လူနှင့် အနုပညာ

လူနှင့် အနုပညာ

 

 

 

၁။            ။ကျွန်တော်ငယ်ငယ်က လသာသော ညများတွင် ကျွန်တော့်အဖေ၏ ချီပွေ့မှုထက်မှနေ၍ လမင်းဆီ မကြာခဏ မော့ငေးကြည့်ခဲ့ ဖူးပါသည်။ ထိုသောအခါတိုင်း အဖေက ကျွန်တော့်ကို ကဗျာတစ်ပုဒ် ရွတ်ဆိုပြလေ့ရှိသည်။ ထိုကဗျာလေးမှာ ကျောင်းသုံးကဗျာလေးတစ်ပုဒ် ဖြစ်ပြီး ကဗျာကိုသော်လည်းကောင်း စာဆိုကိုသော်လည်းကောင်း ကျွန်တော်ကောင်းစွာ မမှတ်မိတော့ပါ။ ယခုအခါ မှတ်မိသလောက် ပြန်ရေး ပြရခြင်းဖြစ်သဖြင့် အနည်းငယ်ကွဲလွဲနေလျှင် ခွင့်လွှတ်ပေးစေလိုပါသည်။

 

မိုးပေါ်မှာ ကြယ်တစ်လုံး

တိမ်ဖုံးပါလို့ လာမသာ

သာတဲ့ခါ သာပါလိမ့်မယ်

နတ်ဒေ၀ါသူဖန်ဆင်း

ဖိုးရွှေလမင်း။        ။

 

ဆိုသော ကဗျာကလေးဖြစ်ပါသည်။ အဖေက ထိုကဗျာကို ရွတ်ပြီးသွားပါက ကျွန်တော့်ကို ပြန်ရွတ်ခိုင်းတတ်ပါသည်။ ထိုအခါ မပီ ကလာပီကလာအသံဖြင့် ထိုကဗျာလေးကို ကျွန်တော်ပြန်ရွတ်ပြရပါသည်။ သို့ရာတွင် ဘာ့ကြောင့်မှန်း မသိပါ။ ကျွန်တော်ပြန်ရွတ်သည့် အခါတိုင်း ထိုကဗျာလေးသည် တစ်မျိုးဖြစ်နေတတ်ပါသည်။ စစချင်းတော့ အဖေသတိမထားမိပါ။ နှစ်ခေါက် သုံးခေါက်လောက်ကျတော့ အဖေသတိထားမိသွားပြီး ရယ်ပါသည်။ အဖေ့ကို ကျွန်တော်ပြန်ရွတ်ပြသော ထိုကဗျာလေးမှာ-

 

မိုးပေါ်မှာ ကြယ်တစ်လုံး

တိမ်ဖုံးပါလို့ လာမသာ

သာတဲ့ခါ သူ့ဘာသာ သာပါလိမ့်မယ်

နတ်ဒေ၀ါသူဖန်ဆင်း

ဖိုးရွှေလမင်း။             ။

 

ဟူ၍ ဖြစ်ပါသည်။

 

၂။            ။နောင်တွင် အထက်ပါအဖြစ်အပျက်ကို  ကြိမ်ဖန်များစွာ ကျွန်တော်ပြန်လည်တွေးတောမိပါသည်။ ထိုစဉ်က ကျွန်တော်သည် ငါး နှစ်သားအရွယ်လောက်သာဖြစ်သောကြောင့် ကဗျာသဘောတရား ကာရန်ကိစ္စစသည်တို့ကို သိမထားခဲ့ပါ။ ကျွန်တော်သိသည်မှာ ထိုကဗျာ က ပေးသော မက်ဆေ့ခ်ျကိုသာ ဖြစ်ပါသည်။

 

မိုးပေါ်မှာ ကြယ်တစ်လုံးရှိသည်။ တိမ်တွေ ဖုံးသွား၍ လက သာမနေခဲ့ပါ။ သာချင်လျှင် သာလိမ့်မည်။ နတ်ဒေ၀တာတို့ ဖန်ဆင်း သော ဖိုးရွှေလမင်းကြီး ဖြစ်သည်ဟု ကဗျာကို အလွယ်ဖွင့်ဆိုနိုင်ပါသည်။

 

သို့ရာတွင် “သာချင်လျှင် သာလိမ့်မည်”ဟု ကဗျာက တိုက်ရိုက်ပေးသော မက်ဆေ့ခ်ျကို ကျွန်တော့်သိမှုက လက်ခံပုံမရခဲ့ပါ။ ကျွန်တော့်သိမှုက “သာချင်လျှင် သာမည်။ မသာချင်လျှင် မသာပါ။” ဒါသည်လမင်း၏ ကိစ္စသာဖြစ်သည်ဟု ဆန့်တွေးကာ ယူဆသည်။ ကျွန်တော်နှင့် မသက်ဆိုင်ဟု ယူဆသည်။ ထိုအယူအဆနောက်တွင် ကျွန်တော်ရွတ်သော ကဗျာက “သာတဲ့ခါ သူ့ဘာသာ သာပါလိမ့်မယ် ” ဟူ၍ဖြစ်သွားပါတော့သည်။

 

ယနေ့အချိန်ထိ ထိုကဗျာကို ရွတ်ဆိုမိတိုင်း “သာတဲ့ခါ သူ့ဘာသာ သာပါလိမ့်မယ်”ဟု ကာရန်ချိုးဖျက်ကာ ကဗျာစည်းကို ဖောက် ရွတ်လိုက်ရမှ ထိုကဗျာကို ကျွန်တော်အပြည့်အ၀ခံစား၍ ရပါသည်။ နဂိုအတိုင်းဆိုလျှင် ထိုကဗျာက ကျွန်တော့်အတွက် မပြည့်စုံသလို ဖြစ်နေ သည်။ ဒါသည်ပင်လျှင် ခံစားသူ၏ အနုပညာလွတ်လပ်ခွင့်ဖြစ်မည်ဟု ထင်ပါသည်။

 

၃။            ။ပလေတိုက ပြောခဲ့ပါသည်။ Art is Mimesis။ အနုပညာဆိုသည်မှာ ပုံတူကူးခြင်းဟူ၍ ဖြစ်ပါသည်။ သူ့ခေတ်သူ့အခါတုန်း ကတော့ အင်မတန်ကျော်ကြားခဲ့သော အနုပညာဆိုင်ရာသဘောတရားတစ်ခုဖြစ်ခဲ့ပါသည်။ ဖြစ်ခဲ့ပါသည်ဟု ကျွန်တော်ပြောပါသည်။ ယနေ့ကာလတွင်မူ အသစ်အသစ်သော အနုပညာဆိုင်ရာသဘောတရားများသည် ကမ္ဘာ့နေရာတိုင်းလိုလိုတွင် ပေါ်ပေါက်နေသည်။ ပလေတို ၏ သဘောတရားကဲ့သို့ အနုပညာကို တရားသေသတ်မှတ်သည့် အယူအဆမျိုးတော့ မဟုတ်ချေ။ အနုပညာမှာ အကျယ်အ၀န်း အကန့် အသတ်မရှိကြောင်းကို ပလေတိုခေတ်လွန်နှစ်ပေါင်းများစွာကြာပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့သော အသစ်အသစ်သော အနုပညာသဘော တရားများက သက်သေခံပြီးဖြစ်ပါသည်။

 

အစာအဟာရအတွက် အစားအသောက်ကို လူ့ခန္ဓာကိုယ်က လိုအပ်သလို လူ့နှလုံးဝိညာဉ်အတွက် အနုပညာသည်လည်း လိုအပ် ပါသည်။ ပြောရလျှင် အနုပညာဟူသည် စိတ်ဝိညာဉ်ဆိုင်ရာကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် အနုပညာအကြောင်းပြောကြဆိုကြရာတွင် သိပ္ပံ နည်းကျလက်တွေ့ဆန်သော ရှုထောင့်မှနေ၍ တရားသေတင်ပြရန်မလွယ်ကူပါ။

 

အနုပညာပစ္စည်းတစ်ခု(ပန်းချီကားတစ်ချပ်၊ ကဗျာတစ်ပုဒ် ၊ ပန်းပုရုပ်တုတစ်ရုပ်)ကို ဖန်တီးသူအနုပညာရှင်နှင့် ထိုအနုပညာပစ္စည်း (ပန်းချီကား၊ ကဗျာ၊ ရုပ်တု)ကို  ခံစားသော အနုပညာခံစားသူတို့နှစ်ဦးမှာပင် ထိုအနုပညာပစ္စည်း(ပန်းချီ၊ကဗျာ၊ရုပ်တု)ကို ရှုမြင် သုံးသပ် ခံစား ကြပုံခြင်း ပုံသေကားကျမတူညီနိုင်ပါ။ ထိုအနုပညာပစ္စည်း (ပန်းချီကား၊ ကဗျာ၊ရုပ်တု)ကို ခံစားရှုမြင်ပုံကွဲပြားသလို တွေးခေါ်ယူဆပုံခြင်း လည်း လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။ ထိုသို့ဖြင့် ကွဲပြားသော အနုပညာရပ်ဆိုင်ရာ သဘောတရားအသစ်အသစ်များသည် ခေတ်အဆက် ဆက်ပေါ်ပေါက်လာခဲ့ကြပါတော့သည်။

 

ကျွန်တော့်အယူအဆအရ မည်သည့်အနုပညာမဆို ခွင်တစ်ခုထဲမှာ ခွေအိုင်မနေပါ။ ပုံသေကားကျဘောင်တစ်ခုထဲမှာ ထိုးထည့် ထား၍ မရပါ။ အနုပညာမှာ အရေးအကြီးဆုံးသည် အနုပညာလွတ်လပ်ခွင့်ပင် ဖြစ်ပါသည်။

 

၎။            ။လူနှင့်တိရိစ္ဆာန်တို့၏ ကြားတွင် ကွာခြားချက်များစွာရှိသည့်အနက် အနုပညာသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ လူတို့သည် မြင်မြင်သမျှအရာအားလုံးတို့ကို စိတ်ဝင်စားသည်။ ခံစားသည်။ လှလျှင် လှသည့်အလျောက်၊ မလှလျှင် မလှသည့်အလျောက်၊ ချစ်လျှင် ချစ်သည့်အလျောက်၊ မချစ်လျှင် မချစ်သည့်အလျောက်။ထိုအရာအပေါ်မှာ တုန့်ပြန်ကြသည်။

 

ဥသြငှက်၏ နာမည်သည် ထိုငှက်အော်မြည်သော ဥသြသံကို အစွဲပြုမှည့်ခေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ အမှန်တော့ ငှက်က ငှက်ပဲ ဖြစ်ပါသည်။ သူ့ဘာသာဘာဝ အော်တတ်သလို အော်ပါသည်။ ဒါကို လူက ခံစားသည်။ ထိုငှက်မြည်သံလေးကို စိတ်ထဲမှာ သဘောကျသည်။ စွဲလမ်းသည်။ ထိုသို့ဖြင့် ထိုဥသြအော်မြည်သံလေးကို အစွဲပြုပြီး ထိုငှက်ကို ဥသြငှက်ဟု အမည်ပေးလိုက်သည်။ ထိုငှက်ကလေးနာမည် ကြားလိုက်ရုံဖြင့် သာယာသော ဥသြသံသည် လူတို့၏ နားထဲသို့ အလိုလိုစီးမျောရောက်ရှိလာသည်။

 

ကျွန်တော်တစ်ခုပြောကြည့်ချင်ပါသည်။ ကျီးကန်းတွေကျတော့ အား အားလို့ အော်တတ်ပါသော်လည်း အား အားငှက်ဟု အမည် မတွင်ခဲ့ပါ။ ပြောလိုသည်မှာ အလှဓာတ်တွင် လူတို့၏ သာယာမှုဖြစ်ပါသည်။  လူတို့၏ စိတ်နားထဲတွင် အား အားဟူသော ကျီးကန်းအသံ သည် မလှပပါ။ နားဝင်ဆိုးပါသည်။ ထိုအသံကို တတ်နိုင်သမျှ မကြားလိုပါ။ အား အားငှက်ဟု အမည်ပေးလိုက်လျှင် ထိုငှက်နာမည် ကြား တိုင်း ထို အားအား အသံကို မသာမယာကြားယောင်နေရပါဦးမည်။ ထို့ကြောင့် ကျီးကန်း၏ အမည်နာမသည် အားအားငှက် ဖြစ်မလာခြင်းဟု သဘောပိုက်ရပါသည်။

 

လူတို့အတွက် ဥသြငှက်ကလေး၏ နာမည်သည် အနုပညာ၏ အလှဓာတ်ဖြစ်နေပါသည်။ ထို့ကြောင့် ရှေးပညာရှိတစ်ချို့က အနုပညာကို ဤသို့ဖွင့်ဆိုခဲ့ကြခြင်းဖြစ်ပုံရသည်။ အနုပညာကိုယ်၌သည် အလှဖြစ်သည်။ အလှမရှိလျှင် အနုပညာမရှိ။

 

၅။            ။အနုပညာ၌ လူတို့တိမ်းမူးသာယာရန် လွယ်ကူသည်ကို သိမြင်ခဲ့ကြပြီးနောက်တွင် အနုပညာကို အသုံးချ၍ အလိုရှိရာဖော်ဆောင် သော ပညာရပ်တစ်မျိုးပေါ်ပေါက်လာခဲ့ပြန်ပါသည်။

 

ယနေ့ခေတ်တွင် ကျွန်တော်တို့ စွဲလမ်းစွာ ကြည့်ရှုနေကြသော ရုပ်မြင်သံကြားကြေညာများသည် ထိုသဘောပင်ဖြစ်ပါသည်။ အနု ပညာကို အသုံးချ၍ ကုန်ပစ္စည်းများကို ကြေညာလာကြသည်။ အနုပညာကို အသုံးချ၍ အားကစားပွဲများ အောင်နိုင်ရန် ကြိုးပမ်းကြသည်။  အနုပညာကို အသုံးချခြင်းဖြင့် စစ်ပွဲများတွင် စိတ်ဓာတ်တို့ တက်ကြွလာစေသည်။

 

ရသအနုပညာ( Fine art)၊ သက်ငြိမ်အနုပညာ( Static Art )၊ လှုပ်ရှားအနုပညာ( Dynamic Art) အစရှိသဖြင့် မှတ်သားခဲ့ရသော အနုပညာများအနက် အသုံးချအနုပညာ(Useful Art)သည် လူတို့နေ့စဉ်တွေ့ထိမှုအများဆုံး အနုပညာအမျိုးအစားတစ်ရပ်ဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ရပါသည်။

 

၆။            ။အနုပညာသမိုင်းကို လည်ပြန်လှည့်ကြည့်လိုက်သောအခါ ခေတ်အဆက်ဆက်အနုပညာရှင်တို့သည် ရှိပြီးသား အနုပညာဟောင်း များကို ချိုးဖျက်ထိုးဖောက်ကာ အသစ်အသစ်သော စမ်းသပ်ဖန်တီးမှုများပြုလာကြရာမှ ခိုင်ခံ့သော အနုပညာသဘောတရားသစ်များ ပေါ် ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

အစောပိုင်းကာလများတွင် အနုပညာသည် ဂန္ထ၀င်မြောက်မှုကို ကိုယ်စားပြုသည်။ အပြင်အပရှုခင်းတစ်ခုနှင့် အနီးစပ်ဆုံး တုပရေး ဆွဲနိုင်လျှင် ထိုပန်းချီကားမှာ ဂန္ထ၀င်မြောက်သည်။ ထိုဂန္ထ၀င်ဝါဒထွန်းကားမှုသည် အလယ်ခေတ်တွင် ဘာသာရေးအလွန်အကျူးကိုးကွယ်မှု များကြောင့်ေ၀၀ါးပျက်ပြယ်သွားခဲ့ရသည်။

 

ထိုမှတစ်ဖန် ရီနေးဆန်းခေတ်ကို ပြန်တည်ထောင်လာပြန်သည်။ တစ်နည်း ပြန်လည်ဆန်းသစ်ခေတ်။ ထိုပြန်လည်ဆန်းသစ်ခေတ် တွင် ဂန္ထ၀င်ဝါဒသည် အသွင်သစ်ဖြင့် ခေါင်းပြန်ထောင်လာသည်။ အနုပညာကို တုပမှုဖြင့် တိုင်းတာလာပြန်သည်။တစ်နည်း ဂန္ထ၀င်ဝါဒသစ်။

ဂန္ထ၀င်ဝါဒသစ်ကို စိတ်ကူးဆန်သည့် ခံစားချက်အသားပေး ရိုမန်တစ်ဝါဒက ချိုးဖောက်အနိုင်ယူသွားပြန်သည်။ အနုပညာသည် အနုပညာအတွက်ဟု ကြွေးကြော်ကိုင်စွဲခဲ့ကြသည်။ ထို့နောက် ရိုမန်တစ်ဝါဒသည်လည်း သရုပ်မှန်ဝါဒအောက်မှာ ကျဆုံးရပြန်သည်။

 

သရုပ်မှန်ဝါဒခေတ်နောက်တွင် မော်ဒန်ပန်းချီဆရာများ ဦးဆောင်မှုဖြင့် မော်ဒန်ခေတ်သည်လင်းပွင့်လာပြန်သည်။ ထို့နောက် လျှင်မြန်စွာ တိုးတက်ရှုပ်ထွေးလာသော မော်ဒန်ခေတ်လွန်နှောင်းပိုင်းသည် ပိုစ့်မော်ဒန်ခေတ်အဖြစ် ခြေချလာရပြန်သည်။

 

အနုပညာသဘောတရားသစ်တစ်ခုဖြစ်ထွန်းပေါ်ပေါက်လာခြင်းသည် လွယ်လင့်တကူကိစ္စမဟုတ်ပါ။ ထိုအနုပညာသစ်ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် အခြေခံသော အကြောင်းတရားများမှာ စုံလင်ထွေပြားပါသည်။ အနုပညာဟောင်းတို့၏ ကြာရှည်လွှမ်းမိုးထားမှုကို မခံလို တော့ခြင်း၊ နိုင်ငံရေးအထက်အောက်ဖိစီးခြင်း၊ နည်းပညာတရားလွန်ဖွံ့ဖြိးမှုနှင့် ရုပ်သဘောဆန်လာခြင်း၊ လူသားဝါဒယုတ်လျော့ကျ ဆင်းလာ ခြင်း၊ လူ့အဖွဲ့အစည်းအတွင်းဝါဒရေးရာတော်လှန်ခြင်း၊လူမျိုးရေးအဆင့်အတန်းခွဲခြားခြင်း စသဖြင့် မရေမတွက်နိုင်သောအ ကြောင်းတရားများ အား အခြေတည်ကာ ပုံစံအမျိုးမျိုးဖြင့် အနုပညာသစ်များပေါက်ဖွားလာခဲ့ကြပါသည်။

 

၇။            ။စာပေမိတ်ဆွေတစ်ယောက်လက်ဆောင်ပေးသဖြင့် ပါဖောမန့်အနုပညာပြပွဲတစ်ခု၏ ဓာတ်ပုံမှတ်တမ်းစာအုပ်တစ်အုပ်ကို ကျွန်တော်ရရှိခဲ့သည်။ မှတ်တမ်းစာအုပ်လေးထဲမှ ပါဖောမန့်ပြုလုပ်နေပုံတွေက အသည်းယားစရာကောင်းနေသည်။ တစ်ကိုယ်လုံးရွှေရောင် သုတ်ထားသော လူတစ်ယောက်က ရွှေရောင်သုတ်ထားသည့် စည်ပိုင်းတစ်လုံးကို ထမ်းနေသည်။ ကိုယ်လုံးတီးယောကျာ်းတစ်ယောက်က ငါးရှည့်တွေအများကြီးကြားထဲမှာ ၀င်လှဲနေသည်။ အိမ်ခေါင်မိုးသွပ်ပြားပေါ် ကိုယ်လုံးတီးယောကျာ်းတစ်ယောက် မှောက်ရက်တက်အိပ်နေ သည်။

 

ကျွန်တော်တို့နိုင်ငံတွင် ပါဖောမန့်အနုပညာပြပွဲတွေ ပြုလုပ်လာကြသည်မှာ သိပ်မကြာလှသေးပါ။ ဘာသာရေးဆိုင်ရာ အထက် အောက်ဖိစီးမှု၊ လူသားဗဟိုပြုဝါဒကို ရွံ့ရှာမှု၊ ရန်လိုခြင်းရိုင်းပင်းခြင်းဆိုင်ရာ စိတ်တွင်းပဋိပက္ခများ၊ သိစိတ်၏ အခြားမဲ့တစ်နေရာကို ဖွင့်ဆိုပြ ခြင်း စသဖြင့် ဖန်တီးပြုလုပ်သူ၏ အနုပညာသဘောထားအမျိုးမျိုးကို အင်မတန်လွတ်လပ်ရဲတင်းစွာဖြင့် ဖန်တီးသူကိုယ်တိုင်ပါဝင် တင်ပြရ သော အနုပညာအမျိုးအစားတစ်ခုဖြစ်သည်။

 

အနုပညာဖန်တီးမှုဆိုသည်မှာ နတ်တို့၏ ပူးဝင်လှုံ့ဆော်မှုကြောင့်ဖြစ်ပေါ်လာရသည်ဟူသော အယူအဆတစ်ရပ် ဂန္ထ၀င်ခေတ်တွင် ထွန်းကားခဲ့ဖူးပါသည်။ ပါဖောမန့်အနုပညာပြပွဲများကိုသာ ထိုခေတ်မှာ သွားရောက်ပြုလုပ်လိုက်လျှင် မည်သို့ဖြစ်လာမည်လဲ ကျွန်တော် မတွေးဝံ့ပါ။ သို့ရာတွင် လက်ရှိအနေအထားအရ လူ့သမိုင်းသည် ထိုခေတ်မှ များစွာလွန်မြောက်ပြီးဖြစ်သဖြင့် ခေတ်သစ်အနုပညာသဘော တရားသစ်တွေ ထပ်မံပေါ်ထွက်လာရဦးမည်မှာ အသေအချာပင်ဖြစ်ပါသည်။

 

၈။            ။တချို့စာအုပ်များထဲတွင် စာရေးဆရာက ထိုဝတ္ထုကို သူမည်သို့မည်ပုံရေးသားဖြစ်ခဲ့ကြောင်း ရှင်းပြချက်အတိုချုပ်ကလေးများအား ထိုဝတ္ထုနှင့်တွဲလျက် ပါရှိတတ်သည်ကို သတိထားမိမည်ထင်ပါသည်။ ကျွန်တော်တစ်ခုစဉ်းစားမိပါသည်။ စာရေးဆရာတို့သည် ရေးသမျှ ၀တ္ထု အားလုံးတို့ကို မည်သို့မည်ပုံရေးသားဖြစ်ခဲ့မှန်း မှတ်မိသိရှိကြပါသလား။ ကဗျာ၊၀တ္ထုအများစုကို မည်သို့ရေးဖြစ်ခဲ့ကြောင်း ပြန်ပြောကောင်း ပြောနိုင်သော်လည်း အားလုံးတော့ မဖြစ်နိုင်ပါ။ အခြားအနုပညာများမှာလည်း ထိုအတိုင်းပင် ဖြစ်ပါလိမ့်မည်။

 

အနုပညာပစ္စည်းတစ်ခုကို ဖန်တီးထုတ်လုပ်ရန် ဖန်တီးသူအနုပညာသမားအား စေ့ဆော်သော အကြောင်းတရားများမှာ လွန်စွာပင် များပြားသည်။အတိအကျပြောဖို့ ခက်ခဲလှပါသည်။ အလကားနေရင်း အနုပညာပစ္စည်းတစ်ခုကို ဖန်တီးဖို့ စိတ်ကူးမရလာနိုင်ပါ။ အကယ်၍ အလကားနေရင် စိတ်ကူးတစ်ခုခုရသည်ဆိုလျှင်လည်း ထိုအထင်မှားပါသည်။ လူသည် မည်သည့်အခါမှ အလကားမနေပါ။ အနည်းဆုံးတော့ လူ့စိတ်သည် ဟိုရောက် ဒီရောက်နှင့် ဟိုတွေး ဒီတွေး ရှိနေတတ်ခြင်းကြောင့် ဖြစ်ပါသည်။

 

“အနုပညာဖန်တီးမှုရဲ့ မူလအစဟာ နက်ရှိုင်းတဲ့ မသိစိတ်ကလာတယ်”

 

ကျွန်တော်ပြောသော စကားမဟုတ်ပါ။ ကမ္ဘာကျော်စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်ပြောခဲ့ခြင်းဖြစ်ပါသည်။ သူ့စကားကို ကျွန်တော် မငြင်းပယ်ပါ။ ငြင်းပယ်နိုင်စရာအကြောင်းလည်း မမြင်မိပါ။

 

၉။            ။တလောတုန်းက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် အမှတ်မထင်ကြည့်ခဲ့ရသော သိပ္ပံသတင်းတစ်ခုကို ကျွန်တော်ပြန်ပြောပြ ချင်ပါသည်။ သတင်းက ထူးထူးဆန်းဆန်း ကိုယ်ပျောက်ဝတ်စုံတီထွင်ထုတ်လုပ်မှုသတင်းဖြစ်သည်။ ကိုယ်ပျောက်ဝတ်စုံပြုလုပ်သော အခြေ ခံအတွေးအခေါ်မှာ ရိုးရိုးကလေးဖြစ်သည်။  ကျောဖက်မှ သွားလာလှုပ်ရှားနေကြသော အရာဝတ္ထုပစ္စည်းများ၊ လူများ၏ ပုံရိပ်များကို ရှေ့ဖက် မှာ ပြန်ပေါ်စေသည်။ ထို့အတူ နောက်ဖက်မှ ကြည့်ပါကလည်း ရှေ့ဖက်မှ ပုံရိပ်များကို ပြန်မြင်အောင် တီထွင်ထားသည်။

 

ထိုသို့ဖြင့် ကိုယ်ပျောက်ဝတ်စုံဝတ်ထားသူ၏ ခန္ဓာကိုယ်သည် မှန်အကြည်တစ်ချပ်လို ဟိုဖက် ဒီဖက် ထွင်းဖောက်မြင်နေရသလိုမျိုး အထင်ရောက်စေသည်။ တီထွင်သည့်နိုင်ငံကို ကျွန်တော်မမှတ်မိတော့ပါ။ ဂျပန်နိုင်ငံဟုထင်ပါသည်။

 

သိပ်မကြာခင်က မဂ္ဂဇင်းတစ်စောင်တွင် တရုတ်နိုင်ငံမှ ပန်းချီပညာရှင်တစ်ယောက်အကြောင်း ဖတ်လိုက်ရပြန်ပါသည်။ ထိုပန်းချီ ပညာရှင်ဖန်တီးထားသော ပန်းချီများမှာ ထူးဆန်းနေသည်။ သူက မြို့ပြနံရံများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ ပိုက်လုံးများ စသည်တို့ကို နောက်ခံထား၍ သူကိုယ်တိုင်ပါဝင်ဖွဲ့စည်းလျက် ပန်းချီကားများအဖြစ်တင်ဆက်ပြသရာမှ နာမည်ရလာသည်ဟု ဆောင်းပါးက ရေးထားသည်။

 

သူ့ပန်းချီကားများထဲတွင် ထိုနောက်ခံအရာများကိုသာ မြင်သာထင်သာအောင်ပြထားပြီး သူကိုယ်တိုင်ကမူ ပုံရိပ်တစ်ခုအနေနှင့် သာ ပါဝင်ဖွဲစည်းထားခြင်းက သူ့ပန်းချီကားများ၏ ထူးခြားမှုဖြစ်နေသည်။

 

ဥပမာ-နံရံတစ်ခုရှေ့တွင် သူရပ်နေသည်ဆိုပါစို့၊ သူ့ခန္ဓာကိုယ်နောက်ဖက်မှာ ကွယ်ကာထားသမျှ နောက်ဖက်နံရံ၏ အရောင်တွေ အတိုင်း သူ့ခန္ဓာကိုယ်ရှေ့ဖက်မှာ ဆေးခြယ်ကာ သူရပ်ပြသည်။ ထိုအခါ ရုတ်တရက်ဆိုလျှင် သူရပ်နေသည်ကို မမြင်ရ။သူက နံရံနှင့်ရောကာ ပျောက်ဆုံးနေသည်။ သေချာကြည့်မှသာ သူ့ကို လူတစ်ယောက်ကောက်ကြောင်းအတိုင်း မြင်ရသည်။ ထိုနည်းဖြင့် သူ့ပန်းချီကားများက ရိုးရိုး လေးနှင့် ဆန်းကြယ်နေသည်။ သူ့ပန်းချီကားများ၏ အဓိကအကြောင်းအရာမှာ ပျောက်ဆုံးခြင်းဖြစ်သည်။

 

၁၀။          ။ကိုယ်ပျောက်ဝတ်စုံပြုလုပ်သော သဘောတရားနှင့် တရုတ်ပန်းချီပညာရှင်သုံးသော သဘောတရားတို့မှာ အခြေခံအားဖြင့်တူညီ နေပါသည်။ အဓိကဖြစ်သော တည်ရှိပြီး အရာဝတ္ထုတစ်ခုကို ပျောက်ဆုံးသွားစေရန် ရည်ရွယ်ဖန်တီးသည့်နေရာတွင် တူညီနေကြပါသည်။

 

သို့ရာတွင် မတူညီပါ။ အကြီးအကျယ်မတူညီပါ။ ရှင်းပါမည်။

 

ကိုယ်ပျောက်ဝတ်စုံမှာ သိပ္ပံပညာအရ စမ်းသပ်တီထွင်မှုတစ်ခုသာ ဖြစ်သည်။ အပြည့်အ၀မအောင်မြင်သေးဟု ဆိုပါသည် သိပ္ပံ ပစ္စည်းဖြစ်သည့်အားလျော်စွာ လက်တွေ့အသုံးချနိုင်ရန် အချိန်များစွာယူရပါဦးမည်။ အကယ်၍ အောင်မြင်သွားပါက လူ့အသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ် တစ်ချိန်ချိန်မှာ အသုံးတွင်ကျယ်ကောင်းတွင်ကျယ်လာနိုင်သည်။ အထူးသဖြင့် စစ်ဖက်ဆိုင်ရာအသုံးအဆောင် ပစ္စည်း တစ်ခုဖြစ်လာနိုင်သည်။

 

တရုတ်ပန်းချီပညာရှင်၏ ပန်းချီပြကွက်မှာ လူ့အသုံးအဆောင်ပစ္စည်းတစ်ခုအတွက် ရည်ရွယ်ခြင်းမဟုတ်ပါ။ မြို့ပြ၏ မွန်းကြပ်မှုများ၊ မိတ်ဆွေအပေါင်းအသင်းများ၏ နားလည်ရခက်မှုများ၊ အချိန်ကာလတရား၏ မတည်မြဲမှုများ စသည်တို့ကြားတွင် လူသား တစ်ယောက်၏ ဖြစ်တည်မှုပျောက်ဆုံးနေပုံကို အရိုးရှင်းဆုံး သရုပ်ဖော်ထားသော ပန်းချီပြကွက်များပင် ဖြစ်လေသည်။ တစ်နည်းအားဖြင့် ဒါသည်ပင် အနုပညာဖြစ်သည်။ ကိုယ်ပျောက်ဝတ်စုံကဲ့သို့ လူ့အသုံးအဆောင်ပစ္စည်းတစ်ခုဖန်တီးပြုလုပ်သည်ထက် လွန်စွာကျယ်ပြန့်သော သဘောတရားများစွာကို ထိုပန်းချီပြကွက်များထဲတွင် ကျွန်တော်တွေ့မြင်ခံစားခဲ့ရပါသည်။

 

၁၁။          ။လောကနတ်ပန်းချီပြခန်းမှာ newzero ကျင်းပပြုလုပ်သော New Media Art Show ဆိုသည့်ပွဲကလေးကို ကျွန်တော်သွားကြည့် ဖြစ်ခဲ့သည်။ အနုပညာကြားခံမီဒီယာသစ်တွေသုံးပြီးတင်ပြထားသော အနုပညာပြပွဲလေးတစ်ခုဖြစ်ပြီး ကမ္ဘာသစ်တစ်ခုပေါ် ရောက်ရှိသွားသလို ခံစားမှုမျိုးကို ရပါသည်။

 

“New Media Art ဆိုတာ အနုပညာကြားခံသစ်တွေ၊ နည်းပညာသစ်တွေနဲ့ ပေါင်းစည်းဖန်တီးတင်ပြတဲ့ အနုပညာ ဖြစ်ပြီး digital art, computer graphic, computer animation, virtual art, internet art, interactive art, computer robotics တွေပါဝင်နေတဲ့ အပြင် ဇီဝနည်းပညာလို့ခေါ်တဲ့ biotechnology တွေပါ ပေါင်းစပ်ပါဝင်နေပါတယ်။ New Media Art ဆိုတဲ့အတိုင်း အနုပညာ ကြားခံတွေများပြားသလို နည်းပညာသစ်တွေ ပေါင်းစုလာတာ ကြောင့် နက်နဲရှုပ်ထွေးလာတယ်လို့ ဆိုနိုင်ပါတယ်”

 

 

ပြပွဲမှတ်တမ်းစာအုပ်အဖွင့်မှာ ဆရာနိုင်စွမ်းက ရေးသားထားတာဖြစ်ပါသည်။ အကြောင်းတိုက်ဆိုင်သဖြင့် ထိုစာအုပ်ကလေးပေါ်မှ newzero ၏ ကြွေးကြော်သံဆန်သောစာစုကလေးကို တင်ပြရင်း ကျွန်တော့်ဆောင်းပါးကို နိဂုံးချုပ်ပါမည်။ ထိုကြွေးကြော်သံသည် အနုပညာ ရပ်အသစ်ကို ဆာလောင်သော အနုပညာသမားအားလုံးကို ကိုယ်စားပြုသော အသံဟု ကျွန်တော် ယုံကြည်သောကြောင့် ဖြစ်ပါသည်။

 

ကျွန်တော်တို့ဟာ အနုပညာကို

လက်နဲ့ ပုံတူကူးယူခြင်းမဟုတ်ပါ…

ကျွန်တော်တို့ဟာ ဘ၀နဲ့ရင်းပြီး ရရှိလာတဲ့

ခံစားချက်များကို နှလုံးသားနှင့်

ခံစားပြီး ဦးနှောက်ထဲက အတွေးအခေါ်များနှင့်

ပေါင်းစပ်ကာ အနုပညာကို ဖန်တီးခြင်းဖြစ်တယ်…

 

We don’t create art

by duplicating or copying.

We just create art by emerging

two things, heartfelt feeling obtained

from our very heart and ideas standing out

from our thoughtful brain.

 

 

လွန်းဆက်နိုးမြတ်

၉.၁၀.၁၁

မနက် ၀၃း၁၀နာရီ

 

လူနှင့်အနုပညာစာအုပ်

The bookhouse စာစဉ်

၂၀၁၂၊ဖေဖော်ဝါရီ

Image source: ImaginaryClouds Mmblogger

Artical source:http://www.facebook.com/notes/%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%86%E1%80%80%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%B8%E1%80%BB%E1%80%99%E1%80%90%E1%80%B9/%E1%80%9C%E1%80%B0%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%82%8F%E1%80%AF%E1%80%95%E1%80%8A%E1%80%AC/293769980709691

ယနေ့မြန်မာကဗျာယဉ်ကျေးမှုအရွေ့

ယနေ့မြန်မာကဗျာယဉ်ကျေးမှုအရွေ့

 

မည်သည့်အနုပညာရပ်မဆို ရွေ့လျားပြောင်းလဲတတ်တဲ့ သဘာဝရှိတယ်။

အထူးသဖြင့် အဲဒီ့အနုပညာရပ်ဟာ အတွင်းပိုင်းအနှစ်သာရအနေနဲ့ တဖြည်းဖြည်းချင်းလျော့ရဲပွန်းရှဖန်များ လာတဲ့အခါမှာ အနုပညာကို ဖန်တီးသူ(၀ါ) ပြုလုပ်သူ(၀ါ)ထုတ်လုပ်သူဟာ အဲဒီ့အနုပညာအပေါ်မှာ သေသေချာ ချာကို ပျင်းရိညည်းငွေ့လာတော့တာပါပဲ။ ဒီလိုအချိန်မျိုးကို ရောက်ပြီဆိုရင် အနုပညာရှင်တွေဟာ မူလပြဌာန်း ထားပြီးသား အများစုလက်ခံကျင့်သုံးရာ အစဉ်အလာအနုပညာဟောင်းတွေကို ဖြိုခွဲဖောက်ထွက်နိုင်တဲ့ အနုပညာရပ်အသစ်ကို ဆာလောင်လာတတ်ကြပါတယ်။ အဲဒီမှာတင်  ရှိရင်းစွဲအနေအထားထက် ပိုပြီး လတ်ဆတ်တဲ့ ဖန်တီးမှုအသစ်/ပြုလုပ်မှုအသစ် /ထုတ်လုပ်မှုအသစ်တွေကို အနုပညာရှင်တွေဟာ ဖော်ထုတ်ဖို့ ကြိုးစားလာပါတော့တယ်။ ဖန်တီးမှုအသစ်/ပြုလုပ်မှုအသစ်/ထုတ်လုပ်မှုအသစ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားလာ တယ်ဆိုရာမှာလည်း လွယ်လင့်တကူတော့မဟုတ်ပါဘူး။ ပြဿနာတွေက ရှိနေပါတယ်။ အဲဒါကတော့ အနုပညာအသစ်ကို ဖန်တီးပုံဖော်ရာ မှာ ဘယ်နည်းဘယ်ပုံဖန်တီးမှာလဲ။ ဘယ်လိုမီဒီယာတွေကို သုံးပြီး ပြုလုပ် မှာလဲ။ ကုန်ချောအဆင့် ရောက်အောင် ဘယ်လို ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်မှာလဲ…စတဲ့ ပြဿနာတွေပါပဲ။

 

၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်လောက်က မြစ်ဖျားခံခဲ့ပြီး မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ လက်ရှိအချိန်ထိ အတွေ့ အမြင်များဆဲ/အများစုလက်ခံဆဲ/တစ်နည်းအားဖြင့် အများစုရုန်းမထွက်နိုင်ဆဲ(တချို့ဆိုရင် ရုန်းထွက်ရကောင်း မှန်းတောင်မသိဘဲ ပျော်ပျော်ကြီး ရေးသားနေဆဲ)ရှိတဲ့ ခေတ်ပေါ်ကဗျာအနုပညာရပ်ဟာ အထက်မှာ ပြောခဲ့သ လိုပဲ အတွင်းပိုင်းအနှစ်သာရယုတ်လျော့ကျဆုံးမှုကို တည့်တည့်ကြီး ရင်ဆိုင်ကြုံတွေ့နေရတာ  နှစ်ကာလ တောင် နည်းနည်းကြာလာခဲ့ပါပြီ။ ဒီလိုမျိုး ခေတ်ပေါ်ကဗျာရဲ့ အတွင်းပိုင်းအနှစ်သာရယုတ်လျော့ကျဆင်း လာမှုကို သိမြင်လာပြီးနောက်ပိုင်း ဒီဖက်နှစ်တွေမှာ  အနည်းစုသော ကဗျာအနုပညာရှင်တချို့ဟာ မူလလမ်း ကြောင်းနဲ့ မတူညီတဲ့ လတ်ဆတ်တဲ့ အနုပညာရပ်တွေကို တင်ပြဖို့ အားထုတ်လာကြပါတယ်။ အားထုတ်သ လောက်လည်း အတိုင်းအတာတစ်ခုထိ ရောက်ခဲ့ကြပါတယ်။ အသံထွက်အကျယ်ဆုံးနဲ့ အအောင်မြင်ဆုံးလို့ ပြောရမယ့် ကဗျာအနုပညာရှင်ကတော့ အားလုံးသိတဲ့အတိုင်း ဆရာဇေယျာလင်းပဲဖြစ်ပါတယ်။ ဆရာဇေယျာ လင်းဟာ  LPနဲ့ PLP ဆိုင်ရာသဘောတရားများစွာနဲ့ ကဗျာများစွာ။ နောက် LPနဲ့ PLP မဟုတ်တဲ့ အဆြးကဗျာ ဆိုင်ရာပင်ကိုယ်ရေး/ဘာသာပြန်ဆောင်းပါးများနဲ့ ကဗျာများစွာကို ဒီဖက်နှစ်တွေမှာ  တစိုက်မတ်မတ် ရေးသား ဖြန့်ဖြူးခဲ့/ဖြန့်ဖြူးနေဆဲ ကဗျာအနုပညာရှင်တစ်ယောက်ပါ။ ဒီနေရာမှာ အရေးကြီးတာတစ်ခု ပြောလိုတာက တော့ ဆရာဇေယျာလင်းတင်သွင်းလာတဲ့ LPနဲ့ PLP နည်းနာတွေအတိုင်း မြန်မာကဗျာရေးသူအားလုံး လက်ခံ ကျင့်သုံးပြီး လိုက်လံတုပရေးသားနေကြတာမျိုး မဟုတ်ပေမယ့်လည်း ရိုးအီနေတဲ့ ခေတ်ပေါ်ကဗျာလမ်းကြောင်း ကို လမ်းသစ်ဆီ ရွေ့လျားဖို့ရာ အတွက်တော့ ဆရာဇေယျာလင်းရဲ့ ဆောင်းပါးတွေနဲ့ ကဗျာဆိုင်ရာအရေးအ သားတွေဟာ အတိုင်းအတာတစ်ခုထိအောင် ကောင်းကောင်းကြီး ထောက်ကူပံ့ပိုးပေးနိုင်တာကို တွေ့ခဲ့ရတယ် ဆိုတာပါပဲ။

 

မူလမြန်မာခေတ်ပေါ်ကဗျာလမ်းကြောင်းကနေ နောက်ထပ်လမ်းကြောင်းသစ်ဆီ ရွေ့လျားဖို့ စေ့ဆော်ပေးနိုင် ခဲ့တဲ့ အခြားကဗျာဆရာတစ်ယောက်ကတော့ ဆရာငြိဏ်းဝေပဲဖြစ်ပါတယ်။ ဆရာငြိဏ်းဝေ အစဉ်တစိုက်ယုံ ကြည်စွာနဲ့ ရေးသားခဲ့/ဆဲ Conceptual Poetry ဆိုင်ရာ ဆောင်းပါးများဟာလည်း ယနေ့မြန်မာကဗျာယဉ်ကျေး မှုအရွေ့အတွက် လတ်ဆတ်တဲ့ လမ်းကြောင်းသစ်ဖော်ဆောင်မှုတွေအဖြစ် မြင်တွေ့ခဲ့ကြ/ မြင်တွေ့နေဆဲ ဖြစ်ပါ တယ်။ ဒါ့အပြင် AGMP ရဲ့ကဗျာအနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် ဆရာသစ္စာနီလက်ကမ်းဝေတဲ့ လှိုင်းသစ် မဂ္ဂဇင်းပါ Post Poetry ကဗျာဆောင်းပါး တွဲတွေ။ဆရာမင်းခက်ရဲနဲ့ ဆရာစေတတို့ရဲ့ မဂ္ဂဇင်းတချို့မှာ ပါရှိတဲ့ ကဗျာဆိုင်ရာယူဆချက်တွေ စတဲ့ ကဗျာဗေဒ အယူအဆရေးရာတွေကလည်း မြန်မာကဗျာယဉ်ကျေးမှုအရွေ့ အပေါ်မှာ အပြုသဘောသက်ရောက်ခဲ့တာကို တွေ့ရှိခဲ့ကြရပါတယ်။ ဒီဖက်နှစ်ပိုင်းမှာ ကဗျာလေ့လာမှု ဆောင်းပါးတွေ အဆက်မပြတ်ရေးလာတဲ့ ဆရာသူရနီရဲ့ ဆောင်းပါးတချို့ထဲမှာလည်း မြန်မာကဗျာအရွေ့ကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း ဆရာအောင်ရင်ငြိမ်းလှုပ်ရှားနေတဲ့ နီယိုမော်ဒန်ကဗျာဗေဒတွေဟာ လည်း အခြေအမြစ်ကျနမှုရှိခြင်း မရှိခြင်း အများစုလက်ခံခြင်း လက်မခံခြင်း အငြင်းပွားမှုများစွာ ရှိနေတဲ့ကြား ကပဲ ယနေ့ကဗျာလမ်းကြောင်းအရွေ့ထဲမှာ ရိုက်ခတ်နေဆဲရှိတာကို မြင်တွေ့ရမှာဖြစ်ပြီး နီယိုမော်ဒန်ရဲ့ အရွေ့ ကိုလည်း ဆက်လက်စောင့် ကြည့်ရပါဦးမယ်။ ဒီကာလကြားထဲမှာ ဆရာမင်းခက်ရဲရဲ့ “မောင်ချောနွယ်လေ့လာ ချက်”စာအုပ်ထွက်လာပြန်တော့ ခေတ်ပေါ်ကဗျာမှာ အထင်ကရ နာမည်ကြီး မြန်မာကဗျာဆရာတစ်ယာက်ရဲ့ ဆင့်ကဲကဗျာအရွေ့တွေကို အလွယ်တကူရှုမြင်သုံးသပ်နိုင်ခဲ့ပါတယ်။

 

အထက်ပါကဗျာဗေဒဆိုင်ရာ လှုပ်ရှားမှုတွေအပြီးမှာ ဆက်လက်သုံးသပ်ပြလိုတာကတော့ မူလခေတ်ပေါ်ကဗျာ ရေးသားမှုပုံစံကနေ  သိသာတဲ့ ကဗျာအရွေ့တစ်ခုဆီဦးတည်ပြီး လမ်းကြောင်းသစ်ခွဲထွက်ထားတဲ့ အရေးအ သားစူးစမ်းရှာဖွေမှုတွေ ပြုလုပ်နေတဲ့ ကဗျာဆရာတွေနဲ့ ကဗျာစာအုပ်တွေ အကြောင်းပါ။ အားအကောင်းဆုံး အဖွဲ့အနေနဲ့ကတော့  ဆရာဇေယျာလင်းရဲ့ LPနဲ့ PLP  နည်းနာတွေကို ရှိပြီးသားပင်ကိုယ်ပါရမီနဲ့ ရောစပ်မွှေ နှောက်ပြီး အရေးအသားပုံစံသစ်တင်ပြလာကြတဲ့ ဆရာဇေယျာလင်းအပါအ၀င် ဆရာဇေယျာလင်းအနီးအနား က ကဗျာဆရာတွေပါပဲ။ သိတဲ့အတိုင်း ဒီအပိုင်းမှာ ဇေယျာလင်း၊မိုးဝေး၊၀င်းမြင့်၊ မောင်ယုပိုင်၊သည်မော်နိုင်၊ မောင်ဒေး၊အောင်ပြည့်စုံနဲ့ လင်းဝေးခက် စတဲ့ကဗျာဆရာတစ်ချို့ ပါဝင်ကြပါတယ်။ သူတို့အထဲက ဇေယျာလင်း၊ မိုးဝေး၊မောင်ယုပိုင်၊သည်မော်နိုင်နဲ့မောင်ဒေးတို့ဟာ တစ်ကိုယ်တော်အနေနဲ့လည်း ကဗျာစုစည်းမှု စာအုပ်တွေ ထုတ်ဝေခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီ့ကဗျာစာအုပ်တွေထဲမှာလည်း (လုံးဝ)ဆန်းသစ်လတ်ဆတ်တဲ့ ကဗျာအရေး အသားဆိုင်ရာ စူးစမ်းဖော်ထုတ်မှုများစွာ ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။ ဆရာဇေယျာလင်းအ၀ိုင်းအ၀န်း ကမဟုတ်ပေမယ့် အလားတူ မူလခေတ်ပေါ်ကဗျာတွေကနေ သိသိသာသာ ကွဲပြားတဲ့ အရေးအသားပုံစံသစ် များ ပါရှိတဲ့ ခရမ်းပြာထက်လူ၊စိုင်းဝင်းမြင့်၊ လူဆန်းနဲ့ မြေမှုန်လွင်တို့ရဲ့ တစ်ကိုယ်တော်ကဗျာစုစည်းမှုစာအုပ် တွေကိုလည်း ဖတ်ရှုလေ့လာခဲ့ရပါတယ်။ အခြားတစ်ကိုယ်တော်ကဗျာစုစည်းမှုတွေအဖြစ် ပင်ကိုယ်အနုပညာနဲ့ ကိုယ်ပိုင်ဟန်ခိုင်ခိုင်မာမာရှိထားတဲ့ ခေတ်ပေါ်ကဗျာသူရဲ ကောင်း(ဦး)အောင်ချိမ့်အပါအ၀င် နေမျိုး၊စန်းဦး၊ မင်းထက်မောင်၊ ဟိန်းမြတ်ဇော်၊ခိုင်မြဲကျော်စွာ၊မောင်ဖီလာနဲ့ ကြည်ဇော်အေးတို့ရဲ့ ကဗျာစာအုပ်တွေမှာတော့ အရေးအသားပုံစံသိသိသာသာပြောင်းလဲမှုတွေ မတွေ့ရပေမယ့် ဟိုယခင်ခေတ်ပေါ်ကဗျာတွေနဲ့တော့ လေသံ၊ ဟန်ပန်အတော်လေးကွဲပြားလာတာကို သတိထားမိခဲ့ပါတယ်။ အစုအဖွဲ့လိုက်ထုတ်ဝေတဲ့ ကဗျာစာအုပ်များ အနေနဲ့လည်း တစ်ယောက်ချင်း၊နာမ်၊ (ဆိုးရွားစွာ) “ထိ”“ခိုက်” (စေ) “နိုင်”ပါသည် စတဲ့ကဗျာစာအုပ်တွေ ထဲက အရေးအသားတစ်ချို့ဟာ ယနေ့မြန်မာကဗျာယဉ်ကျေးမှုအရွေ့ဆီ ဦးတည်နေတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အရေးအသားဆိုင်ရာ ကြီးမားတဲ့ ချိုးကွေ့မှုမျိုးနဲ့ စူးစမ်းအားထုတ်နေတဲ့ ခင်အောင် အေး၊ မောင်ပြည့်မင်းစတဲ့ ၀ါသမ္ဘာရင့် ကဗျာဆရာကြီးတွေရဲ့ ကဗျာတွေကိုလည်း ဒီကာလတွေမှာ လေ့လာဖတ် ရှုခွင့်ရခဲ့ပါသေးတယ်။

 

ဒါတင်မကသေးပါဘူး။ လက်ရှိအချိန်မှာ ကဗျာစာအုပ်အနေနဲ့ သီးသန့်ထုတ်ဝေမှုကျဲပါးပေမယ့်လည်း မဂ္ဂဇင်းစာ မျက်နှာထက်တွေပေါ်ကနေပြီး ဆန်းသစ်တဲ့ ရေးဟန်ရှာဖွေတင်ဆက်မှုတွေ ဖန်တီးထုတ်လုပ်နေတဲ့ ကဗျာရေး သူတွေရှိပါသေးတယ်။ အနည်းငယ်ထုတ်နုတ်ပြောရရင် ကိုရွေး၊ မင်းထင်ကိုကိုကြီး၊ငုအိမ်ထက်မြက်၊အောင် ခိုင်မြတ်၊အောင်ရင်ငြိမ်း၊ ဇော်လူစိမ်း၊ဘုန်းနေသွန်း၊ စိုးမင်းအောင်၊ လင်းသဏ်ညီ၊သူရနီနဲ့ အခြားကဗျာဆရာအ နည်းငယ်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ရေးဟန်တွေမှာ မူလခေတ်ပေါ်ကဗျာရဲ့ အငွေ့အသက်တွေ လုံးဝနည်းပါး ကင်းစင်အောင် အားထုတ်နေသူတွေရှိသလို(ဥပမာ-ကိုရွေး၊မင်းထင်ကိုကိုကြီး၊ငုအိမ်ထက်မြက်၊ဇော်လူစိမ်း) မူလခေတ်ပေါ်ကဗျာရဲ့ အငွေ့အသက်တစ်ဝက်တစ်ပျက်ရောယှက်ပါဝင်နေသေးတဲ့(ဥပမာ-အောင်ခိုင်မြတ်၊ အောင်ရင်ငြိမ်း၊လင်းသဏ်ညီ)တို့ရဲ့ ကဗျာလက်ရာများကိုလည်း မြင်တွေ့နေရပါတယ်။ ရှိရင်းစွဲ မူလခေတ်ပေါ် ကဗျာကနေ ပုံသဏ္ဍန်အားဖြင့်လောက်သာ သိသိသာသာကွဲပြားပြီး အနှစ်သာရအားဖြင့် သိသာတဲ့ ကွဲပြားမှုမျိုး မတွေ့ရသေးတဲ့(ဥပမာ-ဘုန်းနေသွန်း၊ စိုးမင်းအောင်၊ သူရနီ)တို့ရဲ့ ကဗျာလက်ရာများကိုလည်း တွေ့ရှိနေပါ တယ်။ ဒီနေရာမှာ ရေးဟန်တွေကို ခွဲခြားပြခြင်းဟာ ကဗျာနဲ့ကဗျာဆရာ အဆင့်အတန်း ခွဲခြားပြလိုတဲ့ သဘော မဟုတ်ပါဘူး။ လက်ရှိမြန်မာကဗျာယဉ်ကျေးမှုအရွေ့ထဲမှာ ပါဝင်ရေးသားနေတဲ့ ကဗျာဆရာတွေနဲ့ ကဗျာတွေရဲ့ ဖြစ်တည်မှုအနေအထားဟာ မူလခေတ်ပေါ်ကဗျာကနေ ဘယ်အတိုင်းအတာထိ သွေဖည်ကွဲပြားနေခဲ့ပြီလဲ။ ကြာဟောင်းစွာ ခေတ်တစ်ခေတ်ကို အခိုင်အမာစိုက်ထူပြီးခဲ့တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာကနေ လက်ရှိမြန်မာ ကဗျာရေးဟန်တွေဟာ ဘယ်အခြေအနေထိ သစ်လွင်လတ်ဆတ် နေပြီလဲ။ဘယ်ကဗျာဆရာ တွေကရော ပင်မရေစီးခေတ်ပေါ်ကဗျာရေးဟန်တွေကိုကျောပေးပြီး ဘယ်အကွာအဝေးမှာ ခြေချထားပြီလဲဆိုတဲ့သဘောကို ထင်သာမြင်သာတဲ့ ကဗျာဆရာတွေနဲ့ ယှဉ်တွဲတင်ပြလိုရင်းသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အထက်ပါကဗျာ ဆရာတွေဆီက ထပ်မံမျှော်လင့်ခြင်းလည်း မည်ပါတယ်။

 

 

နောက်ဆက်တွဲပြောလိုတာက အွန်လိုင်းမှာ ကဗျာရေးသားနေကြတဲ့ဘလော့ဂ်ဂါတွေအကြောင်းပါ။ အွန်လိုင်း မီဒီယာကို အားပြုပြီး ကဗျာအနုပညာ ရေးသားထုတ်လုပ်နေကြတဲ့ ဘလော့ဂ်ဂါတွေဟာ မရေမတွက်နိုင်ဘဲ ပုံစံမျိုးစုံအောင်ရှိနေကြပါတယ်။တစ်ယောက်ချင်းလည်း ရှိသလို အစုအဖွဲ့လိုက်လည်း ရှိကြပါတယ်။ ကဗျာ တစ်ပုဒ်ဖြစ်လာအောင် ဟိုရောက် ဒီရောက် ကလေးအထာလောက်ပဲရေးတတ်တဲ့ ဘလော့ဂ်ဂါတွေ ရှိသလို အရည်အသွေး မြင့်မြင့် တန်းမှီ စံမှီ တီထွင်စူးစမ်းရေးသားနေကြတဲ့ ဘလော့ဂါတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ဇေယျာလင်း၊အောင်ရင်ငြိမ်း၊ မောင်ယုပိုင်၊နေ၀ိုင်ဝိုင်၊ လွန်းဆက်နိုးမြတ်၊မိုးလှိုင်ည၊kzကေ၊အောင်ပိုင်စိုး၊ သူရနီ၊ ဘုန်းနေသွန်း၊ တည်ရ၊ နွယ်စိမ်းဝေ၊မြတ်ဝေ၊မနော်ဟရီ၊အိန္ဒြာ…စသဖြင့် မဂ္ဂဇင်းစာမျက်နှာပေါ်ကနေ အွန်လိုင်း စာမျက်နှာပေါ် နယ်ပယ်ချဲ့ထွင်ထားကြတဲ့ ကဗျာဆရာ/မတွေရဲ့ ဘလော့ဂ်တွေကိုလည်း တွေ့ရတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ အွန်လိုင်းစာအုပ်တွေပေါ် ပြောက်ကျား ရောက်လာတတ်တဲ့ သစ္စာနီ၊ခင်အောင်အေး၊ မောင်လင်းရိပ်၊လင်းဝေးခက်၊ မြေမှုန်လွင်တို့လည်း ရှိနေပါတယ်။ ဘလော့ဂ်စာမျက်နှာတွေကနေတဆင့် မဂ္ဂဇင်း စာမျက်နှာပေါ်ရောက်လာတတ်တဲ့ သိုးထိန်း(အန္တိမ)၊မောင်ဖုန်းမြင့်၊ မင်းစိုးရာ၊zephy၊သူရဿ ၀ါအစရှိတဲ့ ဘ လော့ဂ်ဂါတွေကိုလည်း တွေ့ရပါတယ်။ အွန်လိုင်းမီဒီယာမှာ တစိုက်မတ်မတ် ကဗျာရေးဖွဲ့နေတဲ့ အခြားဘ လော့ဂ်ဂါများကတော့ ကမ်းယံ၊ညိမ်းညို၊သီဟသူ၊ ပန်ဒိုရာ၊အမရာ၊ လင်းဒီပ၊မယ်ကိုး၊လင်းပြာနွေ၊မြစ်ကျိုးအင်း၊ သုမင်းညို၊ သုအိုင်စံ၊ ဂျွန်မိုးအိမ်၊ဇာတိ၊လင်းထက်၊nelay၊နေည၊ နေ့သစ်၊မောင်နေမြဲ၊ပန်းချီ၊ ဖိုးခွား၊ မင်းယွန်း သစ်၊မောနွေ၊ မောင်ရင်ညို၊သောတ…စသဖြင့် မရေမတွက်နိုင်အောင် များများစားစားတွေ့မြင်နိုင်ပါတယ် ။ အစုအဖွဲ့လိုက်ရေးသားကြတဲ့ ဘလော့တွေကိုပြောရရင် တောကျောင်းဆရာ၊burmesepoetryfoundation၊ Plus equals Minus (pems kool)၊တစ္ဆေကဖီးစတဲ့ ဘလော့ဂ်များဟာ ကဗျာရေးရာနဲ့ပတ်သတ်ပြီး အတော် ကလေးအားထုတ်နေတဲ့ ကဗျာအနုပညာဆိုင်ရာဘလော့ဂ်များဖြစ်ကြပါတယ်။ (ဆိုးရွားစွာ) “ထိ”“ခိုက်” (စေ) “နိုင်”ပါသည် ကဗျာစာအုပ်မှာ ပါဝင်ရေးသားကြတဲ့ တေလေ၊လင်းနီညိုနဲ့ လင်းရမ္မာတို့ဟာ Plus equals Minus(pemskool) ဘလော့ဂ်မှာ စုဖွဲ့ရေးသားကြတဲ့ ဘလော့ဂ်ဂါလူငယ်ကဗျာဆရာတွေထဲမှ တချို့တစ်ဝက် ပဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့နိုင်သေးတဲ့ ထင်ရှားတဲ့ သက်တမ်းရင့်ဘလော့ဂ်တစ်ခုကတော့ လမ်းအိုလေး ဆိုတဲ့ ကဗျာအသားပေးရသစာပေဘလော့ဂ်ပါပဲ။ခြုံကြည့်မယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာ ရေးသားကြတဲ့ ဘလော့ဂ်ဂါတွေရဲ့ ကဗျာလက်ရာအများစုဟာ မူလခေတ်ပေါ်ကဗျာရဲ့ အရိပ်သြဇာနဲ့လုံးလုံး မကင်းလွတ်သေး တဲ့ အခြေအနေကို တွေ့ရပါတယ်။ တကယ်တမ်း ကဗျာရေးသားနေကြတဲ့ ဘလော့ဂ်တွေရဲ့ အရေအတွက်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အားရစရာကောင်းတဲ့ ဘလော့ဂ်အရေအတွက်ဟာလည်း အင်မတန်မှကိုပဲ နည်းပါးလွန်း နေပါသေးတယ်။ ဒါပေမယ့်လည်း မီဒီယာပိုင်းဆိုင်ရာ လွတ်လပ်အလေးသာမှုရှိနေတဲ့ အတွက် အနာဂတ်မှာ အားရစရာကောင်းတဲ့ ကဗျာရေးရာဘလော့ဂ်တွေ ထပ်မံပေါ်ထွက်လာနိုင်ချေရှိနေတာကိုလည်း သတိပြုရပါ လိမ့်မယ်။

 

တစ်ဆက်တည်း ယနေ့မြန်မာကဗျာနဲ့ပတ်သတ်ပြီး ပြောရရင် မီဒီယာနယ်ပယ်ချဲ့ထွင်မှုတွေကျယ်ပြန့်လာ သလောက် ကဗျာဗေဒဆိုင်ရာ တွေးခေါ်ယူဆချက်တွေကလည်း ဟိုယခင်ခေတ်ပေါ်ကဗျာပေါ်ပေါက်စကာ လတွေတုန်းကလိုမဟုတ်တော့ဘဲ အလွန်တရာ မှန်းဆခက် ရှုပ်ထွေးေ၀၀ါးလာတဲ့ အခြေအနေတစ်ခုကို ဆိုက် ရောက်လာတယ်လို့ ဆန်းစစ်မိပြန်ပါတယ်။ မီဒီယာတွေကနေတဆင့် နိုင်ငံရေးအပြောင်းအလဲတွေ၊ စီးပွားရေး အကျပ်အတည်းတွေ၊လူမှုကွန်ယက်တွေ၊အလျင်အမြန်တိုးတက်နေတဲ့ နည်းပညာတွေ၊နျူစွမ်းအင်နဲ့ ရေနံဈေး ကွက်လုယက်မှုတွေ၊ နိုင်ငံအချင်းချင်း အပြိုင်အဆိုင်စုံစမ်းထောက်လှမ်းမှုတွေ၊အသေခံဗုံးခွဲမှုတွေ၊အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ကမ္ဘာကြီးပူနွေးလာတဲ့အတွက်  ရာသီဥတုဖောက်ပြန်မှုတွေ၊ ရှားပါး တိရစ္ဆာန်မှောင်ခိုတွေ၊တစ် စစမျိုးတုန်းလာနေတဲ့ မျိုးစိတ်တွေ၊ပေါင်သန်းချီတန်တဲ့ ဘောလုံးသမားအပြောင်း အရွှေ့သတင်းတွေ…စသဖြင့် လတ်တ လောကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အစုံအစုံသော အကြောင်းချင်းရာတွေနဲ့ အပြိုင် ယနေ့မြန်မာကဗျာ ယဉ်ကျေးမှုဟာလည်း ရွေ့လျားနေတယ်လို့ ဆင်ခြင်မိပါတယ်။

 

ဆိုတော့ မြန်မာကဗျာယဉ်ကျေးမှုဟာ အနာဂတ်မှာ ဘယ်လောက်ထိ ထပ်မံရွေ့လျားသွားစေနိုင်သလဲဆိုတဲ့ မေးခွန်းဟာ ဒီနေရာမှာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ အနာဂတ်မြန်မာကဗျာရေးရာမှာ အဖြစ်နိုင်ဆုံးက တော့ မူလခေတ်ပေါ်ကဗျာလို ရေးဟန်အသေတစ်ခုကို ကဗျာဆရာအားလုံး ၀ိုင်းဝန်းကိုင်ဆွဲရေးသားကြတဲ့ ပင်မရေစီးအသွင်ဆောင်မှုမျိုး ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ပိုမိုရှုပ်ထွေးေ၀၀ါးလာတဲ့ အနာဂတ်ကမ္ဘာမှာ မြန်မာကဗျာဆရာတွေဟာ ထွေပြားတဲ့ ရေးဟန်မျိုးစုံနဲ့ ကဗျာဗေဒမျိုးစုံကို လိုသလို ကိုင်ဆွဲပြီး ပါးနပ်စွာနဲ့ ကဗျာ မှုပြုကြလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ တစ်ဖက်မှာတော့ ဘေးထွက်ဆိုးကျိုးအဖြစ် အုတ်ရောရော ကျောက်ရော ရော ကဗျာအယူအဆတွေ၊ကဗျာတွေနဲ့ ရေးသူတွေလည်း အနာဂတ်မှာ သေချာပေါက် ထွက်ပေါ်လာဦးမှာပါပဲ။ ဒါ့အပြင် ကဗျာဆိုင်ရာအရည်အသွေးစံမမှီတဲ့ အယ်ဒီတာတွေ/စာပေကပ်ဖားရပ်ဖားတွေ/အခြေအနေအရစိစစ် ပိုင်းဖြတ်မှု တွေ/တင်ကြိုမပြောနိုင်တဲ့အခက်အခဲတွေ စတဲ့အချက်တွေကြောင့်လည်း အနာဂတ်မြန်မာကဗျာ ကောင်းတွေကို မဂ္ဂဇင်းစာမျက်နှာထက်မှာ ဖတ်ရှုခွင့်ရဖို့ထက် အွန်လိုင်းစာမျက်နှာပေါ်မှာဖတ်ရှုခွင့်ရတဲ့ အရေ အတွက်က ပိုမိုများပြားလာနိုင်ပါတယ်။ အနာဂတ်မှာ ကဗျာတစ်ပုဒ်ကို ရေးသူ/ဖတ်ရှုသူ နှစ်ရပ်စလုံးဟာ နှလုံး သား၊ဘာသာစကားအပြင် သတင်းနည်းပညာအချက်အလက်၊ဥာဏ်ရည်ဥာဏ်သွေးတို့နဲ့ပါ ရေးသား/ဖတ်ရှုကြရ လိမ့်မယ်လို့ လည်း ထင်မြင်မိပါတယ်။ ဒါဟာ ယနေ့မြန်မာကဗျာယဉ်ကျေးမှုအနေအထားကနေ လွတ်လပ်တဲ့ မြန်မာခေတ်ပြိုင်ကဗျာခေတ်တစ်ခေတ်ဆီ ရွေ့လျားနေတဲ့ အဦးအစကာလတစ်ခုဆီ လှမ်းမြင်ကြည့်လိုက်ခြင်းမျှ သာပါပဲ။ ဒါဟာ လတ်တလော ယနေ့မြန်မာကဗျာ ယဉ်ကျေးမှုရဲ့အရွေ့သစ်လည်း ဖြစ်ပါတယ်။

 

လွန်းဆက်နိုးမြတ်

၆.၃.၁၁

ည၁၁း၃၀နာရီ

(၂၀၁၁ ကမ္ဘာ့ကဗျာနေ့ အမှတ်တရအဖြစ် ရေးသားပါတယ်)