ဝေးကွာ

ဝေးကွာ

ငါတို့ ဝေးကွာသွားကြပြီ။

ငယ်ငယ်က ငါ ငုံ့ကိုင်းခူးဆွတ်ဖူးတဲ့ သစ်သီး
အခု
ပင်စည်ကိုဖက်ပြီး
ငါ တမေ့တမော မော့မျှော်ကြည့်ရသလို ဝေးကွာ။

ပင်လယ်ပြင်မှာ
လှေစုတ်တစ်စင်းနဲ့ ငါ မျောပါစဉ်
ရှိစုမဲ့စု ဘီစကွတ်ဗူးလေး
လှိုင်းအပုတ် မြောက်တက်လွင့်စင်သွားသလို ဝေးကွာ။

ရေချိုးခန်းနံရံကို မှီထိုင်
ငါ့ ခေါင်းပေါ် ရွာချ ရေပန်းရေစက်တွေ။
လက်ကောက်ဝတ်က ပန်းထွက်နေတဲ့ သွေးတွေကို တိုက်စားသွား
အခိုးအငွေ့တွေကြား
တစ်ယောက်အော်သံ တစ်ယောက်နားထဲ
ငါ့အရိပ်နဲ့ငါ သဲ့သဲ့ဖွဖွအကြားမှားသလို ဝေးကွာ။

လွန်းဆက်နိုးမြတ်

ကျောက်ပန်းတောင်း

ကျောက်ပန်းတောင်း

ငါ့ငယ်ဘဝကို
မောင်ဗမာစက်ဘီးလက်ကိုင်ဘရိတ်တန်းကြား
စောင်းကောက်ဆေးပေါ့လိပ်နဲ့အတူ ထိုးညှပ်ခဲ့။

ပုပ္ပါးတောင်ကလပ်ကြီးတည့်တည့်
ဗဒင်အသံတုလုပ်ပြီး လေးတော်ကို တင်မိတယ်။

အမွှေးတိုင်ဖြစ်သွားတဲ့ မန်းကျည်းပင်များ
ဗလီနဲ့ တူတဲ့ အဆောက်အဦးရှိရင်
ဆယ်ဘီးကားနဲ့ ဝိုင်းတိုက်ပစ်ကြမလား။

လက်လက်ထ ချော်ရည်တုံးခဲမြေကြီးပေါ်
မီးအပူပေးလိုက်ရင် ဖင်ကျွတ်သွားတဲ့ မုန့်စားကျောင်းဆင်းချိန်။

ခင်ပပလှိုင်ကို မှန်းပြီး အာသာမဖြေတတ်သေးဘူး
ထိုင်းစာလုံးမဲကတ်ကို ထိုးနှိုက်လိုက်တော့
လက်ခလယ်ထိပ်မှာ ကေရွဲကြီးနဲ့ ထုံချိုင်းပါလာ။

လွန်းဆက်နိုးမြတ်

ညရုပ်တု

ညရုပ်တု

တဇွတ်ထိုးဆန်မှုနဲ့ ဘယ်လိုမှ ဆွဲညှိလို့မရတဲ့ မိုးသားထဲ
ကိုယ်ကျင့်တရားပိုင်း ရိုးရာကဲလွန်းပြီး
တစ်ချိန်တည်းမှာ ဖောက်လွဲဖောက်ပြန်
တိမ်တွေ တရွေ့ရွေ့မျော
အိပ်စက်ခြင်းကို
ခပ်စုတ်စုတ်ငှက်တစ်ကောင်ကိုက်ချီပျံသန်းလာချိန်
ငါ့အိမ်ပြတင်းပေါက်ရဲ့
အမှောင်ခေတ်ကိုယ်စားပြု
လေးလံထူထဲတဲ့ လိုက်ကာတွေ။

သွေးပွက်ပွက်ထစေမယ့် ဟစ်ဟော့ယဉ်ကျေးမှုဟာ
နံရံကြမ်းခင်းတွေအောက်မှာ နစ်ဝင်သေဆုံးသွားခဲ့ပြီ။
ဘယ်လိုမှ ဖွင့်ရိုက်ထုတ်လို့ မရတော့ဘူး။
ငါ့ မျက်ခွံတွေအောက်ကနေ
ငါ့ မျက်လုံးနှစ်လုံးဟာ အစောတလျင် လိမ့်ဆင်း
ပြီး
ဆန့်ကျင်ဘက်အရပ်ဆီ ထွက်ခွာသွား။

အနက်ရဲ့ အရောင်
အဲဒါနဲ့ သဟဇာတမဖြစ်တဲ့
မသတီစရာ ဖြူဖတ်ဖတ်ပျော့တွဲတွဲ အသားစိုင်
ငါ့ အရိုးတွေ ငါ့ စအိုအပေါက်ဝက
ခေါက်တွန့်လျိုထွက်လာ
ပြီး
ငါ့ကို ပေယျာလကန် ပစ်ထားခဲ့
အခု အိပ်မက်မြစ်တို့ရဲ့ ကုတ်ခြစ်မှုကို စတင်ခံစားရပြီ။
မီးဖိုချောင်က ကြက်သွန်တစ်ဥနဲ့
လုံးလုံးလျားလျားကြီး ကင်းကွာခဲ့ပြီ။

ငါရှိနေသေးလား။
အိပ်ယာပေါ် ကယောင်ကတမ်း လက်နဲ့ ထိအစမ်းမှာ
လူတစ်ယောက်စာ အရေပြားကြီး
အပြစ်အနာအဆာအပြည့် နံစော်
တောအုပ်က နက်သထက် နက်လာ
အစာငတ်နေပုံပေါက်တဲ့ ကောင်းကင်နက်နက်တစ်ခု
ငါ့လျှာဟာ ငါ့ဆီကနေ
ဖမ်းလို့မမိနိုင်အောင် အဝေးတကာ့အဝေးကြီးဆီ
တရွတ်တိုက်ပျောက်ကွယ်။

လွန်းဆက်နိုးမြတ်

၁၉.၈.၁၆
နံနက် ၁၂း၃၀ နာရီ

 

 

မိန်းမပျိုလေး မိထွေး

မိန်းမပျိုလေး မိထွေး

ကြံစိုက်တဲ့ ရာသီဆို သူမကို သတိရတယ်။
ငါ့ပါးစပ်ထဲက မနက်ခင်းသွားတိုက်ဆေးမြုပ်အဖြူရောင်တွေ
ရေဆိုးမြောင်းတစ်လျှောက် လူးလွန့်ရေနေသတ္တ၀ါလေးတွေအပေါ်
ဗုံးကြဲသလို ထွေးထုတ်တမ်းကစားနေချိန်မှာ
သူမ ရောက်လာတတ်တယ်။
သူမဟာ ငါ့အမေရဲ့ ပဲပြုတ်သည်ဖြစ်တယ်။

ငါ့အိမ်ခေါင်မိုးပေါ် တစ်စုံတစ်ယောက်လွှတ်တင်ထားတဲ့
ညနေခင်းစက္ကူစွန်တစ်စင်းကို ငေးမောနေမိချိန်
သူမရောက်လာတတ်တယ်။
သူမဟာ ငါ့ အမေရဲ့ ဧည့်သည်ဖြစ်တယ်။

စကားဝိုင်းဆီက စကားလုံးတိုင်းကို နားလည်ဖို့ရာတော့
ငါ့ အသက်က ငယ်လွန်းသေးရဲ့။
ဒါပေမယ့် သူမနဲ့
သူမရဲ့ နှုတ်ခမ်းကွဲအောက်က သွားတွေကိုတော့
ငါချောင်းမကြည့်ဘဲ မနေနိုင်ခဲ့ဘူး။
သူမဟာ ငါ့ ဘ၀မှာ ပထမဆုံးမြင်ဖူးတဲ့ မွေးရာပါ အပေါ်နှုတ်ခမ်းကွဲသူ။

ဟိုအရင် လေးနဲ့မြား ကိုယ်စီကိုင်ရင်း
ငါတို့ ပြေးလွှားခဲ့တဲ့ ကွင်းပြင်ကျယ်
သက်ဆိုင်ရာက ကြံတွေ စိုက်ပစ်တယ်။
သူမအလောင်းကို ကြံစိုက်ခင်းထဲမှာ ရှာတွေ့ခဲ့ကြတယ်။
ပုပ်ပွပြီး ရုပ်ပျက်နေတဲ့ သူမရဲ့ အလောင်း
သူမဟာ ငါ့ဘ၀မှာ ပထမဆုံးသိခဲ့ရတဲ့ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရသူ။
မိန်းမပျိုလေး မိထွေး။
လွန်းဆက်နိုးမြတ်
၁၄.၈.၂၀၁၆
နံနက် ၃း၁၃ နာရီ

လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ

လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ

လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
စာလည်း ဟုတ်တိပတ်တိမတတ်
ဟိုဟိုဒီဒီလည်း မသွားဖူး မလာဖူး
ကိုယ့်မြို့ကိုယ်ရပ်ကွက်မှာပဲ ဟန်တစ်ခွဲသား
လက်လုပ်လက်စား မွေးချင်းများတာကိုပဲ ဂုဏ်ယူမဆုံး

လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
ပြောင်းရွှေ့အခြေချလာသူတွေအပေါ် မရှုစိမ့်
သူတို့အိမ် ဆယ်လုံးကြား
တက္ကသိုလ်တက်နေသူလေးကို မနာလို
သူတို့အိမ် အလုံးတစ်ရာကြား
အိုးအိမ်သစ်ထူထောင်သူမိသားတစ်စု
ဘယ်အလှူအတန်းမဆို မဖိတ်ဘဲ ချန်ထား။

လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
နိုင်ငံရေး နားမလည်။
သူတို့ယောကျာ်းတွေကို ရပ်ကွက်လူကြီးအတင်းဖြစ်ချင်
သူတို့ယောကျာ်းတွေ
လက်ဖက်ရည်ဆိုင်မှာသာ လေပေါ
သံခင်းတမန်ခင်းစကားကျ မပြောတတ်
သံတစ်ချောင်းသာ ဖြောင့်အောင်ရိုက်တတ်မယ်။
သူတို့ယောကျာ်းတွေ
လက်မှတ်တစ်ကြောင်းဖြောင့်အောင် မထိုးတတ်။

လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
ဖုန်အပြားတွေ ကိုင်ပြီး လမ်းသလား
ငွေတိုးချေးစားဖို့ပဲ စိတ်အားသန်
လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
ရင်ခွင်ထဲက ကလေး နို့ကျွတ်ထွက်သွားတဲ့ အထိ
သောက်ပေါကားတွေ ထိုင်ကြည့် တဟားဟားရယ်
လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ
ဒီနိုင်ငံက
လှပပြီး နိမ့်ကျတဲ့ အမျိုးသမီးတွေ။

လွန်းဆက်နိုးမြတ်
၁၀.၈.၂၀၁၆
ည ၇:၃၄ နာရီ

နေ့သစ်ပွင့်ခြင်း

နေ့သစ်ပွင့်ခြင်း

 

ကိုယ့်နေ့သစ်က တစ်ပါးသူနေ့သစ်တွေနဲ့ မတူဘူး။ အပိတ်ကြီး။
ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ နံရံအပိတ်ကြီး ။
ကိုယ့်စာကြည့်စားပွဲပေါ် ပန်းလေးပွင့်နေတယ်။
ဝတ်မှုံပွင့်လွှာမမြင်ရ။ တစ်ပြေးညီပိတ်လျက်ပွင့်နေ။
အိပ်ယာမထခင် စောင်အောက်က
မာတင်းနေတဲ့ ကိုယ့်လိင်တံကိုယ် ဖြဲကြည့်လိုက်တယ်။
အပိတ်ကြီး။
သွားတိုက်ဖို့ မှန်ေ ရှ့ရပ်လိုက်တော့ ကိုယ့်ပါးစပ်အပိတ်ကြီး။
အိမ်သာထဲက ကိုယ်ပြန်ထွက်လာတယ်။
ကိုယ့်စအိုလည်း ပိတ်နေပြီ ။
လမ်းတွေပေါ် ကိုယ်လျှောက်တာနဲ့
နံရံအပိတ်တွေ မြင့်မားလွန်းတာပဲ တွေ့ရတယ်။
ကိုယ်မော့ကြည့်လိုက်တဲ့ ကောင်းကင်ဟာ အပိတ်ကြီး။
ကိုယ်အသက်မရှူနိုင်တာ ဘယ်နှခုနှစ်ကတည်းကလဲ။
ကိုယ့်နှာခေါင်းတွေ အပိတ်။
ကိုယ်မကြားနိုင်တာ ဘယ်ဘဝကတည်းကလဲ။
ကိုယ့်နားတွေ အပိတ်။
ကိုယ် မျက်စိထဲ မြင်နေတာတွေကလည်း
အပိတ်ကြီးထဲကနေ မြင်နေတာ။
တကယ်လို့
ပန်းခြဲံထဲမှာ တစ်စုံတစ်ယောက်နဲ့ အတူတူ
ကိုယ့်အကြောင်းကို ပြောပြနေတဲ့ သတင်းစကားကြားတဲ့အခါ
ကိုယ့်ဘာသာစကားအပိတ်ကြီးကို သတိရပါ။
ကိုယ့်ရဲ့ မတောက်ပတဲ့အပြင်
ကျက်သရေမဲ့ ပြောင်ချောနေတဲ့ အပိတ်ကြီးပေါ့။

 

လွန်းဆက်နိုးမြတ်

mar 31,2016

သတိလည်ခြင်း

သတိလည်ခြင်း

အားလုံးကို ငါပြန်မှတ်မိ။
မဟာပေါက်ကွဲမှု၊ လူသားဘ၀ဆင့်ကဲဖြစ်စဉ်
ကျေးကျွန်များနှင့် စုတ်ချွန်းချွန်းဘုရင်များ အာဏာရှင်ပိရမစ်များ
စောက်ရူးနပိုလီယံ ပထမကမ္ဘာစစ်တရားခံ ဂျာမဏီနဲ့ ဖင်ယားနိုင်ငံများ
( သြစတြီးယား ဆားဘီးယား ဘော့စနီးယား)
ဟိုင်း ဟစ်တလာ- လူထုကြီးရဲ့ လိင်တံတွေ မိုးပေါ်ပင့်မြှောက်လျက်
ဂျူးအသားကင်ညှော်နံ့တလူလူ။
အီးအီကွဲတူအမ်စီစကွဲယားအီကွဲတူအိုင်းစတိုင်းအီကွဲတူအီကွဲတူအီကွဲ…
မာဗယ်ကော့မစ်ဘုတ်ထ်ထဲက လူလွန်မအကောင်တွေရဲ့ ခေတ်ပဲ။
ဒီလိုနဲ့ ကန်တွေပဲ
တစ်လျှောက်လုံး ငပွကြီးလုပ်နေတော့တာပဲ။
တစ်ခုချင်း တစ်ခုချင်း ငါ ပြန်မှတ်မိ။

 

ဆုံးရှုံးခဲ့ရသမျှ ငါပြန်ရရှိ။
အသေဆိုးနဲ့ မွန်ရိုး မိုက်ကယ်ဂျက်ဆင်ရဲ့ ခပ်ရွရွခြေထောက်
ပင်နယ်တီမ၀င်တဲ့ ဘတ်ဂီယို့ဘောလုံး
သေနတ်များနဲ့ ပန်းပွင့်များ အေစီ ဒီစီနှစ်ကာလများ ဟော်တယ်ကယ်လီဖိုးနီးယား
ကလေးရော ခွေးရော ကိုက်ပြီးလက်စပန်းသီးနဲ့မှ အလုပ်ဖြစ်ပုံ။
ဥပုသ်လတွေ နှစ်တိုင်း ကြည်နူးပုံ။
ဘုရားကျောင်းမှန်မှန်တက်ပုံ။
သင်တို့ရဲ့ ဘာသာ လူမျိုး အသားအရောင်
စောက်ရမ်းစောက်ရမ်းစောက်ရမ်းစောက်ရမ်း             ခွဲခြားပုံ။
ကုလားဆိုတာနဲ့ ဓားကြိမ်းကြိမ်းပုံ။
မွတ်စ်ဆိုတာနဲ့ အစွန်းရောက်အဖြစ် ဇွတ်ယူဆလိုက်ပုံ။
တစ်ခုချင်း တစ်ခုချင်း ငါ ပြန်ရရှိ။

လွန်းဆက်နိုးမြတ်
၁၀.၆.၁၆
ည ၁၁း၂၁ နာရီ

ငြီးငွေ့သူတစ်ဦးရဲ့ မှတ်စု

ငြီးငွေ့သူတစ်ဦးရဲ့ မှတ်စု

 

ရွှေတွင်းတွေ
လူတန်းစားကွဲပြားမှုအတွက်
ရွှေတွေ ထွက်မြဲပါပဲ။
အကြမ်းဖက်သတင်းတွေ ရိုးအီလာတယ်။
ကိုယ့်သမီးရင်းနဲ့ ဖြစ်ဖြစ်
မြင်းတစ်ကောင်နဲ့ ဖြစ်ဖြစ်
လိင်ဆက်ဆံတယ်ကြားရလည်း မဆန်းကြယ်။
ကမ်းခြေတစ်ခုပေါ်မှာ
ပင်လယ်ခြားဖြတ်ကျော်ခိုးဝင်လာတဲ့
မှောက်လျက်ကလေးငယ်အလောင်းတွေ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လက်ကမ်းစာစောင်တစ်ရွက်
စက္ကူစွန်ချိုးလွှင့်ပစ်လိုက်တယ်။
လုဟာ
အရာရာကို ငြီးငွေ့ကုန်ခမ်းသွားတဲ့အခါ
ကိုယ့်အသက်ကိုယ်
ပြန်ရန်ရှာတတ်တဲ့ သဘောရှိရဲ့။

 

လွန်းဆက်နိုးမြတ်
၁၇.၅.၁၆
မနက် ၁၂း ၃၅ နာရီ

ချန်ပီယံများ

ချန်ပီယံများ

 

လူထုပန်းခြံလေ။
ဝင်ကြေးက အဆမတန်။
ကိုယ်တို့ ခိုးဝင်ကြတယ်။
ကိုယ်နဲ့ ခေတ်ကြီးရဲ့ ချောက်ကမ်းပါးစွန်းတွေကို
တစ်နည်းနည်းကုပ်တွယ်ထားတဲ့ ရည်းစားသနာတွေနဲ့။

ပန်းတွေဟာ အငွေ့တလူလူပွင့်နေတယ်။
ထီးဖွင့်လျက်သား
ကိုယ့်လိင်တံဟာ ဖွင့်လျက်သား။
အိမ်နဲ့ မိုင်ပေါင်းများစွာ အဝေးက
ပျော်ရွှင်ဖွယ် မကောင်းလှတဲ့ စာသင်ရက်တွေ။
ကွန်ကရိအမိုးကျယ်ကို ခေါင်းတိုက်ဖွင့်နေတဲ့ မိုးပျံပူဖောင်း။
အနာဂတ်မရှိတဲ့ လိင်တံ။

အောက်ခြေ
လူလတ်တန်းစားနှုတ်ခမ်းနီမလေးတစ်ယောက်ဟာ
ကိုယ့်သုတ်တွေကို ထွေးထုတ်လိုက်တယ်။
ကိုယ့်လူငယ်ဘဝကိုယ်
ဘလိပ်ဓားနဲ့ တဇွိဇွိ ပြန်ဆွဲခြစ်နေတဲ့
အညှိုးတကြီးသုတ်တွေ။

နှစ်ပေါင်းများစွာ
ကိုယ်ဟာ ဒလိမ့်ကောက်ကွေး။
စနစ်တွေကလည်း တွန့်လိမ်ကောက်ကွေး။
ပြာနှမ်းမောလျနေတဲ့ တစ်ရက်မှာ
ဝင်ကြေးအခမဲ့ လူထုပန်းခြံဆီ
တအံ့တသြ ကိုယ်ရောက်ရှိလို့သွားရဲ့။

ကောင်းကင်ထဲ ပန်းထွက်နေတဲ့
ရေပန်းမြင့်မြင့်တွေ မြင်လိုက်တော့မှ
ကိုယ့်လိင်တံလည်း
အာဏာရှင်အဖိအနှိပ်ခံ တစ်ထောင့်တစ်နေရာ။
ကိုယ်နဲ့ တွဲခဲ့တဲ့
နှုတ်ခမ်းနီမလေးတွေလည်း
လမ်းခရီးမှာ ပြန်မဆုံတွေ့ရတော့ပါ။

 

လွန်းဆက်နိုးမြတ်

April 4 at 1:26am

ကမ္ဘာ့ကဗျာနေ့ အမှတ်တရ ကဗျာ

ကမ္ဘာ့ကဗျာနေ့ အမှတ်တရ ကဗျာ

ကုလားထိုင်ငါးလုံး

( ၁)
အိမ်နောက်ဖေးမှာ ကုလားထိုင်တစ်လုံး။
အဘွားအိုတစ်ယောက်
တစ်နေကုန် ဗျစ်တောက်ဗျစ်တောက်။

မိုးမလာခင် ဖာထေးရမယ့် ရေတံခွန်တွေ။
ကြွက်တစ်ကောင်ရဲ့ အတ္တုပ္ပတိကို စပါးကျီမှာ ရေးထားတယ်။
စပယ်ပန်းတွေ နို့ဆီဗူးနဲ့ ဘယ်နှလုံးရသလဲ။
စစ်ကြီးကလည်း မပြီးနိုင်သေးဘူး။

( ၂)
အိမ်ရှေ့မှာ ကုလားထိုင်တစ်လုံး။
အမျိုးသမီးတစ်ဦး ဂဏန်းပေါင်းစက်နှိပ်နေ
တဂျောက်ဂျောက်။

စက္ကူတစ်ရွက်ရဲ့ အကောင်းဆုံးအပိုင်းမှာ
မာရ်နတ်ဟာ ရပ်ထ်လေဘယ်လ်လေးတမြမြ
စက္ကူတစ်ရွက်ရဲ့ အညံ့ဆုံးအပိုင်းမှာ
ဘုရားသခင်တဲကုတ်ဟာ မီးအမှိန်ဆုံး။

( ၃)
အိမ်ခြေရင်းမှာ ကုလားထိုင်တစ်လုံး။
စစ်ပြန်တစ်ယောက်
ဖိနပ်တိုက်နေ အကြိမ်ကြိမ်။

လူတွေ သေကြတယ်။
လူတွေ သေကြတယ်။
လူတွေ သေကြတယ်။

( ၄)
အိမ်ခေါင်းရင်းမှာ ကုလားထိုင်တစ်လုံး။
အဘိုးအိုတစ်ဦး ဒိုင်ယာရီရေးနေ
နေ့စဉ်။

ညညဆို အဘွားကြီးက ခြောက်တုန်းပဲ။
စက္ကူရဲ့ အကောင်းဆုံးအပိုင်းဟာ ငွေစက္ကူတွေ ဖြစ်သွား။
အညံ့ဆုံးအပိုင်းက လူမဖတ်တဲ့ စာအုပ်တွေ။
မရှိတော့တဲ့ ခြေထောက်တွေအတွက် ပြောင်လက်နေတဲ့
ဖိနပ်ဦးချွန်ချွန်တွေ။

( ၅ )
အိမ်ထဲမှာ ကုလားထိုင်တစ်လုံး။
ကုလားထိုင်အပေါ်တည့်တည့်မှာ ကြိုးကွင်းတစ်ကွင်း။
ကြိုးကွင်းမှာ လူတစ်ယောက်။
ဘယ်သူဘယ်ဝါရယ်လို့တော့
ပြောဖို့ ခက်ပါတယ်။
တန်းလန်းကြီး။ ။

လွန်းဆက်နိုးမြတ်
၁၉.၃.၁၆
မနက် ၂း ၅၄ နာရီ