ဝက်ကြီးနှင့် တွေ့ဆုံခြင်း (ကျွန်တော့်သားအပြော)

ဝက်ကြီးနှင့် တွေ့ဆုံခြင်း (ကျွန်တော့်သားအပြော)

 

စည်းကမ်းမဲ့ တထွီထွီထွေးတတ်တဲ့ ကွမ်းချိုးတက်ပါးစပ်များ၊ မီးသွေးခဲနဲ့ မဖောက်ထုံးအရောင်းအ၀ယ်များ၊ ပြည်တွင်းထုတ်ကုန် ဘယာစီယာဆိုဒ်ကြီးများနဲ့ ဝေးကွာရာ တစ်နေရာမှာ ကျွန်တော်တို့ သားအဖဟာ ၀က်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ တကယ်တော့ ၀က်ကြီးဟာ အရွယ်အစား သိပ်ကြီးလှတယ်ရယ်တော့ မဟုတ်ဘူး။ ၀က်ကြီးကို ၀က်ကြီးအဖြစ် မူလဘူတအသိအမှတ်ပြုခဲ့တာက ကျွန်တော့်သားပါ။ အသက် ၃ နှစ် မပြည့်တပြည့်အရွယ်သာ ရှိသေးတဲ့ ကျွန်တော့်သားက မြင်မြင်ချင်းပဲ ၀က်ကြီးလို့ အမည်သညာခေါ်ဝေါ်လိုက်ကတည်းက ကျွန်တော်တို့ သားအဖကြားထဲမှာ ၀က်ကြီးဟာ ၀က်ကြီးဖြစ်လာခဲ့ရတော့တယ်။ ကြခတ်ဝါးရုံပင်ခြေရင်းမှာ ၀က်ကြီးဟာ သူ့ခန္ဓာကိုယ်ကြီးကို အေးအေးလူလူ လှဲလျောင်းကာ အိပ်စက်နေလေရဲ့။

ဝက်ကြီးဟာ တစ်ကောင်တည်း မဟုတ်ဘူး။ မည်းပြောင်နေတဲ့ ကျီးကန်းနှစ်ကောင် ရံဖန်ရံခါသုံးလေးကောင်ဟာ ကွေးကောက်ပြီး အရစ်အရစ်ထနေတဲ့ ခြေချောင်းသေးသေးလေးတွေနဲ့ ၀က်ကြီးရဲ့ ကျောပေါ်ကို တွယ်ကုတ်တက်နေတယ်။ ဒီလိုနေရင်းနဲ့မှ ကျီးကန်းတွေဟာ ၀က်ကြီးကိုယ်ပေါ်ကနေ ဟိုးခပ်မြင့်မြင့် ကောင်းကင်ထဲ ရုတ်ခနဲ ထိုးပျံတက်သွားလေ့ရှိတယ်။ တစ်ကောင်တက်သွားပြီဆိုရင် အခြားတစ် ကောင်ကလည်း သိပ်မကြာခင်မှာ လိုက်ပျံတက်သွားတတ်တယ်။ ရုတ်ခနဲ။ ကောင်းကင်ကနေ ကျီးကန်းတွေ ပျံဆင်းလာပြီဆိုရင်လည်း ၀က်ကြီးကိုယ်ပေါ်ကို တန်းတန်းဖြောင့်ဖြောင့် ဆင်းတဲ့အခါဆင်းပါရဲ့။ တန်းတန်းဖြောင့်ဖြောင့် မဆင်းဘဲ လေထုဟင်းလင်းပြင်ထဲ နှစ်ပတ် သုံးပတ်လောက် ၀ဲလှည့်နေပြီးမှ ဆင်းတဲ့ အခါလည်း ဆင်းပါရဲ့။

လဲလျောင်းနေတဲ့ ၀က်ကြီးဟာ ပါးစပ်ကြီးဟပြီး တဂွန့်ဂွန့်နဲ့ အော်နေတယ်။ ၀က်ကြီးဟာ လဲလျောင်းနေပေမဲ့လို့ ကောင်းကောင်း အိပ်စက်မနေလေဘူး။ ဗိုက်အဆီပြင်ကြီးကိုဖြစ်စေ ပေါင်သားတွဲတွဲကြီးတွေကိုဖြစ်စေ လှုပ်လိုက် နေရာရွှေ့လိုက်နဲ့ပါပဲ။ ပြီးတော့ ၀က်ကြီးရဲ့ ပါးစပ်ကလည်း တဂွန့်ဂွန့်နဲ့ မြည်တမ်းပါသေးတယ်။ ၀က်ကြီးနဲ့ မလှမ်းမကမ်းမှာ ရေအိုင်ငယ်တစ်ခုရှိရဲ့။ ၀က်ကြီးလူးတဲ့ အိုင်ပေါ့။ ၀က်လူးအိုင်ပေါ့။ လဲလျောင်းလို့ ပျင်းရိလာတဲ့အခါ ၀က်ကြီးဟာ ၀က်လူးအိုင်ထဲ ဆင်းပြီး ဗွက်လူးပါတယ်။ ၀က်လူးအိုင်အစပ်က ရွံ့သားပြင်ထဲ နှုတ်သီးကြီးထိုးထိုးသွင်းပြီး အလုပ်ရှုပ်နေချိန်မျိုးမှာ ၀က်ကြီးရဲ့ တဂွန့်ဂွန့်မြည်သံဟာ အကျယ်လောင်ဆုံးပဲပေါ့။

ကျွန်တော့်သားက မေးပါတယ်။ ၀က်ကြီးကို ဘယ်သူပိုင်သလဲ။ ၀က်ကြီးရဲ့ ပိုင်ရှင်ဟာ အနီးအနားက ကျေးရွာသားတစ်ယောက် ယောက်ပဲ ဖြစ်မှာပါ။ ၀က်ကြီးနဲ့ တွေ့ဆုံတိုင်းမှာ ၀က်ကြီးပိုင်ရှင်ဟာ အနီးအနားမှာ ရှိမနေတတ်ဘူး။ တကယ်တော့ ၀က်ကြီးဟာ မလွတ်လပ် ရှာဘူး။ အချိန်တန်ရင် ၀က်ကြီးဟာ ကြခတ်ဝါးရုံပင်ခြေရင်းဆီသာ ပြန်လာရတယ်။ ၀က်ကြီးရဲ့ လည်ပင်းမှာ အရောင်အဆင်းမရှိတော့တဲ့ နိုင်လွန်ကြိုးတစ်ချောင်းရှိပြီး ကြိုးအဆုံးဟာ ကြခတ်ဝါးရုံပင်က ၀ါးတစ်ချောင်းမှာ မြဲမြဲခိုင်ခိုင် ချည်နှောင်လို့ ထားလေရဲ့။ ၀က်ကြီးအတွက် ထားရှိပေးထားတဲ့ အစာခွက်ဟာ အမြဲလိုလို ပြောင်သလင်းခါနေလေ့ရှိတယ်။ ရေခွက်ထဲမှာတော့ ရေက မိချောင်းတောင် ပေါ်နေပါပြီ။ ကြခတ်ဝါးရုံရဲ့ အခြားတစ်ဖက်ကို ကြည့်လိုက်ရင် မနက်ပိုင်းက ၀က်ကြီးစွန့်ထားတဲ့ မစင်တုံးတွေကို တွေ့ရမှာ အသေအချာပါ။

အစာတစ်ခုကို ခြေထောက်တွေနဲ့ ယက်ရှာလိုက် ခေါင်းမော့အမောက်ထောင်ပြီး ဟိုဟိုဒီဒီကြည့်လိုက်နဲ့။ မလှမ်းမကမ်းကတည်းက တချွတ်ချွတ်နဲ့ အစာရှာနေကြတဲ့ ကြက်ဖ၊ ကြက်မ စုံတွဲဟာ ကြခတ်ဝါးရုံပင်ခြေရင်းကို တရွေ့ရွေ့ရောက်ရှိလို့ လာခဲ့ပေါ့။ ကြက်စုံတွဲဟာ ၀က်ကြီးစွန့်ထားတဲ့ မစင်တုံးတွေကို တွေ့ရှိလို့ သွားခဲ့ပေါ့။ ဧရာမအခွင့်အရေးကြီးဖြစ်လိမ့်။

ဗွက်လူးအိုင်က ထလာတဲ့ ၀က်ကြီးဟာ ကြခတ်ဝါးရုံပင်ခြေရင်းဆီ တဂွန့်ဂွန့်မြည်သံပေးပြီး တလှုပ်လှုပ်နဲ့ ပြန်လျှောက်လာတယ်။ ကြခတ်ဝါးရုံပင်ခြေမှာ ကျေးရွာသားတို့ အကြိမ်ကြိမ် ခုတ်ဖြတ်ထားလို့ ကြခတ်ဝါး အပိုင်းအပြတ်တွေဟာ ၀ါးရုံပင်မှာ အထပ်ထပ်ဖြစ်နေရဲ့။ ၀က်ကြီးဟာ ကြခတ်ဝါးပင်ခြေက အဲဒီ့ကြခတ် အပိုင်းအပြတ် အထပ်ထပ်ပေါ်ကို လေးလံလှတဲ့ သူ့ခန္ဓာကိုယ်ကြီးနဲ့ အင်အားပြည့် ဖိမှီလိုက် တယ်။ ပြီးတာနဲ့ ကျောကုန်းပြင်ပေါ်က အစိတ်အပိုင်းတွေကို လိုသလို ရှေ့တိုးနောက်ငင် တိုးရွှေ့ရင်း ၀က်ကြီးဟာ အယားဖြေနေလေရဲ့။ တဂွန့်ဂွန့်မြည်သံဟာ ၀က်ကြီးဆီက ထွက်လာပေါ့။

ကျီးကန်းတွေရယ်လေ။ ၀က်ကြီးရဲ့ ကြေးအထပ်ထပ်ညစ်ထေးပြီး ပြောင်သလင်းခါနေတဲ့ ဇောက်နက်နက် ပလတ်စတစ်အစာ ခွက်နှုတ်ခမ်းပေါ် တက်နားပြီး ခွက်အောက်ခြေက ၀က်စာကြွင်းတွေကို နှုတ်သီးနဲ့ လှမ်းလှမ်းထိုးဆိတ် စားသောက်ကြတယ်။ ကျီးကန်း မည်းတူးတွေဟာ ရေခွက်ထဲလည်း ခြေနှစ်ဘက်နှစ်ပြီး နှုတ်သီးထိုး သောက်လားသောက်ရဲ့။ ကြက်တွေနဲ့ အပြိုင် ၀က်ကြီးရဲ့ မစင်တုံးကို ထိုးဆိတ်လား ထိုးဆိတ်ရဲ့။ နေ၀င်ပြီဆိုတာနဲ့ ၀က်ကြီးရဲ့ ပိုင်ရှင်ဟာ ၀က်ကြီးရဲ့ မစင်တွေကို ပွထနေအောင် ကျုံးယူသိမ်းဆည်းလှဲကျင်း ပေရော့။

ဝက်ကြီးရှိတဲ့ ကြခတ်ဝါးရုံနားကို ဟိုဟိုဒီဒီလျှောက်လေလွင့်နေတဲ့ ခွေးမြီးပြတ်တစ်ကောင်ရောက်လို့လာတယ်။ ဆာလွန်းလို့ ထင်ပါရဲ့။ ပြောင်သလင်းခါနေတဲ့ ၀က်စားခွက်ကိုပဲ သူ့စုတ်ချွန်းချွန်းဦးခေါင်းပိန်ပိန်ကို အတင်းထိုးရင်း လျှာနဲ့ တပြက်ပြက်လျက်လေတယ်။ ၀က်ကြီးဟာ ဒါကိုမြင်ပေမဲ့ မျက်လုံးမှေးပြီး အသာပဲ ကြည့်နေတယ်။ ၀က်စားခွက်ထဲမှာ အစာတွေသာ ပြည့်နေခဲ့မယ်ဆိုရင် ဘယ်ဒီလို ၀က်ကြီးနေလိမ့်မလဲ။ ခွေးမြီးပြတ်နား အိပဲ့ပဲ့ ပြေးသွားပြီး တစ်ခါတည်း နှုတ်သီးနဲ့ ထိုးမှာပေါ့။ ပါးစပ်ကလည်း တဂွန့်ဂွန့်အသံကို အကျယ်ကြီး အော်မှာပေါ့။

ခုတော့ ခွေးမြီးပြတ်လည်း မရှိတော့ပါဘူး။ ခွေးမြီးပြတ်အနားမှာ မျက်စိနောက်အောင် ရှုပ်ရှုပ်ခတ်နေခဲ့တဲ့ မည်းတူးတူး ကျီးကန်းနှစ်ကောင်သာ တအာအာအသံပေးရင်း ဟင်းလင်းပြင်ထဲ ၀ဲလှည့်လို့နေရဲ့။ ခွေးမြီးပြတ်ဟာ တွက်ချေမကိုက်တဲ့ ၀က်ကြီးနားကနေ နောက်တစ်နေရာဆီ လေလွင့်သွားခဲ့ပါပြီ။ ၀က်ကြီးလည်း မြေပြင်ပေါ် ဗိုင်းခနဲ လှဲချလိုက်ရင်း ဘယ်နှကြိမ်မြောက်မှန်း မသိတဲ့ အိပ်စက်ခြင်း အမှုကို ပြုနေပါပြီ။

အအိပ်ဆတ်တဲ့ ၀က်ကြီးဟာ အအိပ်လည်း သွက်ပါတယ်။ တရှူးရှူးနှာမှုတ်သံပေးပြီး ၀က်ကြီးဟောက်နေပါတယ်။ သူ့ကျောကုန်း ပေါ်က ဂဏှာမငြိမ်တဲ့ ကျီးကန်းမည်းတူးတွေကြောင့်မဟုတ်ရင် ၀က်ကြီးဆီက တဂွန့်ဂွန့် မည်တမ်းသံကို ကျွန်တော်တို့ သားအဖ နောက် တစ်ကြိမ် ထပ်ကြားရလိမ့်ဦးမယ်မဟုတ်။

 

လွန်းဆက်နိုးမြတ်
၎.၁.၁၆
လွတ်လပ်ရေးနေ့
၁၁း၂၃ ည