ဆာမူရိုင်း ၂၆

tumblr_n17oj31Lz31s9sbkto1_1280ဆာမူရိုင်း ၂၆

 

ညအမှောင်ထုအောက်
ပြည့်တန်ဆာမ နာဖျားမှောက်
ငါ့ကျောပေါ်ထမ်းလျှောက်။ ။

 

လွန်းဆက်နိုးမြတ်
aug 16,2014

ဆာမူရိုင်း ၂၄

4be68f0b4855ea94b9aa073e11d2d329ဆာမူရိုင်း ၂၄

 

သေပြီးသား သူရဲကောင်းက
မပျက်စီးဘူး။
ရှင်သန်ဆဲ သူရဲကောင်းက
သူရဲကောင်းအဖြစ်မှ
ပျက်စီးနိုင်တယ်။
ဆရာသခင်ရဲ့ မြေပုံရှေ့မှာ
ငါဟာ အကြာကြီး ရပ်တန့်လို့။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၃

imagesဆာမူရိုင်း ၂၃

 

တစ်ယောက်ချင်း
ချိန်းဆို စီးချင်းထိုးပွဲမှာ
သူ့ယောကျာ်းကို မသတ်ဖို့
သားသမီးတွေကို သနားဖို့
ခန္ဓာကိုယ်ပုံအပ်ကာ
အမျိုးသမီး ဆိုရှာတယ်။

ငါ ပြန်ဖြေတယ်။
ဓားသမားရဲ့ ကျင့်ဝတ်က
သူ့မယားကို မှိဝဲဖို့မဟုတ်သလို
ဓားရဲ့ ကျင့်ဝတ်ကလည်း
အမှန်တရားကို မျက်ကွယ်မပြုဘူး။
သားသမီးကို သနားဖို့ဆိုတာကတော့
ဖခင်တစ်ယောက်ရဲ့
ပင်ကိုယ်ကျင့်ဝတ်သာဖြစ်တယ်။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၂

Samurai_Rain_by_Artnaitveဆာမူရိုင်း ၂၂

 

ဂိုဒိုင်ဂိုခေတ်လက်ကျန်
ဇရပ်ပျက်တစ်ဆောင်မှာ
မိုးခိုစရာ တစ်နေရာရှိတယ်။
ငါ အရင်ရောက်ပေမဲ့
ခရီးသွား သားအမိငဲ့ကွက်
မိုးပြင်းလေပြင်းကြား
ငါ မနားတမ်းဆက်သွားတယ်။
အခု
ငါကိုယ်တိုင် မိုးစက်။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၁

shutterstock_95320195ဆာမူရိုင်း ၂၁

 

ရွှေကျီးဟာ
ဝါးထီးပေါ်ကတဆင့်
လမ်းမတွေဆီ
တစ်စုံတစ်ယောက်က ဆွဲစုပ်ယူလိုက်သလို
နောက်ပြန်ခုန်ဆင်းသွားတယ်။
ဒီထက်မက
မြို့ရိုးကို နောက်ပြန်ခုန်ထွက်
မြို့ပြင်လမ်းအတိုင်း
နောက်ပြန်ပျံသန်းပျောက်ကွယ်သွားတယ်။

အမှောင်လာပြီ။
မီးအိမ်တွေ ထွန်းလိုက်ကြပြီ။
နောက်နံနက်ခင်းမှာ
တစ်စုံတစ်ယောက်က မှုတ်ထုတ်လိုက်သလို
တဟုန်ထိုးပြေးထွက်လာမယ့်
ရွှေကျီးအတွက်
ငါနဲ့ ငါ့ဓား
အဆင်သင့်ဖြစ်ပြီ။
ဒီထက်မက။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၀

496146a44a8eaf2ea0fee7ee48cc3a9e_hဆာမူရိုင်း ၂၀

 

မစားရသေးတဲ့ ညစာဟာ
ပိုအရသာရှိတယ်။
မက ဖြစ်တဲ့ ဂေရှားမယ်အက
သိပ်ညက်ညောတယ်။
သဘောကတော့
မသုံးရသေးတဲ့
ငါ့ဓားကွက်တွေလို။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၁၉

pr59150-2-1083534-650x450-b-p-d0d0c8ဆာမူရိုင်း ၁၉

 

ဒီနေ့အဖို့
မြားကျည်တောက်ထဲက
မြားတစ်ချောင်းမလျော့မိစေ။
ငါ့ဓားအိမ်ထဲက
ဓားကို မဆွဲထုတ်မိစေ။
နံရံပေါ်က လှံတံ
နဂိုအတိုင်း ကျန်ရှိစေ။

ဒီနေ့အဖို့
မဆုံးတမ်းစစ်ပွဲကြား ကမ္ဘာမြေ
တစ်ရက်တလေ
ငြိမ်းချမ်းစေ။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၁၈

roninဆာမူရိုင်း ၁၈

 

တောရဲ့ ဆိတ်ငြိမ်မှု
မရှိတဲ့အသံကိုတောင်မှ
နားထောင်နိုင်တဲ့ ဘုရားကျောင်းပျက်။
လက်ကျိုး ဆံထုံးပဲ့ မျက်နှာတော်အက်
ကိုယ်တစ်ပိုင်းလဲပြိုနေလည်း
ဗုဒ္ဓဟာ ဗုဒ္ဓပဲ။
ငါ ဒူးထောက်ချလိုက်တယ်။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၁၇

66aac69f8dae5fb0fc9b2305d57ba4ceဆာမူရိုင်း ၁၇

 

သင် အရင်စမလား
ငါ အရင်စမလား
မေးချိန်မရဘူး။
ဓားလား လှံလား လေးမြားလား
ရွေးချိန်မရဘူး။
ဟောဒီ့တိုက်ပွဲမှာ
ငါ့ဆီ ပြေးဝင်လာသူဟာ
ငါ့ရန်သူ
ငါ့ကို ကျောခိုင်းထားသူဟာ
ငါ့ဖက်လူ။ ။

 

လွန်းဆက်နိုးမြတ်