်ရေး ဆန်သည့် အချက်အလက်များအပြင် စာအုပ်၏ နောက်ဆုံးစာမျက်နှာများပေါ်က တယ်လီဖုန်းနံပါတ်များ၊ ပေါက်ပန်းသေးစကားစုများကလည်း ပိုင်ရှင်ဟောင်းများ၏ ဘ၀ထင်ဟပ်ချက်များပင် ဖြစ်ပါသည်။ ရှေးကျသော ပင်လယ်ဓားပြများသည် မိမိတို့ တိုက်ယူရရှိလာသည့် ရတနာများကို လူသူအရောက် အပေါက်နည်းပြီး ဝေးလံလှသော ကျွန်းများပေါ်တွင် မြှပ်နှံထားတတ်ကာ ရတနာမြေပုံကိုလည်း အပိုင်းပိုင်းစုတ်ဖြဲ၍ ဝေပုံကျသိမ်းဆည်း ထားသည့် အလေ့ရှိ ခဲ့ကြသည်။ စင်စစ် စာအုပ်ဟောင်း စုဆောင်းသူများသည် ရှေးကျသော ပင်လယ်ဓားပြ၀င်စားသူများ ဖြစ်ကြပါသည်ဟု ဥပမာပေးလျှင် တုံးကောင်းတုံးနိုင် သော်လည်း သည့်ထက်ရိုးရှင်းလိုက်ဖက်သည့် ဥပမာကို ကျွန်တော်ရှာမရပါ။ စာအုပ်ဟောင်းများကတော့ ရတနာမြေပုံနှင့် ပတ်သက်၍ သဲလွန်စ တစ်စုံတစ်ရာ ပေးနိုင်စွမ်းသော ဆက်သွယ်ချက်မျိုးုဖြစ်နိုင်ပါသည်။ စာအုပ်ဟောင်းပုံကြီးထဲ ကြာရှည်ကြာမျော မွှေနှောက်နေရသည်ကပင် အရိုးခေါင်းအလံ ခပ်ညစ်ညစ် ကို ရွက်တိုင်ထိပ်ထောင်ပြီး ရေနက်ပိုင်းထဲ ရွက်လွှင့်တိုးဝင်နေသည့် ပင်လယ်ဓားပြလှေဦးပေါ် တင်တင်စီးစီးအနေအထိုင်မျိုးဖြင့် လိုက်ပါလာ သော ပင်လယ်ဓားပြတစ်ဦးက ရွှေဒင်္ဂါးပြားများကို ပွတ်သပ်အရသာခံနေသလိုမျိုးဖြစ်ပါလိမ့်မည်။
ရောဂါတစ်ခုထက်ပင် သာပါသည်။ စာအုပ်ဟောင်းစုဆောင်းခြင်းဝါသနာ ဆိုသည်မှာ။ ကျွန်တော်တို့လို စုဆောင်းသိမ်းဆည်းသူများလိုပင် စာအုပ် ဟောင်းရောင်းချသူများမှာလည်း အကြောင်းအားလျော်စွာ စာအုပ်ဟောင်းများ ဟန်ကျပန်ကျ မရှာဖွေနိုင်သော နေ့ရက်များရှိပါသည်။ ထိုအခါ စာအုပ် ဟောင်းများ၏ တစ်စစရှားပါးလာမှုကို ကျွန်တော်တို့ချင်း စကားဝိုင်းဖွဲ့ကြရုံပဲ ရှိတော့သည်။ စာအုပ်ဟောင်းဆိုတိုင်း အဖိုးနှုန်းချိုသာသည်ဟုတော့ တရားသေ မမှတ်ယူစေလိုပါ။ အချို့ရှားပါးစာအုပ်ဟောင်းများသည် ခန့်မှန်းမရအောင်ပင် တန်ဖိုးမြင့်မားနေတတ်ပါ၏။ စာရေးဆရာတစ်ယောက်၏ စာအုပ်တစ်အုပ်သည် ယနေ့အချိန်တွင် အပြင်အဆင်အသစ်ဖြင့် ဝေေ၀ဆာဆာပြန်ထွက်ပါလျက် ဈေးနှုန်းလည်း သင့်တော်ပါလျက် ကျွန်တော်တို့လို စာအုပ်ဟောင်းစုဆောင်းသူများသည် အဘယ်ကြောင့် အဟောင်းအမြည်းစာအုပ်ကိုသော်မှ ဈေးကြီးပေးကာ ၀ယ်ယူနေကြပါသနည်း။ တကယ်တမ်း ကျွန်တော်တို့သည် ပိသာချိန်ဖြင့် ငရုတ်သီးမှုန့်ထုတ်ရန်သာ ရှိသော အမှိုက်ထုတ်များကို ၀ယ်ယူစုဆောင်းနေကြခြင်းမဟုတ်ပါ။ ကျန်ရစ်ခဲ့သော ခေတ်စနစ်တွေကို ၀ယ်ယူစုဆောင်းနေခြင်းသာ ဖြစ်ပါသည်။ စာအုပ်ဟောင်းတစ်အုပ်ထဲမှ မတော်တဆ မှားယွင်း ပါလာသော သတ်ပုံအမှားအယွင်း ကလေးတစ်ခုကပင်လျှင် ထိုစာအုပ်ထုတ်ဝေခဲ့သည့် ခေတ်ကာလကို ညွှန်းဆိုပြနေသည်။ စာအုပ်ဟောင်းများကို တန်ဖိုးစံသတ်မှတ်ရာတွင် စာအုပ်၏ သမိုင်းဆိုင်ရာထည့်ဝင်မှုအလိုက် စာအုပ်ဟောင်းရောင်းဝယ်သော ကျွမ်းကျင်သူဂုရုများ၏ အကဲဖြတ်ချက်ပေါ် တည်မှီပါသည်။
သည့်ထက်ပို၍ စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးသည်။ ၄င်းသည် စာအုပ်ဟောင်းစုဆောင်းခြင်းဝါသနာအတွက် ပင်မဒေါက်တိုင်ဖြစ်သော စာပေစိစစ် ရေးပင်ဖြစ်သည်။ ကျွန်တော် ကြီးပြင်းခဲ့သော ကာလတစ်လျှောက်လုံး အစိုးရ၏ စာပေစိစစ်ရေးယန္တရားသည် ကောင်းမွန်သည်ထက် သာလွန်စွာ လည်ပတ်ခဲ့ပါသည်။ အစိုးရ၏ မူဝါဒနှင့် ငြိစွန်းသော စာအုပ်ကောင်းများစွာတို့သည် ပြန်လည်ထုတ်ဝေခွင့်မရဘဲ ရောင်းချရန် ပိတ်ပင်ခံရသည်များပင် ရှိခဲ့သည်။ ယင်းအချက်သည် နောင်အခါ စာအုပ်ဟောင်းစုဆောင်းခြင်းဝါသနာရှင်များ ပေါ်ထွက်လာစေဖို့ အစိုးရက စီမံချက်ချပေးလိုက်သည့်နှယ်ပင်။ ကျွန်တော်သည်လည်း ယင်းစီမံချက်မှ သင်တန်းသားလေးတစ်ဦးသာလျှင် ဖြစ်ပါသည်။ ကိစ္စရပ်တိုင်းလိုလိုမှာ ဆီလျော်သော တွဲလုံးလေးများ ရှိနေတတ်သည်။ နှင်းဆီတစ်ပွင့်၏ အလှသည် ဆူးရိုးတံနှင့်ပင် မပြီး၊ ဆူးရိုးတံပေါ်က ဖြာထွက်နေသည့် နှင်းဆီသစ်ရွက် တစ်ရွက်နှစ်ရွက် ဖြည့်စွက်လိုက်မှသာ ပြည့်စုံသွားမည်။ စာအုပ်ဟောင်းများနှင့် စာအုပ်ဟောင်းရောင်းသမားများ တွဲဖက်နေသကဲ့သို့ ဖြစ်ပါသည်။ ယခင်အစိုးရ၏ တိတ်တဆိတ်အောင်မြင်လာသော ယင်းစီမံချက်ထဲတွင်တော့ စာအုပ်ဟောင်းရောင်းသမားများသည် ကျွန်တော်တို့၏ သင်တန်းမှူးများ ဖြစ်မည်မှာမုချ။
လွန်းဆက်နိုးမြတ်
The Daily Eleven ( 3.11.17 )
စာ-၈