လမ်း

လမ်း

1001488_655148601165780_350051783_n

(၁)

ကောင်းကင်မှာ တိမ်တွေက လေနှင်ရာ လွင့်နေသည်။ တောလမ်းလေး၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ၀ါးရွက်တို့ချင်း ပွတ်ခတ်သံ တွေ ကြားနေရ၏။ သဘာဝတရား၏ ဒေသနာတော်ဟု ဘုန်းတော်ကြီးက ဆင်ခြင်လိုက်သည်။

တောလမ်းတစ်နေရာအရောက် ငှက်ခတ်သမားတစ်ယောက်နှင့် ဘုန်းတော်ကြီး ဆုံဆည်းမိသည်။

“ဒကာ…သူတစ်ပါးခန္ဓာအိမ်ကို အဘယ်ကြောင့်ဖျက်ဆီးရသနည်း”

ငှက်ခတ်သမားလက်ထဲမှ ငှက်သေများအား ကြည့်ကာ ဘုန်းတော်ကြီးက မိန့်၏။

“ခန္ဓာအိမ်ဆိုသည်မှာ အဘယ်နည်း…ရှင်ဘုရား”

“အသက်ဝိဥာဉ်ကိန်းဝပ်ရာ အိမ်သည် ခန္ဓာအိမ်ဖြစ်၏… ဒကာ”

“ရှင်ဘုရား…သူတစ်ပါးခန္ဓာအိမ်ကို ငါမဖျက်ဆီး…ငါ့အလုပ်ကိုငါလုပ်ခြင်းသာ ဖြစ်ပါသည်”

“သင့်အလုပ်ဆိုသည်မှာ မှန်၏…သို့သော် သူတစ်ပါးအသက်ဝိဥာဉ်ကိန်းဝပ်ရာ ခန္ဓာအိမ်ကို ဖျက်ဆီးသူ၌ အတုံ့အလှည့်ဝဋ် သဘောသည် အမြဲရှိတတ်၏…ဒကာ”

(၂)

ဘုန်းတော်ကြီး၏ သင်္ကန်းစကို လေကြမ်းတစ်ချက်ပြေးဝင်တိုးတိုက်သွား၏။ မြေနီလမ်းတစ်လျှောက် နီမောင်းသော သဲမှုန်တို့ သည် လေထုထဲ အလိပ်လိုက်ထနေသည်။ ရှေ့ဆီတွင် ရွာလေးတစ်ရွာကို ခပ်ပျပျလှမ်းမြင်ရ၏။

ရွာလယ်ပိုင်းကို ဖြတ်သန်းသွားစဉ် နွားတစ်ကောင်ကို အမြင်မတော်အောင် ဆူပူကြိမ်းမောင်းနေသော ရွာသားတစ်ယောက်ကို ဘုန်းတော်ကြီးတွေ့မိ၏။ ရွာသားက နွားကို အတင်းဆဲဆိုရိုက်နှက်ကာ လှည်းကောက်ဖို့ ပြင်နေသည်။ နွားကား မရွေ့။ ပေကပ်မြဲ ပေကပ် နေသည်။ နွားပေကပ်လေလေ ရွာသားက အတင်းရိုက်နှက်ဆဲဆိုလေလေဖြစ်နေသည်။

“ဟဲ့…ဒကာ…ဘယ်တုန်းကများ နွားက လူစကားကို သင်ဖူးလို့လဲ။ အကောင်းဆုံးကတော့ သင်သာ သူ့စကားကို နားလည်အောင် သင်ပြီး အလိုရှိရာခိုင်းခြင်းကသာ ခရီးရောက်စေလိမ့်မယ်…ဒကာ”

(၃)

“ဘုန်းကြီး…သင့်မှာ ဘာပါသလဲ”

“တရားသာပါသည်…ဒကာ”

နေရောင်ခြည်ကား ပူပြင်းလွန်းလှချေသည်။ နေရောင်ခြည်ထက် ပိုမိုပူပြင်းပုံပေါက်သော သူမိုက်တစ်စုနှင့် ဘုန်းတော်ကြီးကြုံနေရ ခြင်းဖြစ်၏။

“အာ…ဘာတရားလဲ။ တရားမလိုချင်ဘူး။ ဒီလမ်းက ဖြတ်သန်းရင် ကျုပ်တို့ကို ဘုန်းကြီးအဿပြာပေးဆောင်ပြီးမှ ဖြတ်သန်းရ မည်”

“ဘုန်းကြီးမှာ အဿပြာမရှိ။ တရားသာ ရှိသည်…ဒကာ”

ဘုန်းတော်ကြီးစကားကြောင့် သူမိုက်ခေါင်းဆောင် စိတ်ညစ်သွားသည်။ သူ့တပြည့်တွေနှင့် လှည့်တိုင်ပင်သည်။ နောက်ဆုံး တပြည့်တစ်ယောက် ရှာပေးသော ကြွက်တစ်ကောင်ကို လက်ထဲထည့်လျက် ဘုန်းတော်ကြီးအား သူမိုက်ခေါင်းဆောင်က မေးသည်။

“ကဲ…ဘုန်းကြီးမှာ ဘာတရားရှိသလဲကျုပ်တို့မသိ။ သို့သော် ဘုန်းကြီးကို ကျုပ်မေးခွန်းတစ်ခုမေးမည်။ မှန်အောင် ဖြေ။ မှန်လျှင် ဘုန်းကြီးကို ဒီလမ်းက ဖြတ်သန်းခွင့်ပေးမည်။ မှားလျှင် တခြားလမ်းကသာ ကြွ”

“မေးပါ…ဒကာ”

“ဒီမယ်…ကျုပ်လက်ထဲမှာ ရှိတဲ့ ကြွက်ဟာ အရှင်လား အသေလား…ဖြေပါ”

ဘုန်းတော်ကြီး၏ အဖြေကို သူမိုက်ခေါင်းဆောင်နားစွင့်နေသည်။ ဘုန်းတော်ကြီးက သူ့လက်ထဲမှ ကြွက်ကို အရှင်ဟု ဖြေလျှင် သူက လက်ထဲကကြွက်ကို ဖျစ်ညှစ်သတ်ပစ်မည်။ ဘုန်းတော်ကြီးက ကြွက်ကို အသေဟု ပြောလျှင် သူမိုက်ခေါင်းဆောင်က အရှင်အတိုင်း ထုတ်ပြမည် စိတ်ကူးထားသည်။ သူမိုက်ခေါင်းဆောင်က စိတ်မရှည်သည့် အသံဖြင့် နောက်တစ်ကြိမ်မေးလိုက်ပြန်သည်။

“ဖြေလေ…ဘုန်းကြီး…ဘယ်လိုလဲ…ကျုပ်လက်ထဲက ကြွက်က အရှင်လား…အသေလား”

“သင့်သဘောအတိုင်းပါပဲ…ဒကာ”

(၄)

ခရီးလမ်းက ပိုမိုကြမ်းတမ်းခက်မာလာသည်။ ရှေ့အဖို့ ခရီးအရှည်ကြီး သွားရဦးမည်။ ချောင်းတွေက မြစ်ရှိရာ စီးဆင်းမြဲအတိုင်း စီးဆင်းနေပြီး မြစ်တွေက ပင်လယ်ရှိရာ စီးဆင်းမြဲအတိုင်း စီးဆင်းနေသည်။ ဘာတစ်ခုမှ အလျင်လိုစရာမလို။ လောကဓမ္မသည်  သူ့နည်းသူ့ ဟန်ဖြင့် တည်ရှိပြီးဖြစ်သည်။ ဘုန်းတော်ကြီးသည် ခရီးတစ်ထောက်နားရန် ဇရပ်တစ်ခုအောက်သို့ ၀င်လိုက်သည်။

“လောကမှာ အနှစ်သာရဆိုတာ မရှိဘူး။ ရေလည်း အလကား.မြေလည်း အလကား.လေလည်း အလကား.မီးလည်း အလကားပဲ”

ဘုန်းတော်ကြီးထက်အရင် ဇရပ်ထဲ ဦးစွာ ရောက်နှင့်နေသော ခရီးသွားက ဘုန်းတော်ကြီးကို မြင်လိုက်စဉ် လှမ်းပြောသည်။ လော ကကို အချဉ်ပေါက်နေသည့် ခရီးသွားတစ်ယောက်ဖြစ်မည်။

“အရှင်ဘုရားပဲ စဉ်းစားကြည့်လေ…ဒီကမ္ဘာဟာ ဘာအနှစ်သာရရှိသလဲ။ အာဏာရှိသူက အာဏာနှင့်…ပညာရှိသူက ပညာနှင့် …ဥစ္စာရှိသူက ဥစ္စာနှင့်.သန်ရာသန်ရာ မတရားပြုမူခြယ်လှယ်နေလိုက်ကြတာများ ကျုပ်တို့လို ကျောမွဲနင်းပြားတွေအတွက်တော့ အားကိုးစရာ ကယ်တင်ရှင်ဆိုတာ မရှိဘူး။ ကျုပ်တို့ဘ၀တွေကလည်း အနှစ်သာရကင်းမဲ့လို့ ”

“မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဗုဒ္ဓဟောကြားခဲ့သည်မဟုတ်လားဒကာ…ပြီးတော့ လောကမှာ အနှစ်သာရဆိုသည်မှာ အမှန်ရှိ၏ ဒကာ”

“လောကမှာ အနှစ်သာရအမှန်ရှိလျှင် ဘယ်မှာလဲ ဘုန်းကြီး…လက်တွေ့ပြပါ”

“ကောင်းပြီ…ဒကာ..ဟောဟိုသောက်ရေအိုးစင်က ရေအိုးဟောင်းကို ယူခဲ့လော”

ဇရပ်ထောင့်တစ်ခုတွင် ပင့်ကူမျှင်များစွဲနေသော ရေအိုးဟောင်းတစ်လုံးကို ခရီးသွားက သွားယူသည်။

“ယူခဲ့ပါပြီ…ဘုန်းကြီး”

“ရေအိုးကို ခွဲလော့”

“ခွဲပါပြီ…”

“အခုသင် ဘာကိုမြင်သနည်း”

“အိုးခြမ်းကွဲများကို မြင်ပါသည်”

“ထိုအိုးခြမ်းခွဲများကို ထပ်ခြေဖျက်ပါဦး”

“အမှုန့်များကို မြင်ပါသည်”

“ထိုအမှုန့်တို့ကို ထပ်မံ၍ ခွဲစိတ်ချေဦး”

“ခွဲစိတ်လိုက်ပါပြီ”

“သင်ဘာကိုတွေ့သနည်း”

“ဘာမှ မရှိ…ဗလာနိတ္ထိသဘောကို တွေ့ပါသည်။ ကျုပ်ပြောသလို အနှစ်သာရကင်းမဲ့မှုလည်းဖြစ်ပါသည်”

“မလောပါနှင့်…ဒကာ…မှတ်ပါလေ…သင်သည် အနှစ်သာရကို မမြင်မတွေ့နိုင်။ စင်စစ်ဤအနှစ်သာရတို့မှ အမှုန့်ဖြစ်လာသည်။ အမှုန့်မှ အိုးခြမ်းကွဲဖြစ်လာသည်။ အိုးခြမ်းကွဲမှ ရေအိုးဖြစ်လာသည်။ ဤနည်းအတိုင်းပင် လောက၌ အနှစ်သာရဟူသည် အမှန်ပင်ရှိအောင် ဖန်တီးသည်။ အမှန်လည်း ရှိ၏။ ထို့ကြောင့်သင်ရှိ၏။ သင့်ကိုယ်သင် ကယ်တင်ပါ…ဒကာ”

(၅)

တောအုပ်က နက်သထက် နက်လာသည်။ စိတ်ကြည်လင်ခြင်းကိုပေးသော ရေတံခွန်များ၊ ကြည်နူးခြင်းမွှေးရနံ့ကိုပေးသော ပန်းပွင့်များ၊ သက်ဝင်လှုပ်ရှားခြင်းကိုပေးသော တောကောင်ငယ်များ၏ အသံများနှင့် တော အုပ်၏ ဖွဲ့စည်းမှုက ပြေပြစ်နေသည်။ လူသူအရောက် အပေါက်နည်းလွန်းသည့် တောအုပ်အတွင်းပိုင်းတစ်နေရာတွင် ယောဂီတစ်ပါးနှင့် ဘုန်းတော်ကြီးဆုံသည်။ ယောဂီက သစ်ပင်တစ်ပင် အောက်တွင် တင်ပလ္လင်ချိ တ်ခွေထိုင်လျက် ဈာန်ဖြင့် မြောက်ကြွနေ၏။

“တန်ခိုးဈာန်ကို ရသလော…ဘုန်းကြီး”

“မရပါ”

“တန်ခိုးဈာန်မရသော တရားအားထုတ်သူသည် ဘ၀တစ်ဝက်ရှုံးနေပြီဖြစ်၏”

ယောဂီက ဈာန်ဖြင့် မြောက်ကြွလိုက် အောက်ဖက်သို့ နိမ့်ဆင်းလိုက်နှင့် အာရုံဝင်စားပြနေသည်။

“အို…ယောဂီ…နိဗ္ဗန်ရောက်ကြောင်းအဘယ်တရားကို သင့်ကျင့်ပါသနည်း”

“မကျင့်ပါ တန်ခိုးဈာန်ရရာရကြောင်းတရားတွေသာ ကျင့်ကြံပါ၏”

“အို…ယောဂီ…တန်ခိုးဈာန်ရရာရကြောင်းတရားတွေ မည်ရွေ့မည်မျှပေါက်မြောက်နေစေကာမူ နိဗ္ဗန်ရောက်ကြောင်းတရားကို မကျင့်ကြံသူသည် တစ်ဘ၀လုံး ရှုံးနေပြီးဖြစ်၏”

စကားအဆုံးတွင် ဘုန်းတော်ကြီးသည်  ယောဂီကို အရိုအသေပေးနှုတ်ဆက်ကာ ခရီးဆက်လေသည်။

 

 

လွန်းဆက်နိုးမြတ်

ဇီဝက မဂ္ဂဇင်း၊ဇွန်၊ ၂၀၁၃

(၀န်ခံချက်-ဖတ်မှတ်ဖူးသော ပုံဝတ္ထုအချို့ကို အခြေခံပါသည်။)

မြို့ကလေးဆီမှ

??????????မြို့ကလေးဆီမှ

(၁)

မြို့ကလေး၏ လမ်းများသည် မပြေပြစ်ကြပါ။ ကုန်းတက်ကုန်းဆင်းများလွန်းခြင်းသည် မြို့ကလေး၏ ထင်ရှားသော ၀ိသေသ တစ်ခုဖြစ်ပါသည်။ ဟိုအရင်ခေတ်တွေတုန်းက ရေနံတွေ အလျှံပယ်အောင် ထွက်ခဲ့ဖူးသော မြို့ကလေးသည် အမြဲလိုပင် ပူပြင်း ပြီး ခြောက်သွေ့နေတတ်၏။ ထို့အပြင် မြို့ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာလည်း အခြားမြို့များနှင့် နှိုင်းယှဉ်လျှင် သိသာ စွာ နှေးကွေးအထီးကျန် နေသေးသည်။ ကျွန်တော်က စက်ဘီးကလေးကို မြို့ကလေး၏ ဗဟိုလမ်းမကြီး ကုန်းတက်အတိုင်း အသာတွန်းလာခဲ့သည်။ ကျွန်တော့် ဦးခေါင်းထက်တွင်တော့ လျှာထိုးဦးထုပ်လေးတစ်လုံးဆောင်းထားခဲ့ပါသည်။ ဤသည်မှာ ပူပြင်းခြောက်သွေ့ အထီးကျန်သော မြို့ကလေးတွင် ကျွန်တော် မည်ကဲ့သို့ ပျော်ရွှင်ပေါ့ပါး စွာ နေထိုင်ခဲ့သလဲဆိုသည် ကို ပြန်ပြောပြရန် အစပြုလိုက်ခြင်းပင် ဖြစ်ပါ၏။

ကျွန်တော့်ဘေး လမ်းမကြီးပေါ်ကနေ မြင်းလှည်းတစ်စင်း ဖြတ်သန်းကျော်တက်သွားသည်။ မြင်းခွာသံတွေက ကတ္တရာလမ်း မနှင့် ထိရိုက်ပြီး စည်းချက်မှန်မှန်ထွက်ပေါ်နေသည်။ ကျွန်တော်မြင်းပိန်ပိန်လေးတွေကို ချစ်သည်။ ကြည့်ကောင်းလွန်းေ သာ မြင်း၀၀ဖြိုးဖြိုးတွေ ကိုလည်း ချစ်ပါသည်။ မြင်းခွာသံရိုက်သော ဦးလေးကြီးကို ကျွန်တော်သိသည်။ ခင်တော့ မခင်။ ညစ်ထေးထေး စစ်အကျီ်လက်ရှည် အဟောင်းကြီးကို ထာဝစဉ်ဝတ်ဆင်ထားတတ်သော ဦးလေးကြီး၏ ရုပ်သွင်ကို ကျွန်တော်ေ ကြာက်သည်။ အရုပ်ဆိုးသော ဦးလေးကြီး၏  မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးထူထူတွေလည်း ရှိ၏။ အဲဒီ့မုတ် ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေ မရှိလည်း ဦးလေးကြီးကို ကျွန်တော်ကြောက်တာပါပဲ။ တစ်ခါတစ်ရံ ဦးလေးကြီးအနားမှ နီးကပ် စွာ ဖြတ်သန်းမိသောအခါတွင် ဦးလေးကြီးဆီမှ ချဉ်စူးစူးအနံ့ကို ကျွန်တော်ရွံပါသည်။ ကျွန်တော်သူငယ်ချင်းတချို့က ထိုအနံ့ကို အရက်နံ့ဟုပြောကြ၏။

ကျောင်းသွားကျောင်းပြန်ချိန်တွေတိုင်း ကျွန်တော်သည် ဦးလေးကြီးအလုပ်လုပ်ရာ ဗာဒံပင်ရိပ်အောက်မှ မြင်းလှည်းပြင်ဆိုင် ကို ဖြတ်သန်းသွားရတတ်သည်။ မြင်းလှည်းပြင်ဆိုင်နှင့် မလှမ်းမကမ်းတွင် မြင်းလှည်းဂိတ်လည်း ရှိသည်။ ကျောင်းသွားလျှင် စက်ဘီးယူခွင့် မရသော ကျွန်တော့်လှမ်းလက်စခြေလှမ်းတို့သည် ဦးလေးကြီး၏ မြင်းလှည်းပြင်ဆိုင်နားရောက် တိုင်း သိသိသာ သာတုန့်ဆိုင်းသွားမြဲဖြစ်သည်။ ဦးလေးကြီး မြင်းခွာရွေးနေပုံ၊ မြင်းခွာသံရိုက်နေပုံ၊ မြင်းလှည်း၏ အခြားအစိတ်အပိုင်းတစ် ခုခုကို ပြင်ဆင်နေပုံများကို ကျွန်တော်က ရှည်ကြာစွာ ငေးမောတတ်ပါသည်။ ဆိုင်မြေပြင်ရှိ သစ်သားငုတ်တွင် ကြိုးချည်ထားေ သာ မြင်းများ၏ ဘေးဘက်မှ နီးနီးကပ်ကပ်ဖြတ်သန်းသွားရသည်မှာ ကျွန်တော်အတွက် အရသာတစ်မျိုးဖြစ်နေပါ၏။ မြင်းများ၏ ခနာကိုယ်မှ ထွက်သောအနံ့၊ မြင်းချေးနံ့နှင့် မြင်းစာနံ့များရှုရှိုက်ရမိပြီဆိုလျှင် ဦးလေးကြီး၏ မြင်းလှည်းပြင်ဆိုင်နားရောက်ခါနီး မှန်း ကျွန်တော်သိပါသည်။ ယခုပင် ရှေ့နားလောက်ဆိုလျှင် ဦးလေးကြီး၏ မြင်းလှည်းပြင် ဆိုင်ကို ရောက်တော့မည်။ ကုန်း တက်ပြေသော လမ်းမကြီး၏ ဆင်ခြေလျှောအပိုင်းတစ်ခုမှ စတင်ကာ ကျွန်တော်သည် စက်ဘီးလေးကို နင်း လိုက်ပါ၏။ စက်ဘီး ကို လမ်းမကြီးအတိုင်းနင်းတက်ရသဖြင့် လမ်းမကြီးတစ်ဖက်ရှိ ဦးလေးကြီး၏ မြင်းလှည်းပြင်ဆိုင်ကို ထိုနေ့အဖို့ ကျွန်တော် ရှည်ကြာစွာငေးမောခွင့် မရနိုင်တော့ပါ။
(၂)

အဝေးတောင်ကုန်းများပေါ်တွင် စည်းချက်မှန်စွာ လည်ပတ်နေသည့် ရေနံတူးယန္တယားလက်တံညိုမည်းမည်းကြီးများကိုလည်း ကျွန်တော် သဘောကျတတ်ပါသည်။ သို့သော် ထိုရေနံတူးယန္တယားလက်တံညိုမည်းမည်းကြီးများကို မြို့ကလေး၏ အစွန်အ ဖျားရောက်အောင်ထိ စက်ဘီးနင်းသွားမှသာ မြင်ရနိုင်ပါသည်။ အဝေးမှပင် မြင်ခွင့်ရခြင်းဖြစ်ပြီး ထိုရေနံတူးယန္တယားကြီးအနား သို့ တာဝန်ရှိသူများမှအပ မည်သူမျှ နီးကပ်စွာ ကြည့်ရှုခွင့်ပြုမထားပါ။ ထို့အပြင် မြို့ကလေး၏ အစွန်အဖျားသို့ စက်ဘီးနင်းသွား ရန်မှာလည်း ကျွန်တော့်လို ကောင်ငယ် လေးတစ်ယောက်အတွက် မဖြစ်နိုင်အောင် ဝေးလံလွန်းလှပါ၏။

တစ်ခုသော သင်္ကြန်ကာလတွင်တော့ ကျွန်တော်သည် သူငယ်ချင်းတစ်စုနှင့် ခြေလျင်လိုက်ပါကာ မြို့ကလေး၏ အစွန်သို့ ရောက် ရှိခဲ့ဖူးသည်။ ဘယ်လိုကြောင့် သည်လောက် ကျွန်တော်လမ်းလျှောက်နိုင်ခဲ့သလဲ မသိပါ။ မြို့ကလေး၏ အစွန်ကို မြို့ပတ်လမ်းအ တိုင်း ကျွန်တော်တို့ ရောက်ရှိလာခဲ့ကြစဉ်က ဖြစ်သည်။ ကျွန်တော်တို့တစ်ဖွဲ့လုံး၏ ခနာကိုယ်များ သည် ရေများ ရွှဲစိုနေပြီး ရေဗူး ထည့်ထားသော ကျောပိုးအိတ်ကိုယ်စီလွယ်ပိုးကာ ကျွန်တော်တို့ လက်ထဲတွင်လည်း ရေပြွတ်အသီးသီးကို ကိုင်ဆောင်ထား လျက်ရှိပါသည်။ အဝေးတောင်ကုန်းတစ်ခုပေါ်မှာ လည်ပတ်နေသော ထိုရေနံတူးယန္တယားကြီးကို ကျွန်တော်တို့ထဲမှ တစ်ေ ယာက်က မြင်သွားပြီး ၀မ်းသာအားရလက်ညှိုးထိုးပြကာ အဲသည့် နေရာကို သွားလို့ရရင်ကောင်းမည်ဟု စကားစ၏။

“ဟင့်အင်း သွားရင် ငါတို့ကို သေနတ်နဲ့ ပစ်သတ်လိမ့်မယ်”
ရေပြွတ်သေနတ်ကိုင်ဆောင်ထားသော သူငယ်ချင်းတစ်ယောက်၏ စကားသည် ကျွန်တော်တို့အားလုံးကို ကြောက်ရွံ့သွားစေ သည်။
“အေး ဟုတ်တယ် အဲဒီ့မှာ သံဆူးကြိုးနဲ့ ခြံစည်းရိုးကာထားတယ်…ခြံစည်းရိုးပေါ်မှာ
အဲဒီ့နေရာကို ဖြတ်သန်းသွားလာရင် သေနတ်နဲ့ ပစ်မယ်လို့ ဆိုင်းဘုတ်ရေးပြီးချိတ်ထားတယ် ”

စတီးလ်ရေပြွတ်ကိုင်ထားသော သူငယ်ချင်းတစ်ယောက်၏ စကားအဆုံးမှာတော့ စောစောက ကျွန်တော်တို့၏ ကြောက်ရွံ့ စိတ် နေရာတွင် မသိနားမလည်မှုက အစားထိုးသွားပါသည်။ ထိုစဉ်က ကျွန်တော်တို့ ကောင်းစွာနားမလည်နိုင်သော ကိစ္စများ သည် များပြားလှ၏။ နောက်ပိုင်းတွင် ကျွန်တော်တို့သည် ထိုရေနံတူးယန္တယားကြီးများအကြောင်းကို ဆက်မပြောဖြစ်ကြတော့ပါ။ အကြောင်းကြီးငယ်ရှိ၍ မြို့ပြင် ဖက်ရောက်သောအခါတိုင်း အဝေးတောင်ကုန်းများပေါ်တွင် လှမ်းမြင်နေရသည့် ရေနံတူး ယန္တယားကြီးများ၏ လက်တံညိုမည်းမည်းကြီးများကို သဘောကျစွာ ငေးမောရင်း အဲသည်နေရာကို သွားလျှင် တကယ် ပဲ သေနတ်နှင့် ပစ်မည်လားဟု ကလေးပီပီ သိချင်မိခဲ့ဖူးပါ၏။ သို့သော် ဤကိစ္စသည် ကစားစရာ မဟုတ်မှန်းလည်း ကျွန်တော်တို့ သဘောပေါက်တတ်ခဲ့ပါသည်။
(၃)

မြို့ကလေး၏ တောင်ဘက်ခြမ်းတွင် လွန်စွာမြင့်မားလွန်းသော ချောက်ကမ်းပါးပြတ်များတည်ရှိပါသည်။ ညနေခင်းတချို့တွင်  ကျွန်တော်သည် အိမ်နီးချင်းသူငယ်ချင်းသုံးေ လးယောက်နှင့်အတူ ချောက်ကမ်းပါးများတည်ရှိရာသို့ စက်ဘီးကိုယ်စီနင်း ပြီး ရောက်ရှိသွားတတ်သည်။ အနီးဆုံးချောက်ကမ်းပါးဟု ခေါ်ဆိုနိုင်မည့် နေရာကို ရောက်ရှိရန်မှာ ကျွန်တော်တို့အတွက် သိပ်မ ခက်ခဲပါ။ အဘယ်ကြောင့်ဆိုသော် မြို့ကလေး၏ ညီညာသော မြေသားနှင့်ဆက်စပ်နေသည့် ၄င်းသည် အစွန်တစ်နေရာရောက် သည်တွင်မှ အောက်ဖက်သို့ ပေပေါင်းများစွာ နက်ရှိုင်းသော ချောက်ကမ်းပါးပြတ်တစ်ခုအသွင် မတ်စောက်နိမ့်ဆင်းသွားခြင်းေ ကြာင့်ဖြစ်သည်။

ချောက်ကမ်းပါးထိပ်တွင် လေသည် အမြဲတမ်း အားနှင့်အင်နှင့် တိုက်ခတ်နေပါသည်။ ကျွန်တော်တို့သည် ထိုချောက်ကမ်းပါးပေါ် တွင် စက်ဘီးများကို ထောင်လျက်တစ်မျိုး လှဲလျက်တစ်မျိုး အဆင်ပြေသလို ထားလိုက်ကြ၏။ ကျွန်တော်တို့ကိုယ်တိုင်က မူ ချောက်ကမ်းပါး၏ အစွန်ဆုံး ရောက်နိုင်သမျှရောက်အောင်သွားကာ ထိုင်တတ်ကြသည်။ လေက ကျွန်တော်တို့အ၀တ်အစား များနှင့် ဆံပင်များပေါ်ကို တချိန်လုံး တဟူးဟူးတိုးဝင်နေပါသည်။ ကျွန်တော်တို့၏ ဦးခေါင်များထက်တွင် တိမ်စိုင်ဖြူတွေ လွင့်ပါးနေကြလျက် ကောင်းကင်၏ အရောင်သည် ပြာလွင်လင်းကျင်းနေလေ၏။ ချောက်ကမ်းပါးပြတ်များပေါ်မှ ဟိုးအောက် ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် စိမ်းမြနေသော ကိုင်းစိုက်ခင်း စိမ်းစိမ်းများကို တွေ့ရသည်။ ငရုတ်၊ကြက်သွန်၊ပြောင်းဖူး စသော သီးနှံများကို စိုက်ပျိုးထားသည့် ကိုင်းစိုက်ခင်းများဖြစ်ပါ၏။ ကိုင်းစိုက်ခင်းမရှိ သော နေရာများတွင်တော့ သောင်ပြင်ဝါ၀ါ များက တပြန့်တပြူး ရှိနေကာ အဝေးတွင် ရွှေအိုရောင်လက်လက်ထနေသည့် ဧရာဝတီမြစ်ရေအစပ်ကို လှမ်းမြင်နိုင်သေး သည်။ မြင်ကွင်းက တစ်ပိုင်းတစ်စသာဖြစ်သော်လည်း ဧရာဝတီ၏ ခမ်းနားမှုကို ဖုံးကွယ်ရန်တော့ မလုံလောက်ပါ။

အောက်ဖက်ခပ်လှမ်းလှမ်းနေရာများတွင် အခြားချောက်ကမ်းပါးပြတ်များကိုလည်း ကျွန်တော်တို့ တွေ့နေရသည်။ ထနောင်းပင် ၊ကန္တာရပင်အနည်းငယ်ကိုလည်း အောက်ဖက်တွင် လှမ်းမြင်ရ၏။ တစ်ချို့သော ထနောင်းပင်၊ ကန္တာရပင်များမှာ ချောက်ကမ်း ပါးပြတ်နံရံ မြေသားကို တွယ်ကပ်ပေါက်ရောက်နေကြသည်။ စင်စစ်တွင်မူ ကျွန်တော်တို့ ထိုင်ေ နသော ချောက်ကမ်းပါးအပါ အ၀င် လှမ်းမြင်နေရသည့် အောက်ဖက်အဝေးရှိ ချောက်ကမ်းပါးပြတ်များသည် တစ်ချိန်တုန်းက ဧရာဝတီ၏ မြစ်ကမ်းပါးယံ များဖြစ်ခဲ့ကြသည်မှာ အလွန်ေ သချာပါသည်။ ကာလများစွာ ကြာမြင့်ပြီးနောက် ပြောင်းလဲရွေ့လျားသွားသော မြစ်စီးကြောင်းေ ကြာင့် ချောက်ကမ်းပါးပြတ်များသည် ဟိုနေရာ သည်နေရာတွင် အပိုင်းပိုင်းပြတ် ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် ကျွန်တော် တို့ မြင်တွေ့နေရသော အခြေအနေရောက်ရှိလာပုံပေါ်ပါ၏။ အောက်ဖက်ချောက်ကမ်းပါးပြတ်များရှိရာဆီ သွားချင်လျှင်တော့ ဟိုးအောက်ဖက်လျှိုထဲ အရင်ဦးဆုံး ဆင်းရလိမ့်မည်။ ပြီးမှတစ်ခါ မတ်စောက်မြင့်မားသော အခြားချောက်ကမ်းပါးပြတ် တစ်ခုပြီး တစ်ခုပေါ် ခဲရာခဲဆစ်ပြန်တက်ရမည်ဖြစ်သည်။ တချို့ချောက်ကမ်း ပါးပြတ်များသည် ကျွန်တော်တို့ ထိုင်နေ သော ချောက်ကမ်း ပါးထက်ပင် ပိုမြင့်မားနေတတ်သည်။ အများစုကတော့ နိမ့်ပါးကြ၏။

ကျွန်တော်တို့ထဲတွင် မည်သူကမျှ ချောက်ကမ်းပါး၏ ဟိုးအောက်ဖက်လျှိုအဆုံးထိရောက်အောင် မဆင်းဖူးကြပါ။ တစ်ခါတစ်လေ တွင်တော့ အခြားချောက်ကမ်းပါးပြတ်ထိပ် သို့တိုင်တက်၍ အော်ဟစ်ဆူညံနေကြသော လူအုပ်စုများကို ရှားရှားပါးပါးတွေ့ဖူး ပါသည်။ တစ်ကြိမ်တုန်းကတော့ ဟိုးအောက်ဖက်လျှိုထဲသို့ ဆင်းကြဖို့ ကျွန်တော်တို့ အမှန်တကယ် ကြိုးစားခဲ့ဖူး၏။ စက်ဘီးတွေ ကို အပေါ်ဖက်မှာ သော့ခတ်လျက်ထားခဲ့ကာ ဆင်းခဲ့ကြခြင်းဖြစ်ပါသည်။ အောက်ခြေတွင် မြေကြီးခဲများရှိနေသော မတ်စောက် သည့် ဆင်ခြေလျှောများကို လမ်းအဖြစ် ကျွန်တော်တို့အသုံးပြုရပါသည်။ သည့်ထက်ပိုမိုမတ်စောက်သော နေရာများတွင်တော့ မာကျောကျစ်လစ်နေသည့် ချောက်ကမ်းပါးနံရံမြေသားကို ကုပ်တွယ်ပြီး ကျွန်တော်တို့ အောက်ဆင်းရ၏။ တစ်ခါတစ် ရံ ချောက်ကမ်းပါးနံရံမြေသားတွင် တွယ်ကပ်ပေါက်နေသည့် ထနောင်းပင်၊ ကန္တာရပင်များ၏ အကူအညီကို ယူရသည်။ ဆူးများ ကိုလည်း သတိထားရသေး၏။ သည်မှာတင် အောက်ကိုဆက်ပြီးဆင်းနိုင်သော သူနှင့် မဆင်းနိုင်သော သူဟူ၍ လူစုက နှစ်စုကွဲ သွားသည်။ ကျွန်တော်နှင့် အခြားနှစ်ယောက်မှာ ဆင်းနိုင်ပြီး နောက်နှစ်ယောက်မှာ ဆက်မဆင်းနိုင်တော့ပါ။ အောက်ခြေေ ရာက်ဖို့ရန်မှာလည်း အဝေးကြီးလိုနေပါသေးသည်။ ဆင်းနိုင်သော ကျွန်တော်တို့က ဆက်ဆင်းခဲ့ကြရာ နောက်ထပ်ဝါး နှစ်ရိုက်ေ လာက်ထိသာ ဆင်းနိုင်ကြပြီး ဘယ်လိုမှ ဆက်မဆင်းနိုင်လောက်အောင် အကိုင်အတွယ်မရှိသော နေရာတစ်ခုမှာ ကျွန်တော်တို့ ခရီးစဉ် အဆုံးသတ်သွားခဲ့ပါ၏။ ထိုနေရာမှနေ၍ ကျွန်တော်တို့အားလုံးအပေါ်သို့ ပြန်တက်ခဲ့ကြရသည်။ သည့်အတွက် အပြစ် တင်စရာရှိသည်မှာ အလယ်တန်းကျောင်းသားအရွယ် ကျွန်တော်တို့၏ ပုသော အရပ်နှင့် လူကြီးအားအင်ကို မမှီနိုင်သေးသော အချိန်ကာလကိုသာ ဖြစ်ပါလိမ့်မည်။
(၄)

ကျွန်တော်တက်ရသော စာသင်ကျောင်းသည် လူဦးရေနည်းပါးသော နယ်မြို့လေးများ၏ ထုံးစံအတိုင်း တစ်နေကုန်အောင် တက်ရ ပါသည်။ နှစ်စဉ်တက္ကသိုလ်ဝင်းတ န်းအောင်ချက်ကောင်းသော ကျွန်တော်တို့ မြို့ကလေးသည် အနီးအနားမြို့ များနှင့် နှိုင်းယှဉ်လျှင် ပညာရေး မှာ အတော်ကို မြင့်မားသည်ဟု ဆိုနိုင်သည်။ ကစားမက်သော ကျွန်တော်သည်ပင် တစ်နှစ်တစ်တန်းမှန်မှန်အောင်၍ အင်္ဂလိပ်စာဘာသာနှင့် သင်္ချာဘာသာကို ကျူရှင်အမြဲယူထားရသည်။ တစ်ခါတစ်ရံ ကျောင်းမ တက်မီ မနက်ခင်းစောစောမှာ ကျွန်တော် ကျူရှင်သွားရ၏။ အများအားဖြင့်တော့ ကျောင်းဆင်းချိန် ညနေခင်းများသည် ကျွန်တော်၏ ကျူရှင်တက်ချိန်ဖြစ်ပါသည်။ ကျူရှင်ဆရာ၊ ဆရာမများမှာ ကျွန်တော်တို့ကျောင်း၌ သင်ပြသော ဆရာ၊ဆရာမများ ပင် ဖြစ်ကြ၏။

ကျွန်တော်၏ သင်္ချာကျူရှင်ချိန်သည် ကျောင်းဖွင့်ရက်မနက်ပိုင်းတချို့နှင့် စနေ၊တနင်္ဂနွေနေ့တွေမှာ ဖြစ်ပြီး အင်္ဂလိပ်စာကျူရှင် ချိန်မှာ ကျောင်းဖွင့်ရက်ညနေခင်းတိုင်းမှာ ဖြစ်သည်။ ဘာသာမတူသဖြင့် သင်ကြားသော ဆရာများ မတူညီကြသလို ကျောင်း သားများလည်း မတူညီကြပါ။ ကျွန်တော်တက်သော ကျူရှင်နှစ်ခုကို အတူတကွလိုက်တက်ေ သာ ကျောင်းသားတစ်ချို့ ရှိသော်လည်း အနည်းစုသာ ဖြစ်သည်။ ထိုအနည်းစုကို ခဏဖယ်ထားလိုက်လျှင် ကျွန်တော်သည် ကျူရှင်တစ်ခုစီက ကျောင်း သားတစ်ဖွဲ့ချင်းစီနှင့်  ရင်းနှီးသလို ဖြစ်နေသည်။ အင်္ဂလိပ်စာကျူရှင်မှ သူငယ်ချင်းများနှင့် သင်္ချာကျူရှင်မှ သူငယ်ချင်းများဟူ၍ အဖွဲ့နှစ်ဖွဲ့ပင် ဖြစ်ပါသည်။ ထိုနှစ်ဖွဲ့ထဲတွင် သူသည် သင်္ချာ ကျူရှင်မှ သူငယ်ချင်းများအဖွဲ့ထဲတွင် ပါဝင်လာခဲ့ပါသည်။

သူနှင့် ကျွန်တော်သည် မည်သည့်အခါကမျှ ခင်မင်ရင်းနှီးခဲ့ကြဖူးခြင်းမရှိပါ။ ထို့အပြင် သူနှင့် ကျွန်တော်သည် ကျောင်းမှာ အခန်း ချင်းမတူဘဲ စာတော်ပုံရသော သူက Bခန်းက ဖြစ်ပြီး စာညံ့သော ကျွန်တော်က Dခန်းက ဖြစ်သည်။ Dခန်း သည် ကျောင်းတွင် နောက်ဆုံး အခန်းလည်း ဖြစ်ပါသည်။ ကျောင်းမှာ အခန်းချင်းမတူသော်လည်း သင်္ချာကျူရှင်တက်ရာ မှာတော့ ကျွန်တော်တို့နှစ်ယောက် တူညီခဲ့ကြသည်။ ကျွန်တော်သည် သူငယ်ချင်းများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ပါလျက်၊ သူသည်လည်း ဖော်ရွေအေးဆေးသော သွင်ပြင်ရှိပါလျက်၊ သင်္ချာ ကျူရှင်တစ်ခု၌ အတူတကွတက်ရောက်ဖြစ်ကြပါလျက်၊ နားမလည်နိုင်လောက်အောင်ပင် သူနှင့် ကျွန်တော် မခင်မင်မရင်းနှီးခဲ့ကြပါ။ ကျောင်းမှာ အခန်းချင်းမတူသော အခြားသူငယ်ချင်း များနှင့် ကျူရှင်ကျမှ ကျွန်တော်ခင်မင်ရင်းနှီးခဲ့ရသူတွေ အများကြီးရှိသော်လည်း သူကတော့ အမြဲပင် ချွင်းချက်ဖြစ်နေခဲ့သည်။ အဲသည်မနက်ခင်းမတိုင်မီ အချိန်အထိပေါ့လေ။

အဲသည်မနက်ခင်းသည် ကျွန်တော်တို့ အလယ်တန်းကျောင်းသားကျောင်းသူများအတွက် ပထမအစမ်းစာမေးပွဲမတိုင်မှီ စာ ကြည့်ချိန်ပိတ်ရက် စတင်သတ်မှတ်ပေးလိုက်သော နေ့ပြီးဆုံး၍ နောက်တစ်နေ့လည်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် သင်္ချာကျူရှင်ကို သည်နေ့ နောက်ဆုံးလာကြခြင်း ဖြစ်ပြီး နောက်ရက်များတွင် မိမိအိမ်၌ပင် စာကျက်ရတော့မည်ဖြစ်၏။ ဆရာမ က စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရမည်များကို မှာကြားသည်။ ထို့အပြင် အရေးကြီးသော ပုစ္ဆာများကို ကျောက်သင်ပုန်း တွင် ကောက်နုတ်ချက်များပေးသည်။ ကျူရှင်နောက်ဆုံးနေ့ဖြစ်သဖြင့် တချို့ကျောင်းသားများသည် ပျော်မြူးနေကြကာ အခါတိုင်းကျူရှင်တက်ချိန်များနှင့်မတူဘဲ အခန်းလေးသည် ဆူညံနေလေသည်။ ကျူရှင်ဆင်းလျှင် ကျွန်တော်တို့အား လုံး ကျောင်းပိတ်ရက်ထဲ ရောက်ရှိသွားမည်မဟုတ်လား။ ကျွန်တော်တို့ပုံစံက ပထမ အစမ်းစာမေးပွဲ ဖြေရန်ေ ကျာင်းပိတ် သည်နှင့် မတူဘဲ စာမေးပွဲပြီး၍ ကျောင်းပိတ်သည့်ပုံစံမျိုးဖြစ်နေခဲ့သည်။ ကျွန်တော်တို့အားလုံးသည် ကျောက်သင်ပုန်းပေါ်မှ သင်ခန်းစာများကို လျင်လျင်မြန်မြန်ပဲ ကူးယူနေကြသည်။

ထိုနေ့က သူသည် ကျွန်တော့်နောက်ဖက်ရှိ ခုံတန်းရှည်တစ်ခုမှာ ထိုင်ခဲ့သည်။ သို့သော် လက်ရေးနှေးသော ကျွန်တော့်ထက် သူက အလျင်စောစီးစွာ သင်ခန်းစာကို ကူးယူပြီးဆုံး သွားခဲ့သည်။ သူ့လိုပင် လျင်မြန်စွာ စာကူးပြီးသွားသော ကျောင်းသားေ ကျာင်းသူများ၏ ကွန်ပါဗူးပိတ်သံ၊ လွယ်အိတ်ထဲ စာအုပ်ထည့်သံ၊ ကျောပိုးအိတ်ဇစ်ပိတ်သံများက အခန်းလေးထဲ တွင် ရှေ့ဆင့်ေ နာက်ဆင့်ဆိုသလို ထွက်ပေါ်လာကြသည်။ ခဏကြာသောအခါ အလျင်ပြီးသူများက မပြီးသေးသူများကို စနောက်ကြသံ၊ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက် ကြသံ၊ ပြန်ဆုံတွေ့ရန်ချိန်းဆိုကြသံများဖြင့် စာသင်ခန်းလေးသည် ပိုမိုဆူညံလို့ သွားပါသည်။
“ဖိုးချင်းရေ…မနက်ဖြန် ငါတို့ စောင့်နေမယ်နော် မင်းထွက်ခဲ့”
“အေးအေး”
ရုတ်တရက် ကျွန်တော့်ကျောပြင်ပေါ် တစ်စုံတစ်ယောက်၏ လက်တစ်ဖက်ကျရောက်လာသလို ခံစားလိုက်ရသည်။ အမှန်မှာ သူက ကျွန်တော့်ကျောပြင်ကို လှမ်းပုတ်လိုက်ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပဲ သူ့အသံက ကျွန်တော့်ဘေးဘက်မှ နီးကပ် စွာ ပေါ်ထွက်လာသည်။
“ သွားပြီ ဇင်ကိုရေ”
ကျောက်သင်ပုန်းပေါ်မှ နောက်ဆုံးစာကြောင်းကို ကူးနေရင်းလက်စဖြင့် မော့ကြည့်လိုက်သောအခါမှသာ သူမှန်း ကျွန်တော် သိလိုက်ရခြင်းဖြစ်သည်။ သူ့ကို ကျွန်တော်မော့ကြည့် ရင်း ကြောင်နေခဲ့သည်။ ကျွန်တော့်ကို သူလူမှားပြီးများနှုတ်ဆက်လိုက် သလား။ သို့သော် လည်း ကျွန်တော့်နာမည်ကို သူတိတိကျကျခေါ်ပြီး နှုတ်ဆက်သွားခဲ့တာဖြစ်သည်။ ကြောင်ပြီး ကြည့်နေသော ကျွန်တော့်ကို သူဘယ်လို ထင်လိုက်သလဲမသိပါ။ သူက ပြုံးပြသည်။ ထိုအခါမှ ပြန်ပြုံးပြရန်သတိရပြီး သူ့ကို ကျွန်တော်ပြုံးပြ လိုက်သော်လည်း ကျွန်တော့်အပြုံးမဆုံးခင်မှာပင် သူကလှည့်ထွက်သွားလေပြီ။ ဒါဟာ ကျွန်တော့်ဘ၀ထဲမှာ သူ့ကို နောက်ဆုံး အကြိမ်တွေ့ဆုံခဲ့ရတာလို့ ကျွန်တော် ဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ။ နောက်တစ်နေ့ကျောင်းပိတ်ရက် တွင် သူအပါအ၀င် သူတို့ B ခန်းမှ သူငယ်ချင်းလေးယောက် စုပေါင်း၍ မြို့ကလေး၏ ဧရာဝတီမြစ်ကမ်းပါးတစ်နေရာသို့ ပျော်ပွဲစားထွက်ကြသည်ဟု ကျွန်တော်ပြန်ကြားရသည်။ သူတို့အားလုံး အနည်းငယ်မူးယစ်နေခဲ့ကြကြောင်း ကိုလည်း သူတို့ကျန်ရစ်ခဲ့ကြသော နေရာမှ ဘီယာဗူးခွံများက သက်သေခံနေခဲ့သည်။ နောက်တော့ သူတို့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးကြရာ ကံဆိုးစွာပင် သုံးယောက် က ရေနစ်သေဆုံးသွားခဲ့ကြပြီး ထိုအထဲတွင် သူပါဝင်သွားခဲ့၏။ သူတို့သတင်းသည် နှစ်ပေါင်းများစွာအတွင်း မြို့ကလေး၏ ရင်နာစရာကောင်းသော ဖြစ်ရပ်ဆိုးသတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါသည်။ သူတို့အဖွဲ့နှင့်အတူ ပျော်ပွဲစားမလိုက်ဖြစ်ဘဲ ကျန်ရစ် ခဲ့ သော သူငယ်ချင်းများမှာ ကံကောင်းသူများပင်ဖြစ်ပါသည်။

သည့်အရင်က သူနှင့်ကျွန်တော့်ကြားမှာ ဘာအတားအဆီးမှ မရှိပါဘဲလျက် ဘာကြောင့် ကျွန်တော်တို့ချင်းခင်မင်ခွင့်မရှိခဲ့ရသ နည်း။ သည့်အရင်က သူနှင့်ကျွန်တော့်ကို ကြားသူငယ် ချင်းတစ်ဦးဦးက ဘာကြောင့်မိတ်မဆက်ပေးခဲ့သနည်း။(ဥပမာ-ပျော်ပွဲ စားမလိုက် ဖြစ်ခဲ့ သော ဖိုးချင်းကပဲ ဖြစ်ဖြစ်)။ အထူးဆန်းဆုံးမှာ သည့်အရင်က သူနှင့် ကျွန်တော်မခင်မင် မသိကျွမ်းခဲ့ပါဘဲနှင့် ထိုနေ့က ကျူရှင်အပြန်မှာ သူဘာဖြစ်လို့ ကျွန်တော့်ကို နှုတ်ဆက်သွားခဲ့ပါသနည်း။ ဤအဖြေများကို ကျွန်တော်ဘယ်သောခါမှ သိခွင့်ရနိုင်တော့မည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် အဲသည်မနက်ခင်းပြီးဆုံးသွားပြီးနောက်ပိုင်း ကျွန်တော့်ဘ၀တစ်လျှောက်လုံးတွင် သူသည် ကျွန်တော်ခင်မင်ရသော အခြားသော သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့သည်။ မြို့ကလေးဆီမှ ကျွန်တော်၏ အခြားေ သာသူငယ်ချင်းများဖြစ်ကြသော မြင်းဟီသံများ၊ ရေနံတူးယန္တယားကြီးများ၊ ဧရာဝတီမြစ်ကမ်းပါး၏ ချောက်ကမ်းပါးယံများကဲ့သို့ ပင် ဖြစ်ပါသည်။        ။

လွန်းဆက်နိုးမြတ်
၂၀.၉.၁၂
ညနေ ၀၅း၂၀နာရီ
ဇီဝကမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊၂၀၁၃၊

အခွင့်အရေး

DSC01607အခွင့်အရေး

အဲဒီ့ညနေက လူသေတယ်။ နေရာက ရပ်ကွက်အစွန်ပိုင်းက ရေမြောင်းထဲမှာ။ အလောင်းကို သွားကြည့်တဲ့ လူတွေဟာ တစ်အုပ် ပြီးတစ်အုပ် ကျွန်တော့်အိမ်ဘေးလမ်းကနေ  အဲဒီ့ရေမြောင်းကြီးဆီသွားကြတယ်။ တချို့ကလည်း အလောင်းကြည့်ပြီးလို့ ပြန်လာတယ်။ သွား ကြည့်တဲ့ လူတွေနဲ့ ကြည့်ပြီးပြန်လာတဲ့ လူတွေ ဆုံကြတော့ အလောင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်မျိုးစုံပြောကြတယ်။ သူတို့ ပြောပုံအရ အလောင်းဟာ အရွယ်ကောင်းယောကျာ်းတစ်ယောက်ပဲ။ နောက်ပြီး အလောင်းနားမှာ ရဲမရောက်သေးဘူး။ တချို့ကလည်း ကိုယ့် အသိဖြစ် နိုးနိုး၊ ကိုယ့်တူကိုယ့်သားဖြစ်နိုးနိုးနဲ့ မှောက်နေတဲ့ အလောင်းကို အနီးစပ်ဆုံးဆိုင်ရာလူကြီးတွေ အကူအညီယူပြီး လှန်ကြည့်ကြတယ်။ ဒါပေမယ့်လို့ အလောင်းပိုင်ရှင်ပေါ် မလာဘူး။ အဲဒီ့ညနေက မျိုးခင်တို့နဲ့ ချိန်းထားလို့ အလောင်းကို ကျွန်တော်သွားမကြည့်ဖြစ်ခဲ့ဘူး။ မျိုးခင်တို့ ဆိုတာက မျိုးခင်နဲ့ ထွန်းလှကို ပြောတာ။ အဲဒီ့တလောမှာ ဒီကောင်တွေနဲ့ ဘီယာဆိုင်မှာ ကျွန်တော်အဖွဲ့ကျနေတတ်တယ်။ ဘီယာဆိုင်ရောက် တော့ မျိုးခင်တို့က ရောက်နေနှင့်ပြီ။
    

မျိုးခင်နဲ့ ထွန်းလှက ကျွန်တော်လာတာကို အသိအမှတ်ပြုတဲ့ သဘောတောင်မှ မရှိဘူး။ သူတို့ ပြောလက်စ စကားကိုပဲ ဆက်ပြောနေကြတယ်။ အထာသိနေတဲ့ စားပွဲထိုးလေးကပဲ ခွက်လွတ်တစ်လုံးယူလာပြီး စားပွဲအလယ်က ဘီယာဂျားထဲကနေ ကျွန်တော့်အတွက် ဘီယာငှဲ့ပေးတယ်။ ဟိုနှစ်ကောင်ပြောနေတာက ခုတလော ခြံဈေးတွေ နည်းနည်းပြန်လှုပ်လာတဲ့ အကြောင်း။ ဒီအကြောင်းကို ကျွန်တော်စိတ် မ၀င်စားဘူး။ အစကတည်းက စကားဝိုင်းထဲမှာ ကျွန်တော်မပါခဲ့တော့ ကျွန်တော်ကလည်း ဟိုနှစ်ကောင်ကို အသိအမှတ်ပြုတဲ့ သဘော မျိုး ပြန်မလုပ်ပြဖြစ်ဘူး။ အဲဒီ့အစား ဘီယာကိုပဲ တကျိုက်ယူမော့လိုက်တယ်။ ဟိုနှစ်ကောင်ရဲ့ ခြံဈေးလှုပ်တဲ့ ကိစ္စဟာ တော်တော်ကြာတယ်။ ခြံဈေးနဲ့ စီးပွားတက်သွားတဲ့ လူတွေ အကြောင်းပြောရာကနေ စီးပွားပျက်ပြီး ကိုယ့်ကိုယ်ကိုယ်ကိစ္စတုံးပစ်တဲ့ လူတွေအကြောင်းရောက်လာတယ်။ ညနေက လူသေအလောင်းကို စိတ်ကူးထဲမှာ ကျွန်တော်ဖြတ်ခနဲ သတိရ သွားတယ်။ ဒါပေမယ့်လို့ အလောင်းက အရက်မူးပြီး မြောင်း ထဲပြုတ်ကျသေတာလို့ ပြောကြတယ်။

နောက်ထပ်ဘီယာတစ်ဂျားထပ်ရောက်လာတော့မှ ဟိုနှစ်ကောင် စကားစပြတ်သွားတယ်။ နှစ်ကောင်စလုံး ကျွန်တော့်ကို ခုမှမြင် သွားသလိုလို ပုံမျိုးဖမ်းကြတယ်။ မင်းတို့အိမ်နားမှာ လူသေလို့ဆိုလို့ မျိုးခင်က ဆိုင်းမဆင့်ဗုံမဆင့်မေးတယ်။ ကျွန်တော်က ငါတို့အိမ်နဲ့ တော် တော် ဝေးပါသေးတယ်ကွာလို့ ပြန်ဖြေလိုက်တယ်။ သေတဲ့လူက ဘယ်သူလဲလို့ ထွန်းလှ ကမေးပြန်တယ်။ မသိဘူး ငါတို့ရပ်ကွက်ထဲကတော့ မဟုတ်ဘူးလို့ ကျွန်တော်ထပ်ဖြေလိုက်တော့ မျိုးခင်က မင်းသွားမကြည့်ဘူးလားလို့ ဆက်မေးတယ်။ ကျွန်တော်က ခေါင်းကိုခါရင်း ဟင့်အင်း မကြည့်ချင်ဘူးလို့ ဖြေလိုက်တယ်။ အင်း လူတွေလည်း သေနေကြတာပဲလို့ မျိုးခင်က တရားရသံလိုလို ဘာလိုလို မှတ်ချက်ချပြီး ကြက်ဆီဗူးကင်ကို တစ်ကိုက်ကိုက် လိုက်တယ်။ အဲဒီ့အချိန်မှာပဲ ဘီယာဆိုင်ရဲ့ ပရိုဂျက်တာပေါ်မှာ အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပွဲတစ်ပွဲပေါ်လာတယ် ။ ကျွန်တော်ရော ဟိုနှစ်ကောင်ရော ငြိမ်သက်သွားကြတယ်။

အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးမီးတွေပြတ်ပြီး မှောင်မဲနေလေရဲ့။ ကျင့်သားရနေလို့ အိမ်သော့ကို အလွယ်တကူပဲ ကျွန်တော် ဖွင့်လိုက်နိုင်တယ်။ အမှန်တော့ ဒီအိမ်က ကျွန်တော့် အိမ်မဟုတ်ဘူး။ ကျွန်တော်နဲ့ စေ့စပ်ထားတဲ့ ကောင်မလေးရဲ့ အိမ်။ နောင် ကျွန်တော်တို့ လက်ထပ်ပြီးရင် ဒီမှာနေရမှာ။ ဒါပေမယ့်လို့ လက်မထပ်ခင်မှာကို မကြာမကြာလာနေနေလို့ ဟိုနှစ်ကောင်ကတောင် မင်းတို့အိမ်ဆိုပြီး နှုတ်ကျိုးနေပြီ။ အခုတော့ ကျွန်တော့်ကောင်မလေးမရှိဘူး။ သူ့မိဘတွေနဲ့ မော်လမြိုင်ကို ခရီးထွက်သွားတယ်။ သူတို့က မော်လမြိုင် ဆက်တွေ။ ကျွန်တော်နဲ့ အိမ်ထောင်မကျခင် မော်လမြိုင်က ဆွေမျိုးတွေဆီ တစ်ခေါက်သွားလည်တာ။ အစက ကျွန်တော်ပါလိုက်ဦးမလို့ပဲ။ နောက် တော့ ကျွန်တော့်မှာ လိုက်မရတဲ့ ကိစ္စပေါ်လာလို့ လိုက်မသွားဖြစ်တော့ဘူး။ လက်ထပ်ပြီးမှပဲ ထပ်သွားကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် မလိုက်ဖြစ်တဲ့ ကိစ္စက တခြားမဟုတ်ဘူး။ ကျွန်တော့်ယောက္ခ မလောင်းကြီးက ဗေဒင်သိပ်ယုံတယ်။ ဗေဒင်ဆရာက ဒီရက်ပိုင်း ကောင်မလေးနဲ့ အတူတူ ကျွန်တော်ခရီးမထွက်ရဘူးဆိုပြီး ပြောသတဲ့။ ခရီးထွက်ရင် လက်ထပ်ပွဲပျက်မယ်လို့လည်း ထပ်ဟောသေးသတဲ့။ ဒါနဲ့ပဲ ခရီးထွက်ဖို့ အစစအရာရာ စိတ်ကူးယဉ်ပြင်ဆင်ပြီးကာမှ ကျွန်တော်နေခဲ့လိုက်ရတယ်။

တံခါးပိတ်ပြီး အိမ်ထဲကို အ၀င်မှာ ကျွန်တော့်စိတ်ထဲ မသိုးမသန့်ဖြစ်မိတယ်။ အိမ်ထဲမှာ လူတစ်ယောက်ရောက်နေသလိုမျိုး ခံစား ရတယ်။ ဖယောင်းတိုင်ရှာထွန်းပြီး တစ်အိမ်ခန်းလုံးနှံ့ အောင် ကျွန်တော်လျှောက်ရှာကြည့်ပေမယ့် ဘာမှမတွေ့ဘူး။ အဲဒါပြီးတော့ ကျွန်တော် ဗိုက်ဆာလာတယ်။ ဒါနဲ့ ဘီယာဆိုင်ကနေ ပါဆယ်ဆွဲလာတဲ့ ထမင်းပေါင်းထုပ်ကို ပန်းကန်ပြား တစ်ချပ်ထဲ လှယ်ထည့်ပြီး ညစာတည်လိုက်တယ်။ ထင်သလောက်စားမကောင်းဘူး။ ညစာစားမကောင်းတာနဲ့ ဆိုင်လား မဆိုင်လားတော့မသိဘူး။ ကျွန်တော့်ကောင်မလေးကို သတိရမိ သွားပြန်တယ်။ မနက်ပိုင်းတုန်းက ကျွန်တော့်ဆီ သူ ဖုန်းဆက်သေးတယ်။ ဘာမှထူးထူးခြားခြားမရှိလှပါဘူး။ တခြားသမီးရည်းစားတွေလိုပဲ။ သာ ကြောင်းမာကြောင်း အဆင်ပြေကြောင်းကနေ လွမ်းကြောင်း ချစ်ကြောင်းဆိုတာတွေပါပဲ။ ဟိုဖက်ညက အိပ်မက်ထဲမှာ သူ့ကို မြွေပေါက်လိုက် တယ်ဆိုတဲ့ ကိစ္စပဲ နည်းနည်းထူးခြားတယ်။ ဒီလိုအိပ်မက်မျိုး ကလည်း ကျွန်တော့်ကောင်မလေး မကြာခဏမက်နေကျ အိပ်မက်တွေလိုပါပဲ။ သူ့ကို ဆင်ပျံကြီးက ကမ္ဘာတစ်ပတ်ကျောပေါ်တင်ပြီး ပျံသန်းသွားတာ။ အဆုံးမရှိတဲ့ ဧရာမချောက်နက် ကြီးထဲ သူပြုတ် ကျတာ။ သူ့တစ်ကိုယ်လုံးမှာ အပင်စိမ်းစိမ်လေးတွေပေါက်လာပြီး ပန်းပွင့်နီနီလေးတွေပွင့်တာ။ အို သူပြောဖူးတာ စုံလို့ပါပဲ။

ကျွန်တော့်ယောက္ခမလောင်းကြီးက ဗေဒင်ခရေဇီဆိုရင် ကျွန်တော့် ကောင်မလေးကိုတော့ အိပ်မက်ခရေဇီလို့ ပြောရမယ်။ သူမက်သမျှ အိပ်မက်တွေကလည်း ထူးပေ့ဆန်းပေ့တွေ ချည်းပဲ။ သာမန်စိတ်ကူးနဲ့တောင် မတွေးဖူးတဲ့ အိပ်မက်မျိုးတွေ။ ဓာတုဗေဒဆရာမဆိုတဲ့ သူ့အလုပ်အကိုင်နဲ့ သူ့အိပ်မက်တွေက ဘာမှတောင်မဆိုင်ဘူး။ တစ်ခါတုန်းက ကျွန်တော်မက် တဲ့ အိပ်မက်တွေကို သူမေးတော့ ကျွန်တော်က ဘာလဲ ကိုယ့်အိပ်မက်တွေကို ဓာတ်ခွဲကြည့်မလို့လားလို့ နောက်လိုက်တယ်။ သူက ရယ်ရင်း မဟုတ်ပါဘူး မောင်ရယ် ပြောမှာ သာပြောစမ်းပါ လို့ မေးတယ်။ ဒါပေမယ့်လို့ အိပ်မက်တွေနဲ့ပတ်သက်လို့ ကျွန်တော် ဘာမှ ပြန်မဖြေနိုင်ဘူး။ ကျွန်တော်က ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော် တဲ့ ကောင်။ အိပ်မက်တွေ ဘာတွေ မက်တော့မက်ပေမယ့်လို့ ဟုတ်တိပတ်တိ မှတ်ထားမိတာမျိုးမရှိဘူး။ ထူဆန်းတာတွေလည်း မမက်ဖူးဘူး။ သူကတော့ အိပ်ယာဘေးမှာ စာအုပ်နဲ့ ဘောလ်ပင် အသင့်ချထား တယ်။ အိပ်ယာနိုးလာတာနဲ့ သတိရသမျှ အဲဒီ့စာအုပ်ထဲ အိပ်မက်တွေ အကုန်ချရေးတော့တာ။ ဒါနဲ့ပတ်သက်လို့ သူပြောဖူးတာလေးတစ်ခု သွားအမှတ်ရတယ်။ ကျွန်တော်က အင်္ဂလိပ်စာမှာ လူတကာထက် ထူးချွန်အောင် အလင်းပေါက်သလောက် အိပ်မက်မက်တဲ့ နေရာမှာတော့ အကန်းတဲ့။ ကျွန်တော်ဟာ အိပ်မက်ကန်းသူတဲ့။ ဘာရယ်မဟုတ်ဘဲ အဲဒီ့တုန်း က သူပြောတာ ကဗျာသိပ်ဆန်နေလို့ ဘယ်အချိန်ပြန်တွေးတွေး ကျွန်တော်မမေ့တော့ဘူး။

ဖယောင်တိုင်မီးကိုကိုင်ရင်း အိမ်ရှေ့ခန်းဖက် ကျွန်တော်ထွက်လာခဲ့လိုက်တယ်။ တစ်အိမ်လုံးတိတ်ဆိတ်လို့နေရဲ့။ ကျွန်းဆက်တီ ခုံပေါ် ၀င်ထိုင်လိုက်ရင်း ကျွန်တော့်စိတ် က ကောင်မလေးအကြောင်းတွေးနေရာကနေ ဟိုနှစ်ကောင်အကြောင်းကို ဘယ်လိုကဘယ်လို သတိ ရမိသွားလဲမသိဘူး။ ညနေက ဘီယာဆိုင်မှာ ဘောလုံးပွဲကြည့် ရင်း ငြင်းခုံခဲ့ကြတာကြောင့်ပဲလား။ ကျွန်တော်အားပေးတဲ့ ဘောလုံးအသင်းရှုံး ခဲ့လို့ တစ်ဝိုင်းလုံးစာ ကျွန်တော်ပဲ ဒိုင်ခံရှင်းခဲ့ရတာကြောင့်ပဲလားတော့ သေချာမသိပါဘူး။

ဟိုနှစ်ကောင်ထဲက မျိုးခင်က ကျွန်တော်တို့ထဲမှာ အိမ်ထောင်အရင်ကျတာ။ ကလေးတောင် နှစ်ယောက်ရှိပြီ။ အလုပ်အကိုင်က တော့ ဘုရားစူးသင်္ဘောသား။ ဘုရားစူးသင်္ဘောသား လို့ ပြောရတာက အကြောင်းရှိတယ်။ ဒီကောင်က မိန်းမရပြီးနောက်ပိုင်း သင်္ဘောတစ်ခါ တက်ပြီးကတည်းက အနားယူတာ ငါးနှစ်ရှိသွားပြီ။ မေးလိုက်ရင်တော့ ဒီနေ့ပဲ သင်္ဘောပြန် တက်မလို မနက်ဖြန်ပဲ ပြန်တက်မလိုနဲ့။ နောက် ထွန်းလှဆိုတဲ့ ကောင်ကရော ဘာထူးသေးလဲ။ အသက်သာ ၃၀ကျော်နေတာ အခုထိ မိဘအိမ်မှာ ကလေးလုပ်လို့ကောင်းနေတုန်း။ မိန်းမသာ မယူသေးတာ ကျွန်တော်တို့ထဲမှာ မိန်းမအကြောင်း အရင်ဆုံးစသိတာလည်း ဒီကောင်ပဲ။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး အခုလို လက် ထပ်ဖြစ်တော့မယ့် အကြောင်း ရင်းတွေထဲမှာ ဒီကောင်မြှောက်ပေးတာတွေကလည်း အဓိကနေရာမှာ ပါနေတယ်။

ခဏကြာတော့ ဗိုက်ပြည့်သွားတာရယ် ဘီယာတန်ခိုးရယ်ပေါင်းပြီး ကျွန်တော်အိပ်ချင်လာတယ်။ နေ့လည်တုန်းက အင်္ဂလိပ်စာ ကျူရှင်တစ်ခုကို သွားသင်ပေးထားလို့ ပင်ပန်းတာလည်း ပါလိမ့်မယ်။ အိပ်ခန်းထဲရောက်တော့ ဖယောင်းတိုင်မီးကို ဟုတ်ခနဲငြိမ်းပြီး ကျွန်တော် ကုတင်ပေါ်တက်လိုက်တယ်။ ဒီညဟာ သူမရှိတဲ့ ကုတင်မှာ အိပ်ရတာ ကျွန်တော့်အတွက် သုံးညမြောက်ပဲ။ ဘယ်နေရာက၀င်လာမှန်းမသိရတဲ့ ထူးဆန်းတဲ့ စေ့ဆော်မှုတစ်ခုနဲ့အတူ လျှပ်တပြက်အတွင်းမှာ သူ့ခေါင်းအုံးလေးကို ကျွန်တော် လှမ်းယူအုံး လိုက်မိတယ်။ ကျွန်တော့်စိတ်ထဲ နည်းနည်းမောနေသလိုလိုပဲ။ နောက်နေ့ ဟိုနှစ်ကောင်နဲ့ ဘီယာဆိုင်မထိုင်ဘဲ နေဦးမှလို့ တွေးလိုက်တယ်။ မကြာခင်မှာပဲ သူ့ခေါင်းအုံးသား အိအိလေးေ ပါ် ခေါင်းတင်ရင်း ကျွန်တော်အိပ်ပျော်သွားတယ်။ အဲဒီ့မှာ ထူးထူးဆန်းဆန်းအိပ်မက်တစ်ခုမက်တယ်။  အိပ်မက်ထဲမှာ အရမ်းများ ပြားတဲ့ မြွေဆိုးတွေကြား ကျွန်တော်ရောက်သွား တယ်။ ကျွန်တော်ဟာ မြွေဆိုးတွေကြားက ခြေချစရာ ခြေတစ်ဖ၀ါးစာ မြေလေးကို မရမကရှာပြီး အဝေးက ကျွန်တော့်ကောင်မလေးဆီ ပြေးသွားနေမိတယ်။ သူ့နောက်မှာ အရွယ်ပိုကြီး တဲ့ မြွေဆိုးတစ်ကောင် ရောက်နေတာကို သူ မသိ ပေမယ့်လို့ ကျွန်တော်က လှမ်းမြင်နေရတယ်။ ကျွန်တော့်အော်သံဟာ တိုးသိမ်လွန်းတော့ သူလုံးဝ မကြားရဘူး။ သူ့အန္တရာယ်ကို သူမသိဘဲ ကျွန်တော့်ကို လှမ်းပြုံးပြတယ်။ ကျွန်တော်ဟာ အိပ်မက်ထဲမှာ ဖြစ်တည်မှုတွေ ယောက်ယက်ခတ်နေတယ်။

ဧည့်ခန်းထဲက ဆူညံနေတဲ့ တယ်လီဖုန်းမြည်သံကြောင့်သာမဟုတ်ရင် ကျွန်တော်ဟာ မြွေဆိုးဝင်္ကပါအိပ်မက်ထဲကနေ ထွက်လာ နိုင်မယ်မထင်တော့ဘူး။ အပြင်မှာ မိုးကြီးစင်စင်လင်းေ နပြီ။ တယ်လီဖုန်းမြည်သံက မနက်ခင်းကို စူးစူးဝါးဝါးတွန့်လိမ်ရွဲ့စောင်းသွားစေတယ်။ နေရောင်ခြည်ဟာ ကျွန်းဆက်တီခုံတွေပေါ်ကို အငမ်းမရတွားတက်လို့ နေရဲ့။ ရွှဲနစ်နေ တဲ့ ချွေးစေးတွေနဲ့ တယ်လီဖုန်းခွက်ဟာ ကျွန်တော့် လက်ထဲမှာ ချောကျိကျိနဲ့ ပါလာတယ်။ ဟဲလိုလို့ ကျွန်တော် အမောတကော ထူးလိုက်တယ်။  ရုတ်တရက် တစ်ဖက်က ဖုန်းပြောသူ ရဲ့ စကားသံဟာ ကျွန်တော့် နားထဲ ဗို့အားအရမ်းပြင်းပြင်းကြီး ဖြတ်စီးသွားသလို ထင်လိုက်ရတယ်။ ကျွန်တော့် လက်ထဲက ဖုန်းခွက်လွတ် ကျသွားတယ်။ ကျွန်တော့်ကောင်မလေးေ မ်ာလမြိုင်မှာ ပိုးထိလို့ ဆုံးသွားပြီဆိုတဲ့ ယောက္ခမလောင်းကြီးရဲ့ ငိုကြီးချက်မ ပြောသံဟာ ကျွန်တော့် နားထဲမှာ အငွေ့တလူလူ စွဲလောင်နေတယ်။ အဖြစ်အပျက်တွေက အိပ်မက်ဆန်စွာ လျင်မြန်လွန်းလှတယ်။

အဲဒီညကစတင်လို့ ကျွန်တော့်အိပ်စက်မှုတွေဟာ ပုံစံမျိုးစုံနဲ့ ထူးဆန်းတဲ့ အိပ်မက်တွေရဲ့ လုယူခြင်းကို ခံလိုက်ရတော့တာပါပဲ။ ကျွန်တော့်ဖက်က ပြန်ရတာဆိုလို့ အိပ်မက်ထဲမှာ အန္တရာယ်အသွယ်သွယ်ကြားကနေ ကျွန်တော့်ကို လှမ်းပြုံးပြနေတဲ့ သူ့ကို မြင်တွေ့ခွင့်ရတဲ့ သေးငယ်လွန်းတဲ့ အခွင့်အရေးလေးတစ်ခု။        ။

လွန်းဆက်နိုးမြတ်
၂၉.၈.၁၂
ညနေ ၀၃း၃၀ နာရီ

Color of Life Magazine.2012.

ပန်းဝတ်ရောင်ထွေ

DSC01286ပန်းဝတ်ရောင်ထွေ

တောထဲမှာ သူတို့အားလုံးလူစုကွဲသွားကြသည်။ တခြားသူတွေတော့မသိ။ သူကတော့ နောက်ပြန်လှည့်လာခဲ့သည်။ အားလုံး သဘောတူညီမှုဖြင့် အရေးပေါ် ဆုံမှတ်တစ်ခုကို သူတို့ သတ်မှတ်ထားခဲ့ကြသည်။ ထိုဆုံမှတ်နေရာကို ရောက်ဖို့အတွက် နောက်ပြန်လှည့် ရမည်။ တောလမ်းက ရှည်လျားပြီး ရှုပ်ထွေးနေသည်။ အလာတုန်းက လာခဲ့သော လမ်း ဟုတောင် မထင်ရ။ စိတ်ထဲမှာ စိမ်းလွန်းနေသည်။ အလာတုန်းကလောက် မရင်းနှီးသလို ခံစားရ၏။ အမှန်တော့ အလာတုန်းက တစ်ဖွဲ့လုံးဟေးလားဝါးလားနှင့် လာခဲ့ကြတာဖြစ်သည်။ လမ်းကိုတောင် ကောင်းကောင်းသတိမပြုမိခဲ့ကြ။ ခုတော့ သူတစ်ယောက်တည်း မျက်စိသူငယ် နားသူငယ်ဖြစ်နေပြီ။

အနီးရှိသစ်ပင်တစ်ပင်ပေါ် ရှည့်နှစ်ကောင် ရှေ့ဆင့်နောက်ဆင့်ပြေးတက်သွားကြတာ မြင်သည်။ ဘယ်နေရာက မှန်းမသိ ငှက် တစ်ကောင်အော်မြည် သံက စူးစူးရဲရဲပေါ်ထွက်လာသည်။ စိတ်ထဲမှာ ငြိမ်းချမ်းသလို ခံစားလိုက်ရ၏။ ထူးဆန်းသည်။ အဖွဲ့နှင့်အတူ လာစဉ်က ထိုခံစားမှုမျိုးမရ။ လူဆိုတာ တစ်ယောက်တည်းရှိနေကာမှ ငြိမ်းချမ်းမှုကို ရတာလား။ သူအတွေးကို သူကိုယ်တိုင်ပြုံးဖြစ်သွားသည်။ တောလမ်းလေးအတိုင်း သူပြုံးရင်း လျှောက် လာခဲ့သည်။ ခြေလှမ်းတွေက ပေါ့ပါးနေသည်။ သီချင်းတစ်ပုဒ်လောက် နားထောင်ချင် စိတ်ပေါက်မိသည်။ သို့ရာတွင် Mp-4၊ Hand Phone စသော ပစ္စည်းများကို တောထဲမ၀င်ခင် အပြင်က သူတို့ကားတွေထဲမှာ စည်းကမ်းအရ ထားခဲ့ကြရ၏။ အားလုံးသဘောတူညီသတ်မှတ်ထားသော စည်းကမ်း။ ပန်းဝတ်ရောင်ထွေ၊ တင့်မျိုးနေသည်၊ ပြာခြေဖြူညွန့်၊ လည်ရေးတန့် နှင့်၊ ခပ်ဖန့်တောင်ပံ၊ ရွှေရည်ကျံသည် ၊ နှိုင်းစံတက်ဝေး၊ သင်္ဘောကျေး။ ဦးတိုး၏ ရတုတစ်ပိုဒ်ကို သူတီးတိုးရေရွတ်ဖြစ်သည်။ စိတ်ထဲမှာ ပြည့်စုံသွား၏။ သူဆက်လျှောက်လာခဲ့သည်။ ခြေသံကြောင့် တောလမ်းဘေးခြုံငယ်တွေထဲမှ အကောင်ဘလောင်လေးများ ပြေးလွှားသွား ကြပုံရသည်။ ခြုံငယ်များ သိမ့်ခနဲ လှုပ်ခါသွားသော်လည်း အကောင်ကိုယ်ထည်ကို မမြင်ရ။ ခဏကြာတော့ သူနည်းနည်းဟိုက်လာသည်။ အောက်ခြေရှင်းသော ခပ်လတ်လတ် သစ်ပင်တစ်ပင်ရှာကာ ပင်စည်ကို မှီရပ်ရင်း ကျောပိုးအိတ်ကို ဖြုတ်သည်။ ထို့နောက် အထဲမှ ရေဗူးကို ထုတ်ယူ၍ မော့သောက်လိုက်သည်။ ရှေ့ကို မျှော်ကြည့်တော့ အတော်သွားရဦးမည့်ပုံ။ တခြားသူတွေကို ဖျပ်ခနဲ သူသတိ ရလိုက်၏။ အများစုကတော့ ဆုံမှတ်ရှိရာ နောက်ကြောင်းကို ပြန်လှည့်လာဖို့များသည်။ သို့သော်မသေချာ။ သူတို့ချင်းပြန်တွေ့သွားပြီး ရှေ့ခရီး ဆက်ချင် လည်း ဆက်နိုင်သေးသည်။ ဒါမှမဟုတ် လမ်းပျောက်ကာ ရှေ့မရောက် နောက်မရောက်လည်း ဖြစ်နေနိုင်သေးသည်။ သူဆက်မတွေးတော့။

ပင်စည်ကို မှီရပ်နေရာမှ လျှောရွေ့ထိုင်ချလိုက်သည်။ ကျောပိုးအိတ်ထဲက အသင့်ခေါက်ထည့်ထားသော ဂျာနယ်ဖြင့် တင်ပါးအောက်မြေပြင် ကို ခေါက်လျက်အနေအထားအတိုင်းပဲ ထိုးခင်းလိုက်သည်။ တောဆောင်းဦးထုပ်ကို သူချွတ်လိုက်တော့ စေးထန်းသော ချွေးတွေက လေနှင့် ထိပြီး အေးမြလို့ သွား၏။ မျက်နှာပေါ် နေပြောက်အနည်းငယ်ကျသဖြင့် ဦးထုပ်ကို မျက်လုံးပေါ်တယ်ဆိုရုံ အုပ်ကွယ် ထားလိုက်သည်။ အကြည့် က မြက်ပင်ငယ်လေးတွေထဲ ခြေမျက်စိထိ ဖုံးနေသော သူ့ခြေထောက်နှစ်ချောင်းဆီ တန်းရောက်သွား၏။ သို့သော် လည်ရှည်သားရေဖိနပ်စီးထား၍ ကိစ္စမရှိ။ ရှေ့တည့်တည့်မှ ကြည့်လျှင် သူ့ပုံသဏ္ဍန်က အင်္ဂလိပ်အက္ခရာ M ပုံသဏ္ဍန်။ ထိုပုံသဏ္ဍန်အတိုင်း ပင်စည်ကိုမှီလျက် သူမှေးခနဲ ဖြစ်သွားသည်။ မနက် ၅ နာရီကတည်းက ထထွက်လာခဲ့သော ခရီးပန်းမှုအစွမ်း။ ဘယ်လောက်ကြာသွားသည်မသိ။ သူ့ခြေထောက်ပေါ် တစ်စုံတစ်ရာ လာပွတ်သပ်နေ သလို ခံစားချက်ကြောင့် သူ့မျက်လုံးတွေပွင့် သွားသည်။ အား။ သူလန့်အော်မိမတတ် ထိတ်ထိတ်ပျာပျာဖြစ်သွား၏။ သို့ရာတွင် အသံကို ချက်ချင်းပဲ မထွက်အောင် ထိန်းလိုက်နိုင်သည်။ မြွေတစ်ကောင်။ သူ့ခြေထောက်တွေပေါ် တရွတ်ဖြတ်ပွတ်တိုက်သွားနေသည်။ မြင်ရုံဖြင့် အဆိပ်ပြင်းမှန်း သိသာသည်။ သူဘာလုပ်ရမလဲ။ မြွေက သူ့ပြောင်းလဲမှုကို ရိပ်မိသွားပုံရ၏။ ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့်ကြည့်ကာ ရပ်နေသည်။ သူအာခေါင်ေ တွ ခြောက်ပြီး ဇောချွေးတွေပြန်လာသည်။ ဘေးနားချထားသော ကျောပိုးအိတ်ထဲမှာတော့ ဓားမြှောင်ပါသည်။ သို့သော် လက်ရှိအခြေအနေက လှုပ် မရ ပြုမရ။ သူ့အကြံကို မြွေက သိသွားသလားမပြောတတ်။ ကျောပိုးအိတ်ဖက် ခေါင်းလည်လာကာ ဟိုတိုးဒီတိုးလုပ်နေသည်။ လျှာက အဆက် မပြတ်တစ်လစ်တစ်လစ်။ သူတုတ်တုတ်မျှမလှုပ်ရဲ။ မျက်လုံးကို အသာမှေးစင်းကာ ငြိမ်ကြည့်နေရသည်။ ခဏကြာမှ မြွေက သူ့ခြေထောက်ပေါ်ဖြတ် ပြီး တောထဲ တရွေ့ရွေ့တိုးဝင်သွား၏။ လုံးလုံး လျားလျား ပျောက်ကွယ်သွားတာ သေချာတော့မှ ကျောပိုးအိတ်ကို ကောက်ဆွဲပြီး ကမန်းကတန်း သူထရပ်လိုက်သည်။ မျက်နှာပေါ် တင်ထားသော ဦးထုပ်က အောက်ပြုတ်ကျသွားသဖြင့် ပြန်ကောက်ရသေးသည်။ သူမော သွားသည်။

တောလမ်းပေါ်ခြေချမိတော့ ရေဗူးထုတ်ကာ မော့သောက်လိုက်သည်။ ရေတောင်အတော်လျော့သွားပြီပဲ။ ရှေ့ဆက်ရန် အတွက် သူ့ကိုယ်နေဟန်ထား ကို ပြင်သည်။ ဓားမြှောင်ကိုတော့ အပြင်ထုတ်ပြီး ဂျင်းဘောင်းဘီခါးပတ်မှာ ချိတ်လိုက်သည်။ ဓားမြောင်အိမ် သားရေအိတ်က ခါးပတ်မှာ အဆင်သင့် ချိတ်ရအောင် ပြုလုပ်ထားသောကြောင့် အဆင်ပြေသည်။ သူဆက်လျှောက်လာခဲ့သည်။ တောက မနာလိုစရာကောင်းလောက်အောင် ငြိမ်သက်လို့နေ ၏။ တစ်ခါတစ်ခါမှသာ အဝေးက အကောင်ဘလောင်တချို့၏ အော်မြည်သံကို ကြားရ သည်။ သူတစ်ယောက်တည်း လာခဲ့တာ မှားပြီလား ဟု တောင်တွေးမိသည်။ သို့သော်လည်း တခြားသူတွေကို ရှာဖွေရန်မှာ မလွယ်ကူ။ ထိုအချိန်မှာပဲ သူ့ဗိုက်က ထိုးဆာလာသည် ။ ကျောပိုးအိတ်ကိုဖြုတ် ကာ အထဲမှာ စားစရာဘာပါလဲ ကြည့်ရပြန်သည်။ တောထဲမ၀င်ခင် အားလုံး သဘောတူညီသတ် မှတ်ထားမှုဖြင့် အစားအစာကို ဝေစုခွဲခြမ်းကာ ထည့်ပေးထားခြင်းဖြစ်သည်။ ကိုယ်စားချင်သည့် အစားအစာကို ကြိုတင်ယူဆောင်လာခဲ့တာမျိုးမဟုတ်သဖြင့် ဘာထည့်ပေးလိုက်သလဲ မသိရ ။ ကျောပိုးအိတ်ထဲမှ ဗူးငယ်နှစ်ဗူးထွက်လာသည်။ ဖွင့်ကြည့်လိုက်တော့ နှစ်ဗူးစလုံးထမင်းတွေချည်းဖြစ်နေသည်။ ဟင်းဗူးမပါတာပဲလား။ လွဲမှားစွာ ထည့်လိုက်ခြင်းပဲလား။ ဒါလည်းမသိရ။ အစားအသောက်တာဝန်ယူသည့် ငနဲက တော်တော်ချာတာပဲဟုတော့ သူမှတ်ချက်ချဖြစ်သည်။ ကျောပိုးအိတ် ထဲ သူထပ်မွှေလိုက်သည်။ ကံကောင်းထောက်မစွာ အာလူးကြော်တစ်ထုပ်ကို သွားတွေ့သည်။ ကျောပိုးအိတ်ထဲ ထမင်းတစ်ဗူးပြန်ထည့်ကာ ထိုင်ဖို့နေရာ ရှာရပြန်သည်။ ဒီတစ်ခါတော့ တောအောက်ခြေက ခြုံနွယ်တွေဖြင့်ရှုပ်ထွေးနေ၏။ အောက်ခင်းရန် ဂျာနယ်ကလည်း စောစောက မြွေတွေ့ သည့် နေရာမှာ ကျန်ခဲ့ပြီ။ တောကြီးတစ်ခုလုံးမှာ လောလောဆယ် သူထိုင်ဖို့ နေရာတစ်နေရာစာ ခက်ခဲနေသည်။ လောကသည် တစ်ခါတစ်ရံ ထိုသို့သော သဘောရှိသည်။ တောလမ်းပေါ်မှာပဲ ထိုင်စားလိုက်ရင် ကောင်းမလားဟု အလွယ်တွေးဖြစ်သည်။ သို့တိုင်အောင် ထိုင်ရတာ အဆင်ပြေမည် မဟုတ်။ စိတ်ထဲမှာလည်း မသိုးမသန့်ဖြစ်မိသွား၏။ ထမင်းဗူးနှင့် အာလူးကြော်ထုပ်ကို တွဲကိုင်လျက် သူရှေ့ဆက် လျှောက်လာခဲ့သည်။ အတန် ငယ်လျှောက်မိသောအခါ တောလမ်းတစ်ဖက်တွင် အောက်ခြေရှင်းသော ကမူတစ်ခုကို လှမ်းတွေ့လိုက်သည်။ ရှင်းသည်ဆိုသော်လည်း မြက်ပင် အနည်းငယ်တော့ ပေါက်ရောက်နေသည်။ မတတ်နိုင်။ လတ်တလော ဒီနေရာသာ အကောင်းဆုံး ဖြစ်သည်။

ကမူဆီ ခပ်သွက်သွက် ပြေးသွားရင်း  ထိုင်ချရန် ဟန်ပြင်ပြီးကာမှ မထိုင်ဖြစ်သေးဘဲ ပြန်ထလိုက်သည်။ မြွေပါး ကင်းပါးကြည့် ရဦးမည်။ နောက်ပြီး သူ့ခေါင်းပေါ်က ဦးထုပ်ကိုချွတ်ကာ စိတ်ထဲမှနေ၍ တစ်စုံတစ်ခုကို ခပ်တိုးတိုးရေရွတ် တောင်းပန်လိုက်သည်။ ယုံတာ၊ မယုံတာ အပထား။ ထမင်းဖြောင့်ဖြောင့် စားရအောင်တော့ စိတ်ရှင်းထားရမည်။ အားလုံးပြီး သွားမှ နေရာတွင် အကျအနထိုင်ကာ ထမင်းကို အာလူးကြော်နှင့် သူဖွင့်ဖောက် စားလိုက်သည်။ တခြားသူတွေရော ဘယ်လိုနေထိုင်စားသောက်နေကြပါလိမ့်။ တကယ်ဆိုလျှင် လမ်းမှာ တစ်ယောက်မဟုတ် တစ်ယောက်နှင့်တော့ သူတွေ့သင့်သည်ထင်သည်။ မတွေ့ရသည့်အကြောင်းရင်းက သူကလွဲ၍ တခြားသူအားလုံး ဆုံမှတ်နေရာကို ရောက်နှင့်နေကြလို့များလား ။ ဖြစ်နိုင်ချေနည်းသည်။ သူကသာ နောက်ပြန်လှည့်ပြီး ဆုံမှတ်နေရာကို ရည်မှန်းသွားနေခဲ့ သည်။ တခြားသူတွေက ရှေ့ဆက်ပြီး သွားနေလျှင် မခက်ဘူးလား။ သူ့လိုမျိုး လမ်းခုလတ်မှာ ရောက်နေမည့်သူတွေလည်း ရှိနိုင်နေသေးသည်။ ထမင်းကို သူမြန်မြန်ပဲ စားလိုက်သည်။ ရေဗူးကို နောက် တစ်ခါထုတ်သောက်တော့ ရေကုန်ခါနီးပြီဆိုတာကို သတိပြုမိ၏။ ရှေ့လျှောက် ရေကို ချွေတာရမည်။ ကံကောင်းတာတစ်ခုက တောနှင့်အပြိုင် စီးဆင်းနေသော စမ်းချောင်းတစ်ခုရှိနေမှန်း သတိရမိလိုက် ခြင်းပင်။ ကမူကနေခွာပြီး သူရှေ့ဆက်လျှောက်လာခဲ့သည်။ လောလောဆယ် စမ်းချောင်း ကို ရှာရမည်။ ဆုံမှတ်ကို ရောက်ဖို့က အဝေးကြီး လိုသေးသည်။ ကံကောင်းလျှင် စမ်းချောင်းမှာ ကွဲကွာခဲ့ရသော တခြားသူတွေ ကို ပြန် တွေ့နိုင်သည်။

တောလမ်းလေးအတိုင်း သူလျှောက်လာသည်။ ဗိုက်ပြည့်သွားသဖြင့် အိပ်ချင်စိတ်လည်း ပေါက်လာသည်။ သို့သော်မအိပ်ရဲ။ စမ်းချောင်းဆီရောက်မှ အနားယူတော့မည်။ စမ်းချောင်းဆီရောက်လျှင်တော့ နေရာကောင်းကောင်းရနိုင် သည်။ သူ့လက်မှ နာရီကို ယောင်ယမ်းပင့်မြှောက် ကြည့်မိလိုက်သည်။ သူ့လက်မှာ ဘာနာရီမှမရှိ။ အပြင်က ကားထဲမှာ ထားခဲ့ရတာကို ပြန်အမှတ်ရမိသွား၏။ ကျွတ် …။ ဘ၀င်မကျဟန်ဖြင့် သူကျွတ်တစ်ချက်စုတ် လိုက်စဉ်မှာပဲ လမ်းမြွှာတစ်ခုကို ဘွားခနဲ သွားတွေ့သည်။ တကယ်တော့ အစကတည်းက ဒီတောက လမ်းတွေရှုပ်တယ်ဆိုပြီး နာမည်ကြီးပြီးသား။ သူတို့ အားလုံးလူစုကွဲခဲ့ရတာလည်း ဒီအချက်ကြောင့်ပဲ ဖြစ်သည်။ နောက်ပြီး ဒီတောကိုမှ အဓိကရွေးပြီး လာကြဖို့ အားလုံး သဘောတူညီသတ်မှတ် ခဲ့ရတာလည်း ဒီအချက်ကြောင့်ပဲဖြစ်သည်။ လမ်းမြွှာထိပ်မှာ ရပ်ပြီး အတွင်းကို သူလှမ်းမျှော်ကြည့်လိုက်သည်။ လက်ရှိ သူလျှောက်နေေ သာ တောလမ်းလေးနှင့် ချွတ်စွတ်နီးပါးတူညီနေတာကလွဲ၍ အခြား ထူးခြားမှုကို မမြင်ရ။ သူလှည့်ထွက်မည့်ဟန်ပြင်လိုက်သည်။ နေဦး။ ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိပြီး သူခေါင်းနပန်းကြီးသွား၏။ သူလျှောက်လာခဲ့သည့်လမ်းက ဆုံမှတ်ရှိရာဆီသွားသောလမ်း အစစ်အမှန်မှဟုတ်ရဲ့လား။ အခိုက်အတန့်အားဖြင့် ဇဝေဇ၀ါ ဖြစ်ကာ သူကြောင်သွားမိသည်။ သူတို့အားလုံး လူစုကွဲကာစအခြေအနေကို ပြန်တွေးကြည့်လိုက်သည်။ အခြေအနေက ရှင်းရှင်းလင်းလင်းမရှိဘဲ ရှုပ်ထွေးနေသည်။ တောထဲ စတင်ဝင်ရောက်လာကတည်းက ဘီယာတစ်ပုလင်းပြီးတစ်ပုလင်း သောက်ခဲ့သော ရီဝေမှုများနှင့် အထိန်း အသိမ်းမဲ့ပျော်ရွှင်မှုများကြားမှာ အရာရာေ၀၀ါးနေသည်။

တဖြည်းဖြည်းနှင့် နဂိုလျှောက်လာသော လမ်းကို ယုံကြည်မှုမရှိတော့သလို ခံစားလာရသည်။ မှတ်ဥာဏ်က လည်း ခုကျမှ အလာတုန်းကလမ်း ဆိုတာကို မသေချာချင်တော့။ အတန်ကြာသည်အထိ လမ်းမြွှာထိပ်မှာ သူရပ်တန့်နေမိ၏။ ဘာလုပ်ရမလဲ။ ဘာလုပ် သင့်သလဲ။ နဂိုလျှောက်လာသော လမ်းက ဆုံမှတ်ဆီ အမှန်တကယ်ရောက်သော လမ်းလား။ အခုမှတွေ့ရသည့် လမ်းမြွှာက ဆုံမှတ်ရှိရာ ဆီရောက်နိုင်သော လမ်းလား။ ဆုံမှတ်ဆီ အမှန်တကယ်သွားသောလမ်းဆိုလျှင် လမ်းဘေးမှာ အလာတုန်းက သူတို့သောက်ပြီး လွှင့်ပစ်ခဲ့ သော ဘီယာပုလင်းခွံများ ရှိရမည်။ ကြည့်စမ်း။ ဘာဖြစ်လို့ ဒါကို စောစောကတည်းက သူသတိမပြုမိရတာလဲ။ သူ့မျက်လုံးတွေ အရောင်တဖျပ်ဖျပ်လက်သွားသည်။ သို့ရာတွင် ဒီကိစ္စက ထင်သလောက်မလွယ်။ တောလမ်းဘေးတစ်ဖက်တစ်ချက်တွင် ခြုံတွေ နွယ်တွေ အပင်တွေက ပေါင်းစုံရှုပ်ယှက်ခတ်နေသည်။ နောက်ပြီး သူတို့ အားလုံး တစ်ယောက်တစ်ပေါက် လက်စလက်နအမျိုးမျိုးဖြင့် ထင်သလို လွှင့်ပစ်ခဲ့သော ဘီယာပုလင်းများကလည်း ရောက်ချင်ရာရောက်နေနိုင်သေး သည်။ သူ့မျက်လုံးတွေ အရောင်ပြန်ဖျော့သွားပြန်၏။ ဘာလုပ်ရမလဲ။ စဉ်းစား။ ခုမှတွေ့ရသော လမ်းမြွှာထဲကို သူနောက်တစ်ကြိမ် မျှော်ကြည့်မိ သွားပြန်သည်။ ဇဝေဇ၀ါဖြစ်မှုက စိတ်ထဲမှာ ပြန်ပေါ်လာ၏။ အိုကွာ… ဖြစ်ချင်ရာဖြစ်ဆိုပြီး လမ်းမြွှာထဲ သူစွတ်ဝင်ချလာလိုက်သည်။ ၀ါးတစ်ရိုက်ေ လာက်လျှောက်ဝင်ပြီး သွားကာမှ မဖြစ်သေးပါဘူး ဆိုကာ နောက်သို့ သူပြန်လှည့်လာသည်။ မူလသူရပ်နေရာကို ပြန်ရောက်တော့ ဘာလုပ်ရမည် မသိတော့ဘဲ ထပ်ပြီး ရပ်နေမိပြန်၏။

ဘာပဲဖြစ်ဖြစ် သဲလွန်စက ဘီယာပုလင်းတွေပဲဖြစ်သည်။ အလာတုန်းက သူတို့ထဲမှ တစ်ယောက်က ဘီယာ ပုလင်းလွတ် တစ်လုံးဖြင့် လှမ်းပစ်လိုက်ရာ အပင်ကြီးတစ်ပင်၏ ပင်စည်နှင့် ထိမှန်ကွဲကြေသွားခဲ့တာ သူသတိရလိုက်သည်။ လက်ကျန်ဘီယာရည်တွေက ပင်စည်မှာ စွန်းထင်းစီးကျနေ ခဲ့သေးသည်။ ဟုတ်ပြီ။ ဒါကိုပဲ ရှာရမည်။ လမ်းဘေးခြုံနွယ် ပေါင်းမြက်တွေထဲက ပုလင်းလွတ်များကို ရှာလျှင် ခက်နေဦးမည်။ တစ်ခုရှိတာက လမ်း ။ ဘယ်လမ်းကို ရွေးမလဲ။ နဂို လျှောက်လာသော လမ်းကို ရွေးလျှင် ဘီယာပုလင်းထိမှန် သော အပင်ကြီးကို ကျော်လွန်လာခဲ့ပြီလားပင်မသိ။ သူက နဂို တောလမ်းအတိုင်း တော်တော်ဝေးဝေးရောက်အောင် လျှောက်လာခဲ့ပြီးပြီ မဟုတ်လား။ သူအကြံအိုက်သွားသည်။ မဟုတ်သေးဘူး။ အလာတုန်းက ဘီယာတင်မဟုတ်၊ အမြည်းအဖြစ် အာလူးကြော်ထုပ်များ သီဟိုဠ် စေ့လှော်ထုပ်များပါ ဖောက်စားခဲ့ကြတာကို သူပြန်မြင်လာသည်။ တောထဲမ၀င်ခင် တစ်ယောက်က ၀က်ဆီဖတ်ကြော်ထုပ်ယူမလို့ လုပ်သေးသော်လည်း အားလုံးဝိုင်းကန့်ကွက်ကြသဖြင့် ကားထဲမှာ ထားခဲ့ရသေးသည်။ ဟုတ်သားပဲ။ ထမင်းနှင့်စားခဲ့ရသော သူ့ကျောပိုး အိတ်ထဲက နောက်ဆုံးလက်ကျန်အာလူးကြော်ထုပ်ကလေး။ သို့ရာတွင် ခုခါမှ သူပြန်စဉ်းစားကြည့်မိသွားသည်။ နဂိုလျှောက်လာသော တောလမ်းမှာ ထိုအမြည်းထုပ်အမှိုက်သရိုက်များကို မမြင်ခဲ့ရ။ ယုတ်စွအဆုံး ရေသန့်ဗူးခွံလေးတောင် မတွေ့ရှိခဲ့ရ။ တစ်ခုခုတော့ မှားနေပြီ။ ဘုရား..ဘုရား။ သူဦးခေါင်းတစ်ခုလုံး အိုးထိန်းစက်ပမာ ဖြုန်းစားကြီး ချာချာလည်သွားသည်။ အစကတည်းက လမ်းမှားလာခဲ့တာထင် တယ်။ ထိုနေရာမှာပင် သူသေချင်စိတ်ပေါက်သွားသည်။ တောထဲ ရောက်လာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူလည်း စိတ်ပျက်သွားမိသည်။ အခုနေ တစ်ယောက်ယောက်နှင့်တွေ့လျှင် ကောင်းမည်ဟုလည်း တောင့်တမိလိုက်သည်။ တစ်ယောက်မှား တာထက် နှစ်ယောက်မှားတာက ပိုများကောင်းနေနိုင်မလား။ အစကတော့ ဆုံမှတ်နေရာသို့ သူသွားနေသည်ဟု ယူဆထားခဲ့၏။ သို့ရာတွင် လူစုကွဲစဉ်ကပင် သူက လမ်းမှားလာခဲ့ ပုံရသည်။ ဒါမှမဟုတ် ဆုံမှတ်ရှိရာ နောက်ဖက်သို့ ပြန်မသွားဘဲ ရှေ့ဆက်လျှောက်လာမိ တာရင်လည်း ဖြစ်နိုင်သည်။ အလိုလိုနေရင်း ခြေကုန်လက်ပန်း ကျသွားသလိုမျိုး သူခံစားလိုက်ရသည်။ အခြေအနေက မထူးတော့ပြီမို့ အသင့်တွေ့ရသော ရှေ့လမ်းမြွှာထဲ သူလျှောက်ဝင်လိုက်တော့သည်။ ဒီတစ်ကြိမ်မှာ နောက်ပြန်မလှည့်တော့ဘဲ ရှေ့ကိုသာ ဆက်လျှောက် လာခဲ့သည်။ တောက ထုံးစံအတိုင်း အေးခဲငြိမ်သက်လို့နေသည်။        ။

လွန်းဆက်နိုးမြတ်
၂၁.၈.၁၁
နေ့လည် ၀၃း၁၀နာရီ
(ပန်းဝတ်ရောင်ထွေ-ရာမရကန်ဦးတိုး၏ ရခိုင်အောင်ရတု၊မောင်ဘွဲ့ကျေးစေမှ ပန်းဝတ်ရောင်ထွေအပိုဒ်)

Idea Magazine ၊ဇန်န၀ါရီ၊၂၀၁၃

အခြားစနစ်နဲ့ သုံးကြိမ်

အခြားစနစ်နဲ့ သုံးကြိမ်

(၁)

ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်ရတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းကို တန်ဖိုးထားတတ်အောင် သူက ကျွန်တော့်ကို သင်ကြားပေးသွားခဲ့တာ။

လူသားတွေရဲ့ ရှင်သန်ခြင်းဖြစ်စဉ်ထဲမှာ တကယ်ကို ကြောက်စရာကောင်းတဲ့ မတော်တဆထိခိုက်မှုတွေ ရှိတယ်။ အဲဒီလို ထိခိုက်မှုတွေမှာ သူ့ကို ကျွန်တော်တွေ့ရှိခဲ့တယ်။ ကျွန်တော် တို့ချင်းစတွေ့ကတည်းက သူဟာ ကျွန်တော်နဲ့ စိမ်းမနေခဲ့ဘူး။ ဘာဖြစ်လို့ဆို သူဟာ ကျွန်တော့်ရဲ့ အခြားစနစ်တစ်ခုဖြစ်လို့ပဲ။ ကျွန်တော့်အသက် ခုနနှစ်အရွယ် နွေဦးကာလတစ်ခုမှာ သူနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တယ်။ သူနဲ့တွေ့ဆုံမှုအကြောင်းမပြောခင်မှာ  အရင်ဆုံး ဦးထွေးအကြောင်း ကျွန်တော်ပြောချင်သေးတယ်။ အမှန်တော့ သူနဲ့ ကျွန်တော်ဟာ ဦးထွေးရဲ့ ခြံဝန်းထဲမှာ စတင်ဆုံစည်းခဲ့ ကြတာပဲ။ ဒါပေမယ့်လို့ သူ့အကြောင်းဟာ ဦးထွေးနဲ့ သိပ်တော့မသက်ဆိုင်လှဘူး။ ခက်တာက သူ့အကြောင်းပြောတဲ့အခါ ဦးထွေးအကြောင်းကနေပဲ ကျွန်တော် စချင်တယ်။

ကျွန်တော်ငယ်စဉ်က နေခဲ့ရတဲ့ ရွာကလေးမှာ ဆံသဆရာတစ်ယောက်ရှိတယ်။ သူ့နာမည်က ဦးထွေး။ ဦးထွေးဟာ အသက်၆၀ ကျော်နေပေမယ့် တစ်ကိုယ်ရေတစ်ကာယသမား လူပျိုကြီးတစ်ယောက်ဖြစ်တယ်။ ကျွန်တော်ဟာ ဦးထွေးဆီမှာ ဆံပင်ညှပ်ရတယ်။ လက်ရာတွေ ဘာတွေကောင်းလို့ရယ်တော့ မဟုတ်ဘူး။ ကျွန်တော်လာပြီဆိုရင် ဦးထွေးအမြဲတမ်း ညှပ်ပေးရတဲ့ ဆံပင်ပုံစံက ဘဲမြီးကေပဲ။ တစ်ခါတစ်လေတော့လည်း တခြားဆံပင်ပုံစံတွေ ဘာတွေ ပြောင်းညှပ်ပေးဖို့ ကျွန်တော်ပြောဖူးတယ်။ ဒါပေမယ့်လို့ ဦးထွေးကတော့ ဘဲမြီးကေ ညှပ်ပေးမြဲပဲ။ ဒီလို ညှပ်တယ်ဆိုတာကလည်း အကြောင်းရှိတယ်။ ကျွန်တော့်မေမေကိုယ်တိုင်က ဒီပုံပဲညှပ်ပေးဖို့ ဦးထွေးကို ပြောထားတာကိုး။

ကျွန်တော့်မေမေအပါအ၀င် ရွာက အိမ်ရှင်မအများစုဟာ သူတို့ရဲ့ သားသမီးတွေကို ဦးထွေးဆီမှာပဲ ဆံပင်ညှပ်ခိုင်းကြတယ်။ ဦးထွေးက ကလေးချစ်တတ်တယ်၊ စိတ်ရှည် တယ်။ နောက်ပြီး အသက်အရွယ်အရလည်း လေးစားကြတာပါလိမ့်မယ်။ အဲဒါကြောင့် စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာဆိုရင် ဦးထွေးဆံသဆိုင်ဟာ ကလေးတွေနဲ့ ဆူညံနေ တတ်တယ်။ တိုတိုပြောရရင် သိပ်မကြာခင်မှာပဲ လူကြီးရောဂါတစ်ခုနဲ့ ဦးထွေးဆုံးသွားတယ်။ မနက်ခင်းတစ်ခုမှာ ဦးထွေးရဲ့ သက်မဲ့ခနာကိုယ် ကြီးကို အ၀တ်အစားတွေချွှတ်ပြီး ရွာက လူတွေ ရေ၀ိုင်းချိုးပေးကြပုံကို အခုထိ ကျွန်တော်မှတ်မိနေသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ဘ၀မှာ ပထမဆုံးမြင်ဖူးတဲ့ လူသေအလောင်းဟာ ဦးထွေးဖြစ်လို့ ပဲ။ နောက်တစ်ခုက လူတွေ သေဆုံးသွား တဲ့အခါ ရေချိုးပေးရတဲ့ ဓလေ့ကို ဦးထွေးကြောင့် ကျွန်တော် သိသွားတယ်။ ဦးထွေးမရှိတော့တဲ့ နောက်ပိုင်းမှာ ဦးထွေးရဲ့ ဆံပင်ညှပ်ဆိုင်နဲ့ ခြံထဲက ဦးထွေးရဲ့ အိမ်ကို ဖျက်လိုက်ကြတယ်။ ဘာ့ကြောင့်ဖျက်မှန်းတော့ ကျွန်တော်လည်း ကောင်းကောင်းမသိဘူး။

ဒီလိုနဲ့ ကာလကြာတော့ ရွာလယ်လမ်းနဲ့ ရွာရှေ့လမ်းအပြိုင်ကြားမှာ ရှိနေတဲ့ ဦးထွေးရဲ့ ခြံဟာ ရွာကလူတွေအဖို့ အသုံးဝင်တဲ့ ဖြတ်လမ်းကလေးတစ်ခုဖြစ်လာတယ်။ လူတွေကလည်း ဦးထွေးခြံထဲက ဖြတ်သွားရမှာကို ဘယ်သူကမှ မစိုးကြောက်ကြဘူး။ ရိုးသားတဲ့ ရွာသားတွေဆိုတော့ ဘာမှလည်း အထူးတလည် ထွေလီကာလီစဉ်းစားမနေဘူး။ ဦးထွေး တစ်ယောက် ကောင်းရာမွန်ရာကို ရောက်မယ် ဆိုတာ လူတိုင်းက ယုံကြည်ြ့ပီးသား။ ဦးထွေးခြံထဲကို ဖြတ်နေချိန်မှာတောင် ဦးထွေးခြံမှန်း ရွာကလူတွေ သတိရကြပုံမပေါ်ဘူး။ ဦးထွေး ကို ရိုးရိုးသားသားပဲ ရွာသားတွေက မေ့လျော့သွားကြတယ်။ အဲဒီ့ဖြတ်လမ်းကလေးကလွဲရင်  ကျန်တဲ့ ဦးထွေးရဲ့ ခြံမြေပေါ်မှာ ခြုံနွယ်မြက်ရိုင်း တွေဟာ တောထပြည့်နှက်နေတော့ တယ်။

တမင်တကာမဟုတ်ဘဲ သူ့အလိုအလျောက် ဦးထွေးရဲ့ ခြံကလေးဟာ နေ့ခင်းနေ့လည် ကျွန်တော်တို့ကလေးတွေအတွက် အသေးစား ကစားစရာတောအုပ်ကလေးဖြစ်လာတယ်။ ဦးထွေးခြံထဲက မာလကာပင်၊ သရက်ပင်နဲ့ တခြားအပင်တွေပေါ် ကျွန်တော်တို့ တက်ကစား ကြတယ်။ မြက်ရိုင်းတောထဲဝင်ပြီး စခန်းဆောက်ကြတယ်။ သေနတ်ပစ်တမ်း၊ တူတူပုန်း တမ်းတွေ ကစားကြတယ်။ ဆော့ကစားခြင်းနဲ့ ပတ် သတ်ရင် ကျွန်တော်ဟာ အင်မတန်စိတ်အားထက်သန်နေတဲ့ အရွယ်ပဲ။ ဦးထွေးရဲ့ ခြံထဲ ၀င်ကစားရတဲ့ အချိန်တိုင်းမှာ  ကျွန်တော်ပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့်လို့ သူနဲ့ကျွန်တော် ဦးထွေးခြံထဲမှာ ပထမဆုံးတွေ့ရှိခဲ့ပြီးနောက်တော့ ကျွန်တော့်ပျော်ရွှင်မှုတွေဟာ မသေချာတော့ဘူးဖြစ် သွားလေရဲ့။

အဲဒီ့အချိန်တုန်းက ကျွန်တော်ဟာ တူတူပုန်းတမ်းလို ကစားနည်းကို ဦးထွေးခြံထဲမှာ ကစားနေခဲ့တယ်။ တခြားသူငယ်ချင်းတွေ ကျွန်တော့်ကို ရှာမတွေ့နိုင်အောင် မြက်ရိုင်းတောတွေထဲ တွားသွားပုန်းအောင်းရင်းပေါ့။ ပုန်းအောင်းနေရင်း ဦးထွေးရဲ့ ခြံထဲက ကျွန်တော်တို့ ကလေးတွေ အရောက်အပေါက်နည်းတဲ့ အပိုင်းတစ်ပိုင်းရှိတာကို သွားသတိရမိလိုက်တယ်။ ဘာဖြစ်လို့ အဲဒီ့အပိုင်းတွေမှာ ကျွန်တော်တို့ မကစားဖြစ်ကြသလဲဆိုတော့ ချောင်ကျပြီး အလင်းရောင်ကောင်းကောင်း မရလို့ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ် လို့ ပြောရတာကတော့ ကျွန်တော် သေသေချာချာရှင်းမပြနိုင်လို့ပဲ။ဘာကြောင့်မှန်းတော့မသိဘူး။ ကျွန်တော်ဟာ အဲဒီ့အပိုင်းကို သွားရောက် ပုန်းခိုဖို့ ဆုံးဖြတ်လိုက်တယ်။

အနည်းငယ်အလင်းရောင်ဖျော့တော့ပြီး ချောင်ကျနေတဲ့ အဲဒီ့အပိုင်းကလေးပေါ်မှာ ကျွန်တော်ဟာ ပုန်းအောင်းဖို ပြင်ဆင်တယ်။ တစ်ဖက်မှာလည်း တခြားသူငယ်ချင်းတွေရဲ့ အရိပ်အခြည်ကိုလည်း သတိထားရသေးတယ်။ အဲဒီ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို ကျွန်တော့် ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ ကျွန်တော့်ရဲ့ ခြေထောက်နှစ်ချောင်းစလုံးဟာ မြေကြီးနဲ့ လွတ်ပြီး စကြ၀ဠာတစ်ခုထဲ လွင့်စင်သွားသလို ခံစား လိုက်ရတယ်။ တကယ်တော့ ကျွန်တော့်ခြေလှမ်းကို နောက်နည်းနည်းအဆုတ်မှာ ဦးထွေးခြံထဲက ရေတွင်းပျက်ဟောင်းကြီးထဲ ကျွန်တော် ပြုတ်ကျသွားတာ။

သတိဝင်ဝင်ချင်း ချက်ချင်းပဲ ကျွန်တော်ဟာ ရေတွင်းနှုတ်ခမ်ပေါင်ကို တံတောင်ဆစ်နှစ်ဖက်နဲ့ အားပြုထောက်ထားတာကို သိလိုက်ရတယ်။ အစကတည်းက ဖိနပ်မပါေ တာ့ ရေတွင်းထဲ ကျနေတဲ့ ကျွန်တော့်ခြေထောက်နှစ်ချောင်း ဟာ ခြေမတွေကုပ်ပြီး ရေတွင်းနံရံကို တွယ်ကပ်ထားတယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ အဲဒီ့လောက် မထိတ်လန့်ဖူးဘူး။ ကျွန်တော် ဟာ ရေတွင်းပျက်ရဲ့ ဟိုးအောက်ထဲကို အသာ ခေါင်းငဲ့ကြည့်လိုက်တယ်။ အား။ ကျွန်တော့်ရင်တွေ တရစပ်အခုန်မြန်လာတယ်။ ရေတွင်းအောက်ခြေမှာ ရေနည်းနည်းရှိတယ်။ မိုးကောင်းကင်က ကျလာတဲ့ အလင်းရောင်ခပ်ဖျော့ဖျော့ဟာ ရေတွင်းအောက်ခြေက ရေအနည်းငယ်နဲ့ တခြားအမှိုက်သရိုက် တုတ်တိုတုတ်စတွေပေါ်ကျ ရောက်နေတာကို ကျွန်တော့် မျက်လုံးပြင်မှာ ပုံရိပ်ထင်နေတယ်။

တစ်စုံတစ်ယောက်ကြားနိုင်အောင် ကျွန်တော်ဟာ အသံကုန် ဟစ်အော်လိုက်တယ်။ ကယ်ကြပါဗျို့ဆိုတာမျိုး၊ ဒီကို ခဏလောက် လာပေးကြပါဗျို့ဆိုတာမျိုး အတိအကျမမှတ်မိေ တာ့ပေမယ့် အလားတူစကားတစ်ခွန်းကိုတော့ ကျွန်တော်အသံကျယ်ကျယ်နဲ့ အော်လိုက် တယ်။ ဒါပေမယ့်လို့ ခဏကြာတဲ့အထိဘယ်သူမှ ရောက်မလာကြတဲ့အခါ ကျွန်တော် ဟာ ရေတွင်းထဲက ခြေထောက်တွေကို တွင်းနှုတ်ခမ်းပေါ် ကိုယ့်ဘာသာပဲ တင်ကြည့်ဖို့ ကြိုးစားရတော့တယ်။ မွေးဖွားလာကတည်းက ပထမဆုံးအဖြစ် အသက်နဲ့ရင်းတဲ့ အလုပ်တစ်ခု ကို ကျွန်တော် လုပ်နေမိတာ။ ကျွန်တော့်အသက်ရှူသံတွေဟာဆိုရင် လုံးလုံးလျားလျားကြီးကို မြန်ဆန်လို့နေရဲ့။

သိပ်မကြာခင်မှာတော့ ကံကောင်းထောက်မစွာနဲ့ ကျွန်တော်ဟာ အောင်မြင်ခဲ့တယ်။ မောပန်းထိတ်လန့်ခြင်းတွေနဲ့ အတူ ရေတွင်း နှုတ်ခမ်းပေါ်မှာ ကျွန်တော်မတ်မတ်ရပ်လိုက်နိုင်တယ်။ ဒါပေမယ့်လို့ မနေနိုင်မထိုင်နိုင် ရေတွင်းအောက်ခြေထဲကို ကျွန်တော်နောက် တစ်ခေါက်ငဲ့စောင်းကြည့်မိလိုက်ပြန်တယ်။ ကျွန်တော့်နှလုံးသားဟာ နေရာမှာပဲ ခုန်ထွက်သွားတော့မလား ထင်လိုက်မိရဲ့။ အကြောင်းက တော့ ဟိုးရေတွင်းအောက်ခြေထဲကနေ ကျွန်တော့်ကို ပြန်မော့ကြည့်နေတဲ့ သူ့ကို တွေ့လိုက်ရတဲ့ အတွက်ကြောင့်ပဲ။

ကျွန်တော်ဟာ သူ့ကို အတော်ကြာတဲ့အထိ ပြန်စိုက်ကြည့်နေဖြစ်တယ်။ နောက်တော့ ကျွန်တော့်မျက်လုံးတွေကို ကျွန်တော်မယုံ ကြည်တော့ဘူး။ ကျွန်တော့်အသားတွေ တဆတ်ဆတ် တုန်လာတဲ့အထိ ကြောက်စိတ်ဝင်လာတဲ့အခါ ကျွန်တော်ပြေးထွက်ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ပြေးထွက်လိုက်ပြီးမှ စောစောက ကျွန်တော်ခြေစုံရပ်နေ တဲ့ ရေတွင်းနှုတ် ခမ်းသားမြေကြီးဟာ တဝေါဝေါမြည်ပြီး ရေတွင်းထဲကို ပဲ့ကျလို့သွားတယ်။ ဒါဟာ သူနဲ့ကျွန်တော် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ပဲ။

(၂)

သူနဲ့ ဒုတိယအကြိမ်တွေ့ကြပြန်တော့ ကျွန်တော့်အသက်ဟာ ၁၄နှစ်လောက်ရှိပြီ ထင်တယ်။ ကောင်းကောင်းတော့ မမှတ်မိဘူး။ ကျွန်တော်ဟာ နယ်မြို့လေးတစ်မြို့က ဆေးရုံတစ် ခုပေါ်မှာ ကာလကြာရှည်စွာ တက်ရောက်ကုသနေရတယ်။ ကံဆိုးချင်တော့ ဆရာဝန်တွေက ကျွန်တော်ဘာဖြစ်မှန်း မကွဲပြားဘူးဖြစ်နေတယ်။ ကျွန်တော့်ဖြစ်နေတဲ့ ရောဂါကို ရက်ေ တ်ာတော်ကြာအောင် အဖြေရှာမရကြဘူး။ ကျွန်တော့်ရောဂါဟာ သာမန်ဖြစ်နေကျရောဂါတွေနဲ့ ဆင်တူသလို ရှိပေမယ့် ကွဲပြားနေတယ်။ ဒါ့အပြင် ဆရာဝန်တွေက ဟိုအရင် ကျွန်တော်ဖြစ်ဖူးတဲ့ ရောဂါဟောင်းတစ်ခုပြန်ပေါ်တယ်လို့ ယူဆမိကြတာလည်း ပါတယ်။ အမှန်တော့ ရောဂါဟောင်းမဟုတ်ခဲ့ဘူး။

အစောပိုင်း ဆရာဝန်တွေ ယူဆထားတဲ့ ရောဂါကုထုံးအတိုင်း ကုသပေမယ့် ကျွန်တော့်အခြေအနေဟာ တိုးတက်မလာဘူး။ အတွေ့အကြုံရင့် ဆရာဝန်ရှားပါးတဲ့ နယ်မြို့ကလေး တစ်မြို့ဆိုတော့ ပိုဆိုးတော့တာပေါ့။ နေ့နေ့ညည ရောင်စုံဆေးလုံးဆေးပြားတွေ ကျွန်တော်မြိုချခဲ့ရတယ်။ တင်ပါးတွေ အောင့်နေအောင် ဆေးတွေထိုးခဲ့ရတယ်။ ပုလင်းမျိုးစုံချိတ်ခဲ့ရ တဲ့အတွက် ကျွန်တော့်လက်ဖျံတွေဟာ အပ်ပေါက်ရာတွေနဲ့ ပြည့်နေလေရဲ့။

တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်ခနာကိုယ်ဟာ ပိန်လှီအားနည်းလာတယ်။ ကျွန်တော့် အသားအရေတွေဟာ ဖျော့တော့ မွဲခြောက် လာတယ်။ တစ်ရက်မှာတော့ ကျွန်တော်ဟာ သတိလစ်ေ မ့မျောသွားတဲ့ အဆင့်ထိတောင် ရောက်ရှိသွားခဲ့တယ်။

ဒါပေမယ့်လို့ ကျွန်တော်သတိပြန်ရလာတဲ့နောက်မှာတော့ ကံကောင်းစွာနဲ့ ဆရာဝန်တွေဟာ ကျွန်တော့်ရောဂါကို အဖြေရှာနိုင် လိုက်ကြတယ်။ သိပ်မကြာခင်မှာတော့ မှန်ကန်တဲ့ ကုထုံးအောက်ရောက်သွားပြီဖြစ်လို့ ကျွန်တော်ဟာ ရောဂါဝေဒနာကနေ လျင်လျင်မြန်မြန် ပြန်လည်သက်သာလာခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်ဆေးရုံက ဆင်းမယ့်နေ့ ကို ရောက်လာတယ်။

ထုပ်ပိုးထားတဲ့ လူနာအသုံးအဆောင်ပစည်းတွေကို ကျွန်တော့်မိသားစုဝင်တွေက အခန်းအပြင်ဖက် သယ်ဆောင်သွားကြတယ်။ အဲဒီ့အဖွဲ့နောက်ကနေ ကျွန်တော့်မေမေက ကျွန်တော့် ကို တွဲပြီး အခန်းအပြင်ထွက်ဖို့ပြင်တယ်။ အခန်းအပြင်ထွက်ခါနီး တံခါးနားအရောက်မှာ ဘာရယ်မဟုတ်ပါဘဲ ရက်အတော်ကြာလဲလျောင်းခဲ့ရတဲ့ ကျွန်တော့်ဆေးရုံကုတင်လေးဆီ လည်ပြန်လှည့်ကြည့်လိုက်မိတယ်။ ဟင်။ ကျွန်တော်အရမ်းအံ့သြလို့သွားရဲ့။ အံ့သြလွန်းလို့ လှမ်းလက်စကျွန်တော့်ခြေလှမ်းတွေတောင် ရပ်တန့်လို့ သွားတယ်။

ကျွန်တော့်ကုတင်ပေါ်မှာ သူဟာ လဲလျောင်းနေတယ်။ သူ့ကို ကြည့်ရတာ ပိန်လှီဖျော့တော့လွန်းလှတယ်။ သူ့တစ်ကိုယ်လုံးမှာ ပြူးကျယ်ကျယ်မျက်လုံးတွေနဲ့ သူ့နှုတ်ခမ်းထူထူကလွဲရင် ကျန်တဲ့ အရေပြားအားလုံး အတွင်းထဲကို ကျုံ့ဝင်နေတယ်။ ပြူးကျယ်ကျယ်မျက်လုံး တွေနဲ့ သူဟာ ကျွန်တော့်ကို လှမ်းကြည့်နေခဲ့တယ်။ ဒီလိုနဲ့ သူ့ကို ကျွန်တော် ဒုတိယအ ကြိမ်တွေ့ခွင့်ရခဲ့တယ်။

(၃)

ကျွန်တော့်ဘ၀ရဲ့ နောက်ပိုင်းအချိန်တွေမှာ သူဟာ အတော်ကြာတဲ့အထိ ထပ်ပြီးရောက်ရှိမလာတော့ဘဲ ပျောက်ဆုံးသွားပြန် တယ်။ အသက်အရွယ်တဖြည်းဖြည်းကြီးရင့်လာတဲ့ ကျွန်တော်ကတော့ လောကဓံနဲ့ သူလိုငါလို ရင်ဆိုင်ကျော်လွှားရင်း နှစ်ကာလတွေ ဟောင်း လွင့်ဖြတ်သန်းခဲ့တယ်။ ရှားပါးလွန်းတဲ့ အခိုက်အတန့်တွေမှာတော့ သူ့ကို သတိရမိ တတ်တာမျိုးရှိပေမယ့် မရှိသလောက်ပဲလို့ ဆိုရမယ်။

ကျွန်တော့်အသက် ၂၇နှစ်အရွယ်မှာ သူနဲ့ ကျွန်တော် ပြန်ဆုံတွေ့ကြပြန်တယ်။ ဒါဟာ သူနဲ့ တတိယအကြိမ်တွေ့ဆုံမှုဖြစ် ပြီး နောက်ဆုံးအကြိမ်ဆုံစည်းမှုလည်းဖြစ်တယ်။ ပြီးတော့ ဒီတစ်ကြိမ်ဆုံစည်းမှုဟာ ဟိုအရင်အကြိမ်တွေနဲ့ အများကြီး ခြားနားတယ်။ သူနဲ့ ပတ်သတ်ပြီး ကျွန်တော်မသိသေးတဲ့ သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုကိုလည်း ထိတ်လန့်တကြား သိခွင့်ရလိုက်တယ်။ ဒါပေမယ့်လို့ အဲဒီ့ထိတ်လန့်မှုဟာ ကျွန်တော့်ဘ၀နေထိုင်မှုအတွက် အထူးကို တန်ဖိုးရှိလွန်းလှရဲ့။

မှတ်မှတ်ရရ ကျွန်တော့်တစ်သက်စာမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်တော့မယ့် ချစ်သူများနေ့ (Valentine’Day) တစ်ရက်မှာ သူနဲ့ တွေ့ရှိဖို့ အကြောင်းဖန်လာခဲ့ကြတာ။ အဲဒီ့နေ့က ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူဟာ တစ်နေကုန်အောင် ကားတစ်စီးနဲ့ လျှောက်သွားနေခဲ့ တယ်။ ပန်းခြံတွေထဲလည်း ရောက်တယ်။ ရုပ်ရှင်လည်း ကြည့်တယ်။ စားသောက် ဆိုင်တွေ လည်း ၀င်ထိုင်တယ်။ သွားစရာမရှိတော့တဲ့အဆုံး သူငယ်ချင်းတွေရဲ့ အိမ်တွေကိုတောင် ရှောင်တခင်ဝင်လည်ကြသေးတယ်။ နောက်တော့ ဘာမှလုပ်စရာမရှိတော့လို့ ထုံးစံအတိုင်း ကျွန်တော် တို့ နှစ်ယောက် ပျင်းရိလာကြတယ်။ ဒါနဲ့ပဲ ချစ်သူက ကျွန်တော့်ကို အကြံတစ်ခုပေးတယ်။ သူမကို ကားမောင်းသင်ပေးဖို့ပဲ။

သူမအကြံကို လက်ခံပြီး နာရီပိုင်းအတွင်းမှာ ကျွန်တော့်ကားကလေးဟာ မြို့ပြင်က လူရှင်းတဲ့ လမ်းမတစ်နေရာကို ရောက်လာခဲ့ တယ်။ ကျွန်တော်တို့နှစ်ယောက် နေရာချင်းလဲထိုင် လိုက်ပြီး ကားမောင်းသင်ခန်းစာကို စတင်တယ်။ အဲဒီ့အရင်ကလည်း တစ်ခါနှစ်ခါလောက် နည်းနည်းချင်းစီ သင်ပေးပြီးသား ဖြစ်လို့ အစကနေ သင်ရတာမျိုး မဟုတ်ဘူး။ ကားတစ်စီးကို ဘယ်လို မောင်းနှင်ရမလဲဆိုတဲ့ သဘောတရား ကို သူမသိပြီးသား။ ဒါပေမယ့်လို့ ဘယ်ကိစမဆို လက်တွေ့က အရေးအကြီးဆုံးပဲ။

သူမရဲ့ မောင်းနှင်မှုအောက်မှာ ကားကလေးက လှလှပပ ပြေးနေတယ်။ ဖြစ်ချင်တော့ သူမရော ကျွန်တော်ရော သတိတစ်ချက် လွတ်သွားခဲ့တယ်။ အများအားဖြင့် မြို့ပြင်လမ်းမတွေမှာ ကားရှင်းတယ်ဆိုပေမယ့် ရောက်လာတဲ့ ကားတိုင်းဟာ မြို့ထဲကလို မဟုတ်ဘဲ မြန်နှုန်းမြင့် မောင်းနှင်တတ်ကြတာကို သတိမထားမိလိုက်ကြဘူး။ တစ်နေကုန် ဟိုဟိုဒီဒီလျှောက်သွားပြီး လည်ပတ်ပျော်ပါးခဲ့တဲ့ ပင်ပန်းမှုတွေ ကို ထည့်မတွက်ခဲ့ကြတာလည်း ပါမယ်။ ရုတ်ခြည်းဆိုသလို သူမဘက်ခြမ်းကနေ ကားတစ်စီးဟာ အရှိန်ပြင်းလွန်းစွာနဲ့ ထွက်ပေါ်လာခဲ့ပြီး နောက် အရာအားလုံးဟာ ပကတိ အမှောင်ကျသွားလေတော့ရဲ့။

နောက်ဆုံးတော့ ဒီအဖြစ်ကြောင့် ချစ်သူတစ်ယောက်ကို ကျွန်တော်ဆုံးရှုံးလိုက်ရတယ်။ ကျွန်တော်ကတော့ ဒဏ်ရာပရဗွနဲ့ အသက်ရှင်ပြီး ကျန်ရစ်ခဲ့တယ်။ ကျွန်တော့်ရခဲ့တဲ့ ဒဏ်ရာတွေက အသက်အနရာယ်ကို မထိခိုက်ခဲ့ပေမယ့် ကြောက်စရာကောင်းအောင် ရုပ်ပျက်ဆင်းပျက်ပဲ။ ဆေးရုံပေါ်မှာ ကိုးရက်လုံးလုံး ဒဏ်ရာတွေနဲ့ ကျွန်တော်မေ့မြောနေခဲ့ပြီး ဆယ်ရက်မြောက် မနက်ခင်းမှာ ကျွန်တော် သတိပြန်ရလာတယ်။

ကျွန်တော့်မျက်လုံးတွေကို အားယူဖွင့်လိုက်ရင်း အလင်းဒဏ်ခံနိုင်တဲ့အထိ ခဏစောင့်လိုက်တယ်။ အမြင်အာရုံတွေ ကြည်လင် သွားတော့ ကျွန်တော့်ရှေ့တူရှုမှာ ဆေးရုံနံရံကို ခပ်ကွေးကွေးလေးပုဆစ်တုပ်မှီထိုင်နေတဲ့ သူ့ကို ကျွန်တော်မြင်လိုက်ရတော့တာပဲ။ အဲဒီလို မြင်လိုက်ရတော့ စိတ်ထဲမှာ ကျွန်တော်ဟာ သေဆုံးပြီး တခြားဘုံတစ်ခု ကို ရောက်သွား တယ်လို့တောင် ထင်လိုက်မိသေးတယ်။ ထင်လည်း ထင်ချင်စရာပဲ။ ဆေးရုံနံရံကို မှီထိုင်နေတဲ့ သူခနာကိုယ်ဟာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ သွေးအလိမ်းလိမ်းဖြစ်နေတယ်။ သူက အဲဒီ့လို ပုံစံနဲ့ ဆေးရုံကုတင်ပေါ်က ပတ်တီးအဖွေးသား ပိုက်တွေတန်းလန်းဖြစ်နေတဲ့ ကျွန်တော့်ဆီ လှမ်းကြည့်တယ်။

သူ့ကိုကြည့်ရတာ တစ်ခုခုပြောချင်နေပုံရတယ်။ ဒါနဲ့ ကျွန်တော်စကားစလိုက်တယ်။ခင်ဗျားဘယ်သူလဲလို့ ကျွန်တော်မေးလိုက် တယ်။ ငါက မင်းရဲ့ အခြားစနစ်တစ်ခုပဲ။ ကျွန်တော် အံ့အားသင့်ပြီး နားမလည်နိုင်အောင် ဖြစ်သွားတယ်။ ဘာလဲဗျ အခြားစနစ်ဆိုတာလို့ ထပ်မေးလိုက်တယ်။ လူသားတိုင်းမှာ အခြားစနစ်တွေ ကိုယ်စီရှိတယ်။ လူသားတစ်ယောက် ဟာ သေစေနိုင်လောက်အောင် အသက်ဘေးမျိုး တစ်ခါကြုံတွေ့ရတဲ့ အခါတိုင်း အခြားစနစ်တစ်ခုက သူ့ကိုယ်စားထွက်ပေါ်ခံစားပေးရတယ်။ ပြီးရင် အဲဒီ့အခြားစနစ်ဟာ မင်းကိုယ် စားသေဆုံး ပေးရတယ်။ သူ့အသံဟာ တစ်ခုခုကို နာကျင်နေပုံမျိုးပဲ။ သူ့စကားတွေ နားထောင်ရတာ ဆန်းကြယ်လွန်းလို့ ကျွန်တော်ထပ်မေးလိုက်တယ်။ နေပါဦး ကျွန်တော် က သေသွားပြီလား။ ဟင့်အင်း မင်းမသေသေးဘူး။

ဆေးရုံခန်းကျဉ်းကျဉ်းလေးဟာ ပြန်ပြီးတိတ်ဆိတ်သွားတယ်။ အဲဒီ့တိတ်ဆိတ်မှုကို ချိုးဖျက်တဲ့အနေနဲ့ ကျွန်တော်ထပ်မေးလိုက် တယ်။ ကျွန်တော့်ကို ဘယ်အချိန်ထိ အခြားစနစ်တွေက ကာကွယ်ပေးနေဦးမှာလဲ။ ဒါတော့ ဘုရားသခင်မှပဲ သိမယ်။ သေချာတာက မင်းရဲ့ အခြားစနစ်တွေက မင်းကို ရာသက်ပန်တော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကောင် မလေးရော အသက်ရှင်နေလား။ မင်းကလွဲလို့ အပြင်လူတစ်ယောက်ရဲ့ အသက်အနရာယ်ဟာ ငါနဲ့မဆိုင်ဘူး။ ဒါပေမယ့် ငါသိသလောက်ပြောရရင် သူ့ဆီမှာ ရှိတဲ့အခြားစနစ်တွေဟာ မင်းလောက်မများဘူး။ လူသားတစ်ဦးနဲ့တစ်ဦး အခြားစနစ်တွေ ပိုင်ဆိုင်တဲ့ အရည်အတွက်လည်း မတူညီဘူး။ အဲဒါကြောင့် ဒီကမာမှာ နေထိုင်တဲ့ လူတွေရဲ့ အသက်ရှည်နှုန်းဟာ မတူညီကြတာပဲ။ မင်းဆီကနေ မင်းရဲ့ အခြားစနစ်တွေ ထွက်ခွာတာနည်းအောင် လုပ်နိုင်လေ မင်းအသက်ဟာ ရှည်လျားလေပဲ။

သူ့စကားတွေဟာ ဖြစ်နိုင်ချေယုတ္တိလုံးဝမရှိမှန်း သိပေမယ့် ထူးဆန်းစွာပဲ ကျွန်တော် ယုံကြည်နေမိတယ်။ ဒါပေမယ့်လို့ သူပြော တာတွေအပေါ် ကျွန်တော်သိပ်တော့ အစာမကြေ ချင်ဘူး။ ခင်ဗျားပြောတာတွေကနည်းနည်းလောက် ကြောင်တောင်တောင် နိုင်မနေဘူး လား။ ပြီးတော့ ကျွန်တော့်လိုပဲ တခြားလူသားတွေအားလုံး ခင်ဗျားလို အခြားစ နစ်တွေနဲ့ တွေ့ဆုံခွင့်ရကြသလား။ နောက်ပြီး စကားပြောလို့ ရကြသလား။ သူက ခေါင်းကို ခပ်ဖြေးဖြေးခါပြရင်း မတ်တပ်ထရပ်တယ်။အဲဒီလို ထလိုက်တဲ့အခါ သူ့ကိုယ်မှာ စီးနေ တဲ့ သွေးစက်တွေက ဆေးရုံကြမ်းပြင်ပေါ်ကို ပြန့်ကျဲကျသွားတယ်။ ဒါပေမယ့်လို့ ကြမ်းပြင်ပေါ်မှာ ပေကျံသွားတာကို မတွေ့ရတော့ ကျွန်တော်အံ့သြမိလိုက်တယ်။

သူက ဆက်ပြောတယ်။ သိပ်မရှိကြဘူး။ တော်တော်ကို အရေအတွက်နည်းတဲ့ လူတစ်ချို့သာ သူတို့ရဲ့ အခြားစနစ်ကို အသက်အနရာယ်ကြုံတိုင်းမှာ ပြန်တွေ့မြင်ခွင့်ရကြတာ။ အမှန်တော့ အခုလို မင်းရဲ့ အခြားစနစ်နဲ့ မင်းစကားလက်ဆုံပြောခွင့် ရတယ်ဆိုတာ သိပ်တော့ မကောင်းလှဘူး။ ဒါဟာ ဘာကိုပြသလဲဆိုတော့ မင်းဆီမှာ မင်းကိုယ်ပိုင် အခြားစနစ်တွေ အတော်လေးလျော့နည်းနေပြီဆိုတဲ့ လကဏာပဲ။ သေခါနီးအသက်ကြီးတဲ့ အဘိုးကြီး အဘွားကြီးတွေ တစ်ယောက်တည်း စကားပြောပြောနေတတ်တာကို မင်းမြင်ဖူးမှာပေါ့။ ဒီတစ်ခါတော့ သူ့စကားကို ကျွန်တော် တော်တော်လေးလန့်ဖျပ်သွားမိတယ်။ ကျွန်တော်သူ့ကို အလျင်စလိုပဲ ထပ်မေးလိုက်ပြန် တယ်။ ကျွန်တော့်ဆီက အခြားစနစ်တွေကို ဘယ်လို ထိန်းသိမ်းရမလဲ။ သူက ကျွန်တော့်အမေးကို ချက်ချင်းမဖြေဘူး။ ကျွန်တော့်ကို အချိန်အကြာကြီး စူးစူးစိုက်စိုက်ကြည့်နေတယ်။ ငါသွားရတော့မယ်။

ရုတ်တရက် သူက ကျွန်တော့်ကို ကျောခိုင်းလိုက်တယ်။ ဟေ့ ကျွန်တော်မေးတာ ဖြေခဲ့ဦးလေ။ ကုတင်ပေါ်လှဲနေရာကနေ ထရပ်မိမတတ် ကျွန်တော်အမောတကောလှမ်းမေးလိုက် တယ်။ အဲဒီ့မှာတင် ကျွန်တော့်ကို လှည့်မကြည့်ဘဲ ပြောသွားတဲ့ သူ့ဆီက နောက်ဆုံးအသံကို ကျွန်တော် ကြားလိုက်ရတယ်။

မေတ္တာတရားနဲ့ ပျော်ရွှင်အောင်နေပါ။        ။

လွန်းဆက်နိုးမြတ်

(သရဖူမဂဇင်း၊ ဖေဖော်ဝါရီ၊၂၀၁၂)

 

 

 

မြစ်လူ

မြစ်လူ

 ပင်လယ်ဆီ ရောက်ပြီ။လှိုင်းရိုက်သံတွေ တ၀ုန်းဝုန်း မြည်အောင် ကြားနေရသည်။ ကမ်းခြေမှာ ခရုခွံများ ကောက်လို့ မနိုင်အောင် ပြန့် ကျဲနေသည်။သောင်ပြင်ဆီလာ တိုးသော ရေ လှိုင်းတွေက တစ်ခဏအတွင်း ပြန်ဆင်း သွားကြ၏။ မဆင်းနိုင်သော လှိုင်းဖျား လှိုင်းနား များက သဲထဲ စိမ့်ဝင်ပျောက်ကွယ် သွားသည်။ အလွယ်တကူ စိမ့်ဝင် ပျောက်ကွယ်ခြင်း မရှိသော သူ့ခြေရာတွေကတော့ နောက်ဘက် သဲသောင်ပြင်မှာ အခိုက်အတန့် စွဲထင် ကျန်ရစ်နေသည်။ တမင်တကာ ဖိနပ် မစီးဘဲ ထွက်လာခဲ့ခြင်း မဟုတ်။ အစကတည်းက သူ့တွင် ဖိနပ်မရှိ။

အဝေးတွင် မိုးကုတ်စက်ဝန်းက ပင်လယ်ပြင်နှင့် ထိစပ်နေသည်။ တသုန်သုန်တိုက်ခတ်နေသော လေထဲ သူ့အင်္ကျီနှင့် လုံချည် အနားစတွင် တဖျတ်ဖျတ် လွင့်နေသည်။ အ၀တ် အစားတွေက လေတိုက် လွန်းသဖြင့် တင်းနေ၏။ဖိနပ်မဲ့ သူ့ခြေဖ၀ါးတွေက အေးစိမ့်နေ ကြသည်။ ထိုပုံစံဖြင့် ကမ်းခြေမှာ အတော်ကြာသည့်တိုင်အောင် သူလျှောက် နေမိသည်။ အနီးတစ်ဝိုက်တွင်  ဘယ်သူ့ကိုမှ မတွေ့ရ။ သူတစ်ယောက်တည်း။ နည်းနည်းကြာမှ သောင်ပြင် တစ်နေရာပေါ် ဖင်ထိုင်ချကာ ပင်လယ်ပြင်ဆီ သူလှမ်းကြည့်မိသည်။ သဲပြင်ထဲ ထိစပ်နစ်ကျွံသွားသော သူ့တင်ပါးတွေက သူ့ခြေဖ၀ါးတွေလိုပဲ အေးစိမ့်လို့သွား၏။ ပင်လယ်ပြင်ကို သူငြိမ်ငြိမ်လေး ထိုင်ကြည့်ဖြစ်သည်။

တကယ်တမ်း ပင်လယ်ကို သူ မမြင်တွေ့ရသည်မှာ နှစ်တွေကြာဟောင်း လွန်းခဲ့ပြီ။ ခုတော့ သူပင်လယ်ကို မြင်တွေ့ခွင့်ရပြီ။ သူ့ရင်ထဲမှာ လှိုက်ခါ တုန်ယင်နေ သည်။ နေမထွက်ေ သး သောကြောင့် သူ့ဘေး ပတ်ဝန်းကျင် တစ်ခုလုံး ခဲသားပါးပါး အုပ်ထားသလို  အရောင်မျိုးဖြစ် နေသည်။ ပင်လယ်ကိုယ်တိုင်အလင်း အားနည်းနေပြီး ကောင်းကင်က “လ”ကိုတောင် မြင်နေရသေးသည်။ ပင်လယ်ဆီရောက်ဖို့ ညပေါင်းများစွာ  ထို“လ”ရောင် အောက်ကနေ သူ ခရီးပြင်းနှင်ခဲ့ရသည်။ နေ့အလင်းရောင်အောက်မှာ သူကောင်းစွာ မရှင် သန်နိုင်သဖြင့် ညဘက်တွေ ရောက်မှသာ ခရီးဆက်ခဲ့သည်။ ရှိသမျှသွေးသား ခွန်အားတွေကို အစွမ်းကုန်ဖျစ်ညှစ်ပြီး ခရီးဆက်လာခဲ့ရသဖြင့် သူမောလျနေသည်။

ပင်လယ်ကို ငေးကြည့်နေရင်း လှိုင်းလုံး တစ်လုံးက ကမ်းခြေဆီ အရှိန် ဖြင့်  ပြေးတက်လာရာ လှိုင်းဖျား ရေစက်များ သူ့ခြေဖမိုးပေါ် တဖွားဖွား လာစင်သည်။ ပင်လယ်က သူ့ကို လက်တို့ နှုတ်ဆက် လိုက်သလားတောင် ထင်မိသည်။ ပင်လယ်က သူ့ကို အသိအကျွမ်း ဖွဲ့ချင်နေသလား။ အမှန်တော့ ပင်လယ်နှင့် အသိအကျွမ်း ဖွဲ့စရာ မလိုလောက်အောင် ပင်လယ် ကြီး အကြောင်း သူ နားလည်သည်။ သူ့အကြောင်းကိုလည်း ပင်လယ်ကြီးက နားလည် နေလိမ့်မည်။ အမျိုး အမည်မသိ ဆိုးဝါးသော ဝေဒနာတစ်ခု ဖြစ်ပေါ်လာ သဖြင့် ကောင်းကင်ဆီ သူနောက်တစ် ကြိမ်မော့ကြည့် မိပြန်သည်။ ကောင်းကင်မှာ တိမ်စိုင်တချို့ တငြိမ့်ငြိမ့် မျောရွေ့နေကြ သည်။  ကောင်းကင်က ပင်လယ်ထက် ပိုပြီး အဖော်အသင်းစုံ ပုံရသည်။ တိမ်စိုင်တွေ ရော“လ”ရောကောင်းကင်မှာ ရှိသည်။ ပင်လယ်ပြင်မှာ ဘာမှမရှိ။ လှေကလေး တစ်စင်းတလေတောင် မရှိ။ ပကတိ အထီး ကျန်နေသလို ခံစားမိသည်။

သူသက်ပြင်း တစ်ချက်ချကာ ပင်လယ်ပြင်ထဲ အကြည့် ပြန်ရောက်သွား သည်။ အထီးကျန်သော ပင်လယ်က ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့မ၀။ အရသာရှိလှသည်။ ခုချိန်ကျမှ ထိုအရသာကို စာတွေ ကဗျာတွေနှင့်လည်း သူဖွဲ့မပြလိုတော့။ အရသာရှိတာပဲ သိသည်။ ဒါပဲ။ လုံလောက်သည်။ ပင် လယ်ဆိုသည်မှာ မြစ်အစင်းစင်း စီးဝင်အိုင်ထွန်းရာ အရပ်ဟု အလွယ် သဘော ပေါက်လျှင် လုံလောက်သလို မျိုး ဖြစ်သည်။ ပင်လယ်ရေသည် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် ထိစပ်နေသည်။ လူသားအားလုံးကို အကျိုးပြုထားသည်။ ဒါပဲ။ လုံလောက် သည်။ သူပင်လယ်ကို ဆက်ငေးကြည့်နေမိသည်။ နှစ်များစွာမြင်တွေ့ခွင့်မရခဲ့ သော ပင်လယ်က သူ့စိတ်ကူးထဲကအတိုင်းပင် ရှိနေသေး သည်။ သူကတော့ ဟိုအရင်ကလို မဟုတ်တော့ ၍ ပင်လယ် ကြီးက သူ့ကို မှတ်မိပုံမရ။ သူ့လည် ချောင်းထဲမှာ တစ်ဆို့နေသည်။ ကမ်းခြေ မှာ သူရူး တစ်ယောက်လို ဦးတည်ရာမဲ့ လျှောက်ပြေးလွှားရင်း ပင်လယ်ပြင်ကြီး ဘက်လှည့်ကာ မျိုသိပ်ခဲ့ရသမျှ ဖွင့်ထုတ် အော်ဟစ်ပစ် လိုက်ချင်သည်။ သို့ရာတွင် ခုချိန်မှာ သူ့အင်အားတွေက အဆမတန် ချည့်နဲ့နေသည်။ အင်ပြည့်အားပြည့်ရှင်သန်ခဲ့သော ကာလများကို သတိရမိလိုက်သည်။

သမိုင်း အဆက်ဆက် ပင်လယ်ဆီ အားကောင်းမောင်းသန် စီးဆင်းခဲ့သော အတိတ်မြစ် တစ်စင်းကို သူပြန်မြင်ယောင် လာသည်။ ရိုးသားဖြူစင် သော နိုင်ငံငယ်တစ်ခု အပေါ် ထိုမြစ်သည် ဖြတ်သန်းစီးဆင်းခဲ့သည်။ လူတွေ က ထိုမြစ်ကို အမိလို တစ်မျိုး အဖလိုတစ် သွယ် သက်ဝင်ချစ် မြတ်ခဲ့ကြသည်။ ဖြတ်သန်းစီးဆင်းရာ နိုင်ငံငယ်လေး၏ ဒဏ္ဍာရီများ သမိုင်း ဖြစ်ရပ်မှန်များ အတိတ်မှ မမေ့နိုင်စရာ ပုံရိပ်များနှင့် လူသားတို့ သိမြင်ခွင့် မရရှိခဲ့သော အကြောင်း ခြင်းရာအတော် များများကို ထိုမြစ်က တွေ့ကြုံ သိမ်းဆည်း ပေးထားခဲ့သည်။ သမိုင်းတစ်လျှောက် ထိုမြစ်ဆီမှ လူတို့သည် ပြောမပြနိုင်စွမ်းသော ပညာရပ်များ သင်ယူ တတ်မြောက်ခဲ့ကြသည်။ ရေသယံ ဇာတများ လည်း အလျှံပယ်အောင် သုံးစွဲခွင့် ရခဲ့ဖူးသည်။

အတိတ်ကို ပျံ့စဉ်သွားသော သူ့စိတ်တွေက ဆို့နင့်နေ၏။ ပင်လယ်လေ ရှူပါဟု ဘယ်သူကမှ မတိုက်တွန်းသော်လည်း သူပင်လယ်လေ ကို တစ်ဝကြီး ရှူရှိုက်ပစ်လိုက်သည်။ ရင်ထဲမှာ အနည်းငယ် အေးသန့်ကာသွား၏။ ဆားငွေ့ နည်းနည်း ရလိုက်သလိုလည်း ထင်မိသည်။ ပင်လယ်၏သွေးတွေ သူ့ခန္ဓာ ကိုယ်အနှံ့ စီးဆင်းသွားကြပြီလားမသိ။

သူ့နားထဲ မြစ်တစ်စင်း၏ စီးဆင်းသံကို တဝေါဝေါကြားလာမိပြန်သည်။ ထိုမြစ်၏ စီးဆင်းမှု အပေါ် လူတချို့က သစ္စာ မဲ့ပစ်လိုက်ကြ ပုံတွေလည်း သူ ပြန်တွေးဖြစ်သည်။ ထိုမြစ်ကမ်းမှာ လူ့လောဘတွေ ရွှေကျင်သည်။ မြစ်ထဲ ပြဒါးသင့် ရေတွေ ပြန်စွန့်ထုတ် သည်။ မြစ်ကမ်းနှင့် သိပ်မဝေးသော နေရာတွင် အရက် ဘီယာ စက်ရုံများ ထားရှိသည်။ ပိုးသတ်ဆေး စက်ရုံများ တည်သည်။ သစ်စက်များဆောက်သည်။ စက်ရုံထွက် အဆိပ်သင့် ရေဆိုးများ၊ လွှစာမှုန့်များ က မိုးရေနှင့်အတူ ထိုမြစ်ထဲသို့ စီးဝင်လာပြီး ရေသတ္တ၀ါ အမြောက်အမြား ထိုမြစ် ထဲမှာ သေပွဲ ၀င်ကြရသည်။ ဒါ့အပြင် ထိုမြစ် စတင်စီးဆင်းရာ မြစ်ဆုံ ဒေသတွင် လက်လွတ်စပယ် ပိတ်ဆို့ ဆည်ဆောက်သော အခါ ထိုမြစ်၏ စီးဆင်းမှု သဘာဝသည် မြစ်ဆုံ စတင်ကာ အချိုးပျက် သွားလေတော့သည်။

ပင်လယ်မှာ နေထွက်လာတော့မည်။ ခဲသားရောင်ခြုံလွှာပျောက်ကွယ် ကာ ရွှေရောင်ခြုံလွှာ အုပ်ဆိုင်းလာတော့သည်။ သူအံကို တင်းတင်းကြိတ် လိုက်ပြီး ပင်လယ်ကို မမှိတ်မသုန်စိုက် ကြည့်လိုက်သည်။ သူ့ဦးခေါင်းတစ်ခု လုံးကျင်နေသည်။ မတန်လိုက် တာ။ မြစ်တစ်စင်းရဲ့ နိဂုံးဟာ ဒါလား။

သူ့အတွေးစဉ်ထဲ စီးဆင်းနေသော မြစ်သည် အဆိပ်သင့် ငါးတစ်ကောင်လို ဖျတ်ဖျတ် လူးနေသည်။ ရွှေတူးခြင်း၊ ဆည်ဆောက်ခြင်း၊ စက်ရုံများတည် ခြင်းအပြင် လူတို့၏ မစင်များ၊ မြို့တကာမှ စွန့်ပစ် ရေဆိုးများ၊ လှေသမ္ဗန်စက် ရေယာဉ်များမှ စက်ဆီများ၊ ကြွပ်ကြွပ် အိတ်များ၊ စည်းကမ်းမဲ့ အညစ်အကြေး ပေါင်းစုံများစသည် တို့ကို မြစ်ထဲ ထင်သလို စွန့် ပစ်ခြင်းကြောင့် အဆိပ်သင့်သွားရခြင်း ဖြစ်သည်။ ထိုမြစ်၏ ရေမျက်နှာပြင်သည် ရေအားလျှပ်စစ် ထုတ်ယူရေး လုပ်ငန်းများကြောင့် ပြောင်းလဲလာသည်။ ရေအပူဓာတ် လည်း ပြောင်းလဲ လာသည်။ အောက်ဆီဂျင် လျော့နည်းသွားကာ မြစ်ရေစီးဆင်းမှုလည်း လျော့ကျသွားသည်။

ရိုးရှင်းသော ပင်လယ်ပြင်ကို ငေးကြည့်ကာ အလိုလိုနေရင်း သူမျက်ဝန်းတွေ စိုစွတ်လာသည်။ အဆိပ်သင့်မြစ်တစ်စင်းအတွက် ၀မ်းနည်းမိခြင်းလား။ လူ့လောဘ လူ့အကျင့်ပျက်များ အတွက် သနားမိခြင်းလား။ သူကိုယ်တိုင်တောင် မကွဲပြား။ တဖြည်းဖြည်းနှင့် အသက်ငင်နေသည့် မြစ်တစ် စီး၏စီးဆင်းမှုက အကွာအဝေးအတိုင်းအဆ ရှိ လာသည်။ ရိုးသားဖြူစင်ေ သာ နိုင်ငံငယ်လေးတွင် မရိုးသားမဖြူစင်သူတို့ကြောင့် ထိုမြစ်သည် လျင်လျင်မြန်မြန် တိမ်ကောလာတော့သည်။ တိမ်ကောသွားသော မြစ်က ပင်လယ်ဆီ ဆက်လက် စီးဆင်းနိုင်ခြင်း မရှိတော့ဘဲ အဆင့်ဆင့်ခန်းခြောက် သွားခဲ့လေသည်။

ပင်လယ်ပြင်မိုးကုတ်စက်ဝန်းမှာ အလင်း ရောင်တန်းတချို့ထွက်လာတာ သူလှမ်းမြင်ရ သည်။ နေမထွက်ခင် အစပျိုးအလင်းရောင်တန်း များ။ ရုတ်တရက်ကြီး သူ့ဘယ်ဘက်ရင် ဘတ် နေရာက စူးခနဲထိုးအောင့်သည်။ မြစ်တစ်စီး၏ အတ္ထုပ္ပတ္တိသည် ရုပ်ဆိုးအကျည်းတန်စွာ ပြီးဆုံး မည်မှန်း အစက သူမသိခဲ့။

တစ်ညတွင် ခန်းခြောက်သွားသော မြစ်၏ နောက်ဆုံးလက်ကျန် လူတစ်ကိုယ်စာ ရေထုက ပေါင်းစုရုန်းကြွလာပြီး လူတစ်ယောက် အသွင် မြစ်ကမ်းပေါ်တက်လာသည်။ ပင်လယ်ဆီ အရောက်သွားရန်ဖြစ်သည်။ နေရောင်တွင်အသား အရေများ တင်းမခံနိုင်၍ ညဘက်ရောက် မှသာ ခရီးဆက်သည်။ ထိုလူက အခြားမဟုတ်။ သူ ကိုယ်တိုင်ပဲ ဖြစ်သည်။

ဟိုစဉ်တုန်းက သူကိုယ်တိုင်သည် ပင်လယ် ကြီး၏ အစိတ်အပိုင်းတစ်ခု။ ပင်လယ်နှင့် သူအိပ် မက်ချင်း ၀တ်မှုန်ကူးခဲ့ဖူးသည်။ အသွေးအသားချင်း လက်ပွန်းတတီး ဖြစ်ခဲ့ဖူးသည်။ ခုတော့ ပင်လယ်ကြီး ကိုယ်တိုင်တောင် သူ့ကိုမမှတ်မိ တော့။ မျက်ရည် မကျအောင် ထိန်းထားရသည်မှာ ပင်ပန်းလွန်းလှပြီ။ ဆက်ပြီး ထိန်းမထားနိုင်တော့။ သူရှိုက်ကြီးတငင် ငိုချလိုက်မိသည်။

ပင်လယ်ပြင်တွင် နေရောင်က ဖြည်းနှေးစွာ ထွက်လာနေသည်။ ကယောင်ကတမ်း ထရပ် လိုက်စဉ်တွင် မျက်ရည်တွေကို သူမသုတ်မိ။ လက် ကျန်အင်အားကို စုစည်းခြစ်ယူပြီး ပင်လယ်ထဲ ဆင်းရန် ပြင်လိုက်သည်။ မကြာခင် မြစ်တစ်စီး၏ နောက်ဆုံးသွေးစက်များ ပင်လယ်ထဲ စီးဆင်းဝင် ရောက် ပျောက်ကွယ်သွားတော့မည်။

(၀န်ခံချက်-မြစ်လူဝတ္ထုကို ရေးသားပြီးစီးသွားပြီး သိပ်မကြာခင်တွင် ဆရာမောင်ယုပိုင်၏ ဧရာဝတီဒုတ်ခွီမန်ထရီ ကို ဖတ်မိလိုက်ရာ ၀တ္ထုအတွက်လိုအပ်သော အချက်အလက်များကို ထိုစာစုမှ မှီငြိမ်းရေးသားပါသည်။)

လွန်းဆက်နိုးမြတ်

(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

 

 

 

ယေဘုယျကိုက်ခဲမှု

ယေဘုယျကိုက်ခဲမှု

ဒီလို လေတိုက်တာကို ကျွန်တော်မကြိုက်ဘူး။ ဒါပေမယ့် ဖြစ်နေကျပဲ။ မိုးမရွာခင်မှာ ဒီလေမျိုးဟာ တိုက်နေကျ။ မိုးရွာလာတော့ လည်း လေက အရှိန်လျော့သွားတာပဲမဟုတ်လား။ ဆိုးရွားတာက ဒီနေ့တိုက်တဲ့ လေကတော့ အဲသလို မဟုတ်ဘူးရယ်။ သိပ်ကြမ်းလွန်းတယ်။ ကျွန်တော့်အပေါ် ထပ်တွေနဲ့ အောက်ထပ်တိုက်ခန်းတွေကတော့ စောစောပိုင်း လေစတိုက်ကတည်းက သူ တို့ ပြတင်းပေါက်တွေကို ပိတ်ပစ်လိုက်ကြပြီးပြီ။ လူမနေတဲ့ မျက်နှာချင်းဆိုင်တိုက်က အခန်းပြ တင်းတွေဆီကနေ တဒုန်းဒုန်းဆောင့်နေတဲ့ အသံတွေကို ဆက်တိုက်ကြားနေရတယ်။ အစကတော့ ကျွန်တော့်အခန်းပြတင်းတွေကို မပိတ်ဘဲ ထားဦးမလို့ပဲ။ ကျွန်တော့်ပြတင်းတွေက မပိတ်ပေ မယ့်လို့  ဂျိတ်သေချာချိတ်ထားတော့ ဘာသံမှမထွက်ကြဘူး။ နောက်တော့ ကျွန်တော်စိတ်ကူးပြော င်းသွားတယ်။ ခြင်ထောင်တစ်ခုလုံး လွင့်နေအောင် တိုက်တဲ့ လေကို အမြင်ကတ်သွားတာ လည်း ဖြစ်နိုင်တယ်။ အရင်ဆုံး ကျွန်တော်လဲလျောင်းနေတဲ့ အခန်းထဲက ပြတင်းတံခါးနှစ်ချပ်ကို ထပိတ်လိုက်တယ်။ ပြီးတော့မှ ကျွန်တော့်တိုက်ခန်းတစ်ခုလုံးမှာ ဖွင့်ထားတဲ့ ပြတင်းတွေကို လိုက်ပိတ်တယ်။ အဲသလိုလိုက်ပိတ်နေတုန်း ဟိုးခပ်ဝေးဝေးက တိုက်ခန်းတစ်ခုရဲ့ ပြတင်းပေါက် တစ်ခုဆီ အမှတ်မထင် ကျွန်တော့်အကြည့်ရောက်မိသွား တယ်။ မိန်းမတစ်ယောက်ပဲ။ သူက ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူကြည့်နေပုံက ကျွန်တော့်လိုပဲ အမှတ်မထင် တွေ့သွား ပုံကြောင့်လို့ မထင်ဘူး။ ပြတင်းပေါက်ဆီ သေချာပေါက်ရောက်လာမယ့် ကျွန်တော့်ကို လွန်ခဲ့တဲ့ နာရီပိုင်းကတည်းက တင်ကြိုစောင့် ကြည့်နေပုံမျိုး။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နေ့ရက်တွေကတည်း က စောင့်ကြည့်နေပုံမျိုးပဲ။ ဘာဖြစ်လို့ အဲသလို ထင်လိုက်မိတယ်ဆိုတာကိုတော့ ကျွန်တော် ရှင်းမပြတတ်ဘူး။ သေချာတာက သူ့အကြည့်က တပ်အပ်ပိုင်နိုင်လွန်းနေခဲ့တယ်ဆိုတာပဲ။ သူ ကြည့်နေတဲ့ ပြတင်းကတော့ လေဒဏ် မိုးဒဏ်တွေ ကင်းလွတ်လို့နေရဲ့။ သူ့ကို ပြန်ကြည့်ရင်း ကျွန်တော့်စိတ်ထဲ မသိုးမသန့်ဖြစ်လာတယ်။ ကျွန်တော့် အတွက်တော့ သူဟာ မိန်းမတစ်ယောက်ပဲ။ ဒါထက်မပိုဘူး။ သူ့အသားဖြူသလား။ မည်းသလား။ သူဘယ်အသက် အရွယ်လဲ။ ယောက်ျား တစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်လား။ ပုံပျက်ပန်းပျက်လား။ စိတ်ဓာတ်ကရော ဘယ်လိုလဲ။ ထက်မြက်လား။ တော်ရိလျော်ရိလား။ အိမ်ထောင်ရှိသူလား။ မရှိသူလား။ ရုပ်ရည် ကရောကြည့်ကောင်းလား။ အသင့်အတင့်ပဲလား။ ကျွန်တော်ဘာမှ မသိဘူး။ သူဟာ မိန်းမတ စ်ယောက်ဆိုတာကလွဲရင် ဘာဆိုဘာမှ ကျွန်တော် ခန့်မှန်းခံစားလို့မရဘူး။ မိုးစက်အမှုန် အမွှားတွေ ကျွန်တော့်မျက်နှာပေါ် တစ်စက်နှစ်စက်လာပက်လို့ အဲဒီ့ပြတင်းတံခါးကို ကျွန်တော်ပိတ်ပစ်လိုက် တယ်။

မှန်ပြတင်းအပြင်ဖက်မှာ မိုးစက်တွေဟာ တဝေါဝေါထိုးစိုက်ရွာသွန်းနေတော့ အပြင်ဖက်ကို ကျွန်တော်သေချာမမြင်ရတော့ဘူး။ ဒါပေမယ့်လို့ ကျွန်တော့်စိတ်ထဲ မသိုးမသန့်ဖြစ်နေတာ ကတော့ ပျောက်မသွားဘူးရယ်။ နောက်တော့ ကျွန်တော် ကော်ဖီတစ်ခွက်  ဖျော်သောက်တယ်။ ကျွန်တော်အရင်က ၀ီစကီကြိုက်တယ်။ အခုလို မိုးအေးတဲ့ နေ့တွေမှာ ၀ီစကီတစ်ခွက် နဲ့ တောင်ေ တွးမြော က်တွေးလုပ်နေရတာကိုလည်း ကျွန်တော်သဘောကျတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ကျွန်တော်ဟာ ကော်ဖီကိုပဲ သောက်နေမိတယ်။ ဒါနဲ့ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် လည်း ဝေခွဲမရဘူး။ အခုတလော ဒီလိုကိစ္စတွေ ကျွန်တော် မကြာခဏဖြစ်ဖြစ်နေတယ်။ တစ်ချို့ အချိန်တွေမှာ ကျွန်တော်ကိုယ့်ကျွန်တော့် မပြည့်မစုံဖြစ်နေသလိုတောင် ခံစားရတယ်။ ဥပမာ- ဟိုပစ္စည်း လှမ်းကိုင်ရင် မမိရတာနဲ့။ ဒီလှေကားထစ်ပေါ် လှမ်းတက်ရင် ခြေချော်ကျတာနဲ့။ ဒီနေ့မ နက်ကဆို တစ်မနက်လုံးလိုလို ကုတင်ပေါ်မှာ လဲလျောင်းပြီး စာအုပ်တစ်အုပ်ကို ကျွန်တော်ဖတ်နေ ခဲ့တယ်။ စက္ကူတွေက ဆီသုတ်ထားသလိုပဲ။ စာမျက်နှာတွေကို ကျွန်တော်လှန်လိုက်တဲ့အခါ လက်ထဲ အလွယ်တကူပါမလာဘဲ အကြိမ်အတော်များများမှာ ကပ် ကျန်နေတတ်တယ် ။ ကော်ဖီက တော်တော်ကောင်းတယ်။ နောက်ထပ် တစ်ခွက်တောင် ကျွန်တော်ထပ်ဖျော်လိုက် တယ်။ ဒီမှာတင် ကိစ္စတစ်ခုကျွန်တော်ကြုံတယ်။ တခြားတော့မဟုတ်ဘူး။ ဓာတ်ဗူးထဲက ရေတွေပဲ။ ဘယ်လိုဖြစ်တယ်မပြောတတ်ဘူး။ ရေတွေက အေးနေတယ်။ အခုလေးတင် ပထမကော်ဖီကို ဒီဓာတ်ဗူးထဲက ရေနဲ့ ကျွန်တော်ဖျော်လိုက်တာ။ အငွေ့တထောင်းထာင်းထအောင် ပူနေ တဲ့ ရေတွေက ဒီအချိန်တိုလေးအတွင်းမှာ အေးသွားရတယ်လို့ပဲ။ မဖြစ်နိုင်တာ။ ခပ်တိုးတိုးရေရွတ် ရင်း ဓာတ်ဗူးကို ဖင်ပြန်ခေါင်းပြန် ကျွန်တော် မ ကြည့်မိတယ်။ ဒါပေမယ့်လို့ သံသယဖြစ်လောက် စရာဘာမှမတွေ့ရတော့ ကျွန်တော်စိတ်ညစ်သွားတယ်။

ဒုတိယကော်ဖီခွက်က ပထမကော်ဖီခွက်နဲ့ အရသာတော်တော်ကွာတယ်။ ကော်ဖီမှုန့်တစ်ချို့က ခွက်ထဲမှာ ပေါ လောမျောနေတယ်။ သကြားတွေကလည်း ကောင်းကောင်းအရည်မပျော်ဘူး။ ဒီလိုမှန်းသိရင် နောက်တစ်ခွက်ကို ထပ်မဖျော် ဘူး။ ဒါပေမယ့်လို့ မသိမြင်နိုင်တဲ့ အရာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အစဉ်အမြဲငွေ့ရည်ဖွဲ့နေတတ်ကြတာမျိုးပဲ။ အခန်းပြတင်းတံခါးတွေ အားလုံးပိတ်ထားတာတောင် ကျွန်တော်ခန္ဓာကိုယ်ဟာ အေးစက်နေတယ်။ နောက်ပြီး ခုလိုထိုင်နေ ရတာနဲ့တင် ကျွန်တော့်မှာ အားအင်တွေ ခမ်းခြောက်လာသလိုလည်း ခံစားမိတယ်။ ဒါနဲ့ပဲ ကော် ဖီခွက်ကို ချခဲ့ပြီး အခန်းထဲက ကုတင်ပေါ်မှာ ကျွန်တော်သွားလှဲလိုက်တယ်။ မှေးခနဲအိပ်ပျော် သွားတော့ ကျွန်တော် အိပ်မက်တွေမက်တယ်။ အိပ်မက်ထဲမှာ စောစောက ကျွန်တော့်ကို လှမ်းပြီး စိုက်ကြည့်နေတဲ့ မိန်းမပါလာတယ်။ ကျွန်တော့်အခန်းပြတင်းပေါက်တွေကလည်း ဟာလာ ဟင်းလင်း ပွင့်နေကြတယ်။ တံခါးတွေဟာ အချပ်လိုက် ပြုတ်ထွက်သွားပြီး ဟိုးအဝေးကြီးပြင် ပလေထုထဲဆီ လွင့်စင်ပျောက်ကွယ်သွားကြတယ်။ နောက်တော့ ကျွန်တော်ဟာ ကော်ဖီခွက် တစ်ခွက်ထဲမှာ ပေါလောမျောနေတဲ့ ကော်ဖီမှုန့်တွေနဲ့အတူ မောပန်းတကြီးကူးခတ်နေပြန်တယ်။ အိပ်မက်တွေက အစီအစဉ်မကျဘဲ ဗရမ်းဗတာနဲ့ ဖြစ်ချင်သလို ဖြစ်နေကြတာပဲ။ အိပ်ယာ က နိုး လာတော့ ကျွန်တော့်ခန္ဓာကိုယ်ဟာ ပိုလို့တောင်မှ အေးစက်နေရဲ့။ အပြင်ဖက်မှာတော့ မိုးမ ရွာတော့ဘူးရယ်။ ဒါပေမယ့် နေလည်း ထွက်မလာဘူး။ အလင်းရောင်က နေပူမလိုလို မိုးရွာမလို လိုနဲ့ ကြားအခြေအနေထဲမှာ ဖြစ်နေတဲ့ အရောင်အဆင်းမျိုး။ တစ်ခါတစ်လေမှာ အဲဒီ့ထက်ပိုလင်း လာတတ်ပြီး တစ်ခါတစ်လေကျတော့ အဲဒီ့ထက် ပိုမှောင်သွားတတ်ပြန်ရော။ တီဗွီဖန်သားပြင်ပေါ် က အလင်းရောင်ကို အဝေးထိန်းခလုတ်နဲ့ တစ်ယောက်ယောက်က ကစားနေသလိုပဲလို့ ဥပမာပေး ရမယ်။ အခန်းပြတင်းတွေကို ကျွန်တော်လိုက်ဖွင့်မိပြန်တယ်။ ကျွန်တော့်ခန္ဓာကိုယ်က ခါတိုင်း ထက် အေးစက်ပြီး လေးလံနေတယ်။ ၀ီစကီမသောက်ရလို့ထင်ပါရဲ့။  နောက်ဆုံးတော့ ကျွန်တော့် ကို လှမ်းပြီး စိုက်ကြည့်နေတဲ့ မိန်းမနဲ့ မျက်နှာချင်းဆိုင်ပြတင်းတံခါးကို ဖွင့်ဖို့ ဖြစ်လာတယ်။ ဘာကြောင့်မှန်းမသိဘူး။ ကျွန်တော်ခန္ဓာကိုယ်ဟာ အင်မတန်လေး လံနေတယ်။ ပြတင်းတံခါးကို ကျွန်တော် အတော်လေးအားစိုက်ပြီး တွန်းဖွင့်လိုက်ရတယ်။ အိုး…။ ကျွန်တော်အံအားသင့်သွား တယ်။ ဟိုအဝေးမှာ ကျွန်တော့်ကို လှမ်းပြီး စိုက်ကြည့်နေတဲ့ မိန်းမကို မြင်လိုက်ရတဲ့ အ တွက်ကြောင့်ပဲ။ ဒါပေမယ့်လို့ ပထမအကြိမ်တုန်းကလိုတော့ မဟုတ်ဘူးရယ်။ သူဟာ ပထမအကြိမ် တုန်းကထက် ကျွန်တော်နဲ့ ပိုဝေးကွာနေသလို ခံစားရတယ်။ သူ့ရဲ့ တိုက်ခန်းနဲ့ ကျွန်တော်နေတဲ့ တိုက်ခန်းနှစ်ခုကြားက အကွာအဝေးဟာ ဘာဖြစ်လို့ ပိုမိုခြားနားသွားရတာလဲ။ ကျွန်တော်နားမ လည်နိုင်အောင်ပါပဲ။ အဲသ လိုဝေးကွာသွားတာကြောင့်ပဲလားတော့ မသိဘူး။ သူ့ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ အလိုလိုအားငယ်လာတယ်။ စိတ်ထဲမှာလည်း တစ်ခုခုကို ဆုံးရှုံးလိုက်ရတော့ မလိုလို ဘာလိုလိုကြီးဖြစ်လာတယ်။ ပြီးတော့ ကျွန်တော် ကြောက်လာတယ်။

နည်းနည်းလေးကြာတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရေဒီယိုကို ကျွန်တော်သွားယူလိုက် တယ်။ ဒီနေ့ကျမှ ကျွန်တော်ဖမ်းချင်တဲ့ လိုင်းတွေကလည်း မမိဘူးဖြစ်နေတယ်။ ရေဒီယိုထဲကနေ အသံတွေက တကျွိကျွိတစိစိနဲ့ ထွက်လာ တယ်။ နားထောင်ရသိပ်ဆိုးတာပဲ။ ဒါပေမယ့်လို့ ကျွန်တော်ဟာ ရေဒီယိုကို ဆက်ပြီးဖွင့်ထားမိတယ်။ အပေါ်ထပ်တွေနဲ့ အောက်ထပ်တိုက်ခန်းတွေ က ပြတင်းတံခါးပြန်ဖွင့်သံတွေ ရှေ့ဆင့်နောက်ဆင့်ထွက်လာတယ်။ ဘယ်တော့မှ မပြီးဆုံးတော့သ လိုတောင် ထင်ရတယ်။ ဘာလုပ်ရင်ကောင်းမလဲလို့ ကျွန်တော်စဉ်းစားတယ်။ တကယ်တမ်း ကျတော့ ကျွန်တော်ဘာမှမလုပ်ဖြစ်ဘူး။ အခန်းတစ်ခုလုံးမှာ ပြန့်ကျဲနေတဲ့ ဘီယာဗူးခွံတွေနဲ့ စီးကရက်အတိုအစတွေကိုပဲ ကျွန်တော်ငေးကြည့်နေမိတယ်။ ဒီပစ္စည်းတွေ အခန်းထဲ ဘယ် လိုရောက်လာမှန်း ကျွန်တော်မသိဘူး။ ကျွန်တော်က ဘီယာနဲ့ စီးကရက်ကို မကြိုက်ဘူး။ ဒါပေ မယ့်လို့ ဘီယာနဲ့ စီးကရက်ကြိုက်တဲ့ အခြားလူတစ်ယောက်ရဲ့ အခန်းထဲ ကျွန်တော်ရောက်နေတာ လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ နံရံမှာ ချိတ်ထားတဲ့ ငန်းနှစ်ကောင်ရေကစားနေတဲ့ ပန်းချီကား ကတော့ ကျွန်တော့်အခန်းထဲမှာ ချိတ်ထားသလို အတိအကျရှိနေ တယ်။ လောလောဆယ် မှာတော့ ဒါတွေကို ကျွန်တော်ဆက်မတွေးချင်သေးဘူး။ ကျွန်တော်ဝီစကီတစ်ခွက် လောက်သောက်ချင်မိ တယ်။  အချိန်တွေက မြန်မြန် ဆန်ဆန်ပဲ ကုန်ဆုံးနေတယ်။ အဓိပ္ပါယ်မဲ့ တကျွိကျွိတစိစိမြည်သံတွေ ထွက်နေတဲ့ ရေဒီယိုကို ကျွန်တော်ပိတ်ပစ်ပြီး အခန်းထဲက ကုတင်ဆီ လျှောက်ဝင်သွားလိုက်တယ်။ ကုတင်ပေါ်ရောက်တော့ ဖတ်လက်စစာအုပ်ကို ကျွန်တော်လှမ်းဆွဲယူလိုက်တယ်။ ကျွန်တော့် လက်တွေက စာအုပ်ဆီမရောက်ဘဲ လေကိုသာ ဖမ်းဆုပ်မိသွားရဲ့။ ကျွန်တော် ဇဝေဇ၀ါဖြစ်လို့သွား တယ်။ စာအုပ်ကို နောက်တစ်ခါ ကျွန်တော်လှမ်းဆွဲယူလိုက်တယ်။ ပါမလာပြန်ဘူး။ ကျွန်တော် ဘာကိုနားလည်ရမယ် မသိဖြစ်သွားတယ်။ ယောင်ယမ်းပြီး ကျွန်တော့်မျက်နှာရှေ့မှာ လက်ချောင်းတွေကို ထောင်ကြည့်လိုက်မိတယ်။ ကျွန်တော့်လက်တွေဟာ ပလတ်စတစ်အကြည်နဲ့ လုပ်ထားသလိုပဲ။ အပေါ်က ခြင်ထောင်အမိုးကို ဒိုးယိုပေါက်မြင်လိုက်ရတယ်။ ရုတ်တရက် ကျွန်တော်ချောက်ချောက်ချားချားဖြစ်သွားရဲ့။ ဒါပေမယ့်လို့ ဒီအဖြစ်ဟာ စက္ကန့်ပိုင်းလေးပဲ ကြာ လိုက်တယ်။ ချက်ချင်းပဲ လက်တွေကို ပကတိအတိုင်း ကျွန်တော်ပြန်မြင်တွေ့ရတယ်။ ကျွန်တော် တိတ်ဆိတ်သွားတယ် ။ ဒီလိုတိတ်ဆိတ်နေရတာမျိုးကို ကျွန်တော်မကြိုက်လှဘူး။ ဒါပေမယ့်လည်း ကျွန်တော်ဟာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေမိ တယ်။ ခဏနေတော့ ကျွန်တော့်မျက်ဝန်းထဲကနေ မျက်ရည်တွေဟာ အတားအဆီးမဲ့ကျဆင်းလာတယ်။ ဟုတ်တယ်။ ကျွန်တော်ဝမ်းနည်းနေတယ်။ ကျွန်တော့်ကို လှမ်းပြီး စိုက်ကြည့်နေတဲ့ မိန်းမကို သတိရလိုက်တယ်။ သူ့ကိုမြင်နိုင်တဲ့ ပြတင်း တံခါးဆီ သွားချင်ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ဟာ အေးစက်ပြီး လေးလံနေတယ်။ ကျွန်တော်ရှိ ရာ ပြတင်းပေါက်ကို သူလှမ်း ပြီး စိုက်ကြည့်နေဦးမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်ဟာ အချိန်အတော်ကြာတဲ့ ထိအောင်ပဲ ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမိတယ်။ ကျွန်တော့်မျက်ရည်တွေ ကတော့ ပလတ်စတစ်မျက်ရည်တွေ မဟုတ်ဘူးရယ်။                      ။

လွန်းဆက်နိုးမြတ်   
၈.၈.၁၁ နံနက် ၀၁း၀၁နာရီ
Idea Magazine ၊ နိုဝင်ဘာ၊ ၂၀၁၁

နံနက်ခင်းတစ်ခုအကြောင်း

နံနက်ခင်းတစ်ခုအကြောင်း

ခရစ္စမတ်ကဒ်လေးပေါ်မှ အိပ်မက်သည် အရွယ်ရောက်စလိပ်ပြာတစ်ကောင်လို တောင်ပံတစ်ဖျပ်ဖျပ်လှုပ်ခတ်နေသည်။ ဖြည်း ညင်းစွာ မှုတ်ထုတ်လိုက်သော ပင့်သက်တစ်ရှိုက်ထဲတွင် နာကျင်မှုတို့ အခိုင်လိုက် ပြွတ်သီးနေသည်ဟု အောက်မေ့မိ၏။ အမှောင်လာပြီလား၊ သူမ၏ မျက်ဝန်းထောင့်ဆီမှ အပြာနုရောင်အလင်းတန်းတစ်ချက်ကို သတိထားလိုက်မိသည်။ နာကျင်မှုတို့က နာကျင်သထက် နာကျင်လာသလို ခံစားရပြန်လေသည်။

တကယ်ဆိုလျှင် အမှောင်ပဲဖြစ်ဖြစ်၊ အလင်းပဲဖြစ်ဖြစ် လောကတွင် အရာအားလုံးသည် သူ့နေရာနှင့်သူ ရှိနေပြီးသားဖြစ်သည်။ ဟောင်းမြေ့နေသည့် ဓာတ်ပုံထဲတွင် သူမမျက်နှာ၏ အရိပ် ကျသောနေရာများတွင် အမှောင်သည် နေရာကျစွာ သေ၀ပ်နေသည်။ နံရံပေါ်က ပန်းချီကားထဲမှာ အဲဒီအလင်းရောင်တွေ ဘယ်သူထည့်ဆွဲသွားတာလဲ။ သူကတော့ အမှောင်နှင့်အလင်း ပျော်ဝင်မျှတနေသော နံနက်ခင်းတချို့ကိုသာ အလိုရှိခဲ့သည်။

ဤကမ္ဘာ၏ နံနက်ခင်းတစ်ခုသည် နှင်းစက်ဖြူတို့ဖြင့် အေးစက်ထုံကျင်နေလိမ့်မည်။ (ထိုအခါ ကလေးငယ်တစ်ယောက်က ထို နံနက်ခင်းအား ရေခဲမုန့်တစ်ခုလို အငမ်းမရ ၀ါးစားပစ်နိုင်သည်။)

ဤကမ္ဘာ၏ နံနက်ခင်းတစ်ခုသည် ကောင်းကင်မှ ရွှေရောင်ငွေရောင် စက္ကူမျှင်စများ ကြဲဖြန့်ကျရောက်လာခြင်းကို တအံ့တသြ ကြုံတွေ့နေရလိမ့်မည်။ (ထိုအခါ ထိုမြို့မှ အဆိုတော်များ သည် လမ်းမများပေါ်တွင် အမ်မ်တီဗွီရိုက်ကာ စုံတွဲများက ပန်းခြံထဲ၌ လက်ချင်းချိတ် ရင်း လမ်းလျှောက်နေနိုင်သည်။)

ဤကမ္ဘာ၏ နံနက်ခင်းတစ်ခုသည် နှင်းစက်ဖြူ၊ ရေခဲမုန့်၊ ယမ်းငွေ့မီးခိုး ၊ လင်းချင်းချိတ်၊ အဆိုတော်၊ ကြောင်စီစီ၊ ပန်းခြံ၊ အမ်တီဗွီ ။ထားလိုက်ပါတော့။ ဘယ်လိုနံနက်ခင်း မျိုးပဲဖြစ်ဖြစ်ပေါ့။

သူထိုင်နေကျ လက်ဖက်ရည်ဆိုင်ရှေ့က နံနက်ခင်းကတော့ ခါတိုင်းလိုပင် မထုံတက်တေးအသွင်အပြင်နှင့်ပင်ဖြစ်သည်။ ဆိုင်ရှေ့ မှ ဖြတ်သန်းသွားမည့် မျက်ဝန်းပြာပြာနှင့် ကောင်မ လေးတစ်ယောက်ကို သူစောင့်ဆိုင်းနေခြင်းဖြစ်၏။

သည်နေ့သည် ခရစ္စမတ်နေ့ဖြစ်ကာ ကောင်မလေးကို လက်ဆောင်ပေးရန် ၀ယ်လာခဲ့သော ခရစ္စမတ်ကဒ်လေးအား သူ့လက်ဖျား များဖြင့် မကြာခဏပွတ်သပ်နေဖြစ်သည်။

မျက်ဝန်းပြာမလေးသည် သူထိုင်နေကျ လက်ဖက်ရည်ဆိုင် နောက်ဖက်ရှိ ရပ်ကွက်ထဲတွင် နေထိုင်သည်။ ကောင်မလေး၏ ကျောင်းအသွားအပြန် နံနက်ခင်းများနှင့် ညနေခင်းများအား သူက ဤလက်ဖက်ရည်ဆိုင်လေးမှ လာရောက်၍ ငေးရီစောင့်မျှော်နေကျဖြစ်၏။

_ _ _

ကောင်မလေး၏ နာမည်သည် သူ့အတွက် အရေးမကြီးလှသော်လည်း လိုအပ်သည်ဟု ယူဆ၍ ကောင်မလေးနှင့် တစ်လမ်းထဲနေ သည့် သူ့သူငယ်ချင်းအား ဤလက်ဖက်ရည်ဆိုင်သို့ ခေါ်ယူကာ ကောင်မလေး အကြောင်းကို သူအတော်များများ စုံစမ်းခဲ့သည်။

ကောင်မလေး၏နာမည်သည် ထိပ်ထားရွှေစင်လား၊ ကလျာသီရိစန္ဒာလား၊ အိနြေ္ဒစိမ့်သက်သက်ခိုင်လား ဒါမှမဟုတ် ဂျိန်းဖောင်ဒါ လား၊  ဘရွတ်စ်ရှီးလား၊ ဒယ်မီမိုးလားလို့ ကောင်မ လေးကို တွေ့စတုန်းက သူစဉ်းစားမိခဲ့ဖူးသော်လည်း ကောင်မလေးနာမည်သည် “၀င်းဝင်းမော်”ဟု သိလိုက်ရသောအခါ သူက ထိုနာမည်လေးကိုရော ကောင်မလေးကိုပါ ချစ်မိပြီးသား ဖြစ်သွားခဲ့ပြီးပြီ။ တစ်ချို့ကိစ္စရပ်များ သည် ထူးခြားမည်ထင်ထားသော်လည်း ထူးခြားမလာသည့်အတွက် သူဘာမှ မတတ်နိုင်ပါ။

နာမည်ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အား ခေါ်ဆိုဖို့၊ အတင်းအဖျင်းပြောဖို့၊ မြှောက်စားဖို့၊ စော်ကားဖို့၊ ဖော်လံဖားလုပ်ဖို့၊ ရန်စဖို့၊ နှိမ်ချဖို့၊ အချိုသတ်ဖို့စသည် ကိစ္စရပ်များ သက်သက်အတွက် မှည့်ဆိုထားကြခြင်းမဟုတ်နိုင်ပါ။ သူက ကောင်မလေး ကို ကောင်မလေးဟုသာ ခေါ်ဆိုချင်ပါသည်။

အခန်း(၂)

သူဖြတ်နင်းလျှောက်လာခဲ့သည့် မြက်ခင်းစိမ်းစိမ်းလွင်ပြင်အား နီးကပ်စွာ ကြည့်မိရာ နှင်းစက်မှုန်တို့ဖြင့် စိုလူးနေသော မြက်ပင် ရွက်ဖျားများကို မြင်ရသည်။ ခပ်ဝေးဝေးမှ မြွေတစ် ကောင်လို တွန့်ခွေနေသည့် မြေနီလမ်းကလေးသည်လည်းကောင်း၊ ကြည်စင်နေသော ကောင်းကင်ထဲ တိုးသက်စီးဝင်သွားကြသည့် အညိုဖျော့ဖျော့မီးခိုးများသည်လည်းကောင်း၊ ထိုမီးခိုးများအား မှုတ်ထုတ်လိုက်သော နီညိုရောင် ခေါင်းတိုင်နှင့် အုတ်တိုက်ပုပုလေးများသည်လည်းကောင်း၊ သူ့အတွက် ခံစားချက်တစ်စုံတစ်ခု မပေးစွမ်းနိုင်သည်မှာ သေချာလွန်း နေသည်။

““ဟိုကောင်မလေး၊ ဘယ်အချိန်ရှိပြီလဲ၊ ကျောင်းမသွားသေးဘူးလား

ခြံထဲရောက်ရောက်ခ်ျး အလှစိုက်ပန်းအိုးများဖြင့် အလုပ်ရှုပ်နေသည့်။ မိန်းကလေးတစ်ယောက်ကို တွေ့၍ မေးလိုက်ခြင်းဖြစ်သည်။ ထိုမိန်းကလေးသည် သူ့သမီးငယ်ဖြစ်ပြီး စီးပွားရေး တက္ကသိုလ် ဒုတိယနှစ်တက်နေသူလည်း ဖြစ်သည်။ သူ့သမီးက…

““သမီး… ဒီနေ့နေ့လည် ညိုမာတို့ တင်မြင့်အောင်တို့နဲ့ သမ္မတရုံမှာ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတယ် ဖေဖေ။ ကျောင်းမှာလည်း ဒီနေ့ Class မရှိဘူး””

““အေးကွယ်.. ဒါဆိုရင်လည်း အိမ်အပြန်တော့ သိပ် နောက်မကျ နဲ့နော် သမီး””

သူ့စကားကြောင့် သူ့သမီးနှုတ်ခမ်းတစ်ဖက်မဲ့ကာ မျက်နှာအောက်ငုံ့သွားသည်။ သူ့သမီးဆီမှ ထိုကဲ့သို့သော အမူအရာများအား မြင်တွေ့ဖူးဖန်များသောကြောင့် သူမည်သို့မျှ ထိထိခိုက် ခိုက်မခံစားရ။ ယခင်သည်လိုအချိန် သူမနက်ခင်းလမ်းလျှောက်ထွက်ရာမှ ပြန်လာလျှင် သူ့သမီးက ကျောင်းအကြိုအပို့ ဖယ်ရီကားပေါ်ရောက်နေပြီ။ ဒီနေ့တော့ “အင်း… စောစောပြန် လာခဲ့သာ မှာရတယ်၊ သမီးက ဖအေပြောတာ ဆိုရင် သိပ်အလေးအနက်ထားချင်တာ မဟုတ်ဘူး။ အင်းလေ.. ဒီလောက်တော့ ရှိမှာပေါ့။ “သိပ်အရေးမကြီးပါဘူး”ဟု သူ့နှုတ်ခမ်းမှ ခပ် တိုးတိုးရေရွတ်ရင်း အိမ်ထဲလှမ်းဝင်လိုက်သည်။

(ကိုသိန်းဖေ၊ ကျွန်မဆိုင်သွားပြီ၊ မိသက်တို့သားအမိလည်း သူတို့ အဒေါ်နဲ့ မနက်ကပဲ ကျိုက်ထီးရိုးသွားကြတယ်။ ရှင်လိုအပ်တာ ရှိရင်လည်း ထုံးစံအတိုင်း ထွေးလေးကိုပဲ ခိုင်းပါ။)

ဧည့်ခန်းထဲမWhite Board ကိုကြည့်ပြီး မိန်းမဖြစ်သူနှင့် စကားမပြောဖြစ်တာ သုံးလလောက်တော့ ရှိပြီလို့ တွေးမိတော့ သူယဲ့ယဲ့ကလေး တောင်ပြုံးမိလိုက်သေးသည်။ တကယ်တော့ တမင်တကာ စကားမပြောဘဲ နေကြတာတော့လည်း မဟုတ်ပါဘူး။ အယူအဆမတူညီ သူနှစ်ယောက်အဖို့ ရန်စကားတွေ ပြောနေကြမည့်အစား အတတ်နိုင်ဆုံး နှုတ်ဆိတ်နေကြရာမှ ယခုလို စကားမပြောဖြစ်ကြတာပဲဖြစ်မည်ဟု သူထင်သည်။ ထားနေကျအတိုင်း နံရံတစ်နေရာတွင် လမ်းလျှောက်တုတ်ကောက်လေးအား မှီထောင်ထားလိုက်ကာ အိစက်နေသော ဆိုဖာဆက်တီပေါ်သို့ သူခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

_ _ _

ဒီတစ်လ ထီဖွင့်ဖို့ ဘယ်နှစ်ရက်လိုသေးသလဲ။ အရေးမကြီးပါဘူး။ မြင်ရကြားရသမျှကလည်း မိုးပေါ်က မဆင်းတော့ဘူး။ အရေးမကြီးပါဘူး။ ကမ္ဘာကြီးတစ်နေ့ထက်တစ်နေ့ ကျဉ်းလာ တယ်ဆိုရင် ကြပ်လည်းကြပ်လာမှာပေါ့။ အရေးမကြီးပါဘူး။ နယ်က သော့ခတ်ထားခဲ့တဲ့ ကိုယ့်တိုက်ခန်းပေါ် သူခိုးတက်လို့တဲ့။ အရေးမကြီးပါဘူး။ အရေးမကြီးပါဘူး။ သူ့အတွက်က ပစ်စလတ်ခတ်ပိုလျှံနေသော အချိန်ကာလများ အား အဓိပ္ပာယ်ရှိရှိ ကုန်ဆုံးသွားရန်သာ အရေးကြီးသည်။ ဟင့်အင်း… အဓိပ္ပာယ်ရှိဖို့ဆိုတာတောင် အရေးမကြီးတော့ပါဘူးလေ။ အရေး မကြီးသော အတွေးတွေထဲတွင် လွင့်မျောနေရာမှ အသိတစ်ခုက ခန္ဓာကိုယ်ကို လာကပ်သည်။ သူ့ချွေးမ မိသက်တို့ သားအမိတောင် နယ်ကလာတဲ့ ဧည့်သည်နဲ့ ကျိုက်ထီးရိုးဘုရားဖူး သွားကြတယ်ဆိုပဲ။ အဲဒါကြောင့် စောစောက အိမ်ထဲအ၀င်မှာ တစ်ခုခုလိုနေသလို ခံစားရတာကိုး။

အခန်း(၃)

လေအလှုပ်မှ ယိမ်းရွေ့သွားသော သစ်ရွက်ခတ်သံသဲ့သဲ့အား ကြားရ၏။ ကောင်းကင်မျက်တောင်ဖျားမှာ တိမ်ဖြူတို့ ၀ဲရှပ်လွင့်ပါး နေကြသည်။ အနောက်အရပ်ဆီ ပျံသန်းသွားကြသော ငှက်တစ်အုပ်ကို မြင်နေရသည်။ ဝေးလွန်းသည့်အတွက်ကြောင့် အပြာရောင်ထဲတွင် အမည်းစက်ကလေးများ ညင်သာရွေ့လျားသွားသည့် အသွင်ဖြစ်နေသည်။ သူတို့လည်း ကိုယ့် အဖော်ကိုယ်စီနှင့် ပျော်ရွှင်နေကြပေမည်။ ကောင်းပါသည်။ နားခိုနေရာတာထက် လှုပ်ရှားဆူဝေနေရတာက ဘ၀ပိုဆန်ပါလိမ့်မည်။ ခပ်ညံ့ညံ့လူများ ပြောလေ့ပြောထရှိသော “ဘ၀ဆို တာ တိုက်ပွဲ”ဟူသည့် စကားနှင့် အဓိပ္ပာယ်ခြင်း ဆင်ကောင်းဆင်နေနိုင်သည်။ ဒီလိုပါပဲ။ သူတို့အားလုံး ကြားဖူးနားဝတွေဖြင့် မိုးချုပ်နေခဲ့တာ ကြာပြီ။

ယခုလည်း သူနှင့် သူ့ချစ်သူကောင်မလေး (မျက်ဝန်းပြာမလေး) တို့သည် သမီးရည်းစားတို့လမ်းစဉ်အတိုင်း ပန်းခြံထဲမှာ ချိန်းတွေ့ ရမည် ဟူသည့် ကြောင်တောင်တောင် ကြားဖူးနားဝ အစဉ်အလာကို လိုက်နာသောအားဖြင့် ရေကန်ကြီးကြီးရှိသော ပန်းခြံတစ်ခုထဲတွင် လာရောက်တွေ့ဆုံကြခြင်းဖြစ်သည်။

““မောင်…. ကန်ကြီးက သိပ်လှတာပဲနော်””

သူကတော့ ဖြစ်နိုင်လျှင် ပန်းခြံထဲမှာ သမီးရည်းစားချိန်း မတွေ့ချင်ပါ။ ရုပ်ရှင်ရုံသွား၍လည်း အတူတူမကြည့်ချင်ပါ။ (ထို ရုပ်ရှင်က ကုလားကားဖြစ်နေလျှင် ပိုပြီး စိတ်ရှည်နေရဦးမည်။) နီးစပ်ရာ ဘောလုံးကွင်းတစ်ခုထဲသို့သာ နှစ်ယောက်အတူ သွားနေလိုပါသည်။ (ထိုနေ့ တွင် မည်သည့်ဘောလုံးပြိုင်ပွဲမှ ရှိမနေစေနဲ့ပေါ့။)

““နေဦး… မောင်၊ ဟိုးက အပင်မြင့်ကြီးပေါ်မှာ နားနေတာ ဘာငှက်လဲဟင်””

အဆိုပါ ဘောလုံးကွင်းထဲသို့ ဆေးရောင်ခြယ် ကာတွန်းစာအုပ်တစ်အုပ်-နှစ်အုပ်နှင့် ရောင်စုံခဲတံတစ်ဗူးလည်း ယူလာရပါလိမ့် မည်။ ပျင်းလျှင် ကွင်းထဲဆင်း၍ ဘောလုံးကန်ရန် ဘောလုံးတစ်လုံးလည်း ယူလာရပါလိမ့်မည်။ ဘောလုံးကွင်းသည် ပန်းခြံထက် မျက်စိ နောက်နိုင်စရာ မရှိနိုင်ပါ။ (ပန်းပွင့်လေးများ၏ ရနံ့ကို ရူရိုက်နိုင်ခွင့် ဆုံးရှုံးသွားသော်လည်း ချစ်သူရနံ့ဝင်သက်ထွက်သက်ဖြင့် နွမ်းသောရင်အား ဖြေလျော့ဝပ်ဆင်းပါမည်။) ပြီးတော့ ဘောလုံးကွင်းသည် ပန်းခြံလိုပဲ လေကောင်းလေသန့် အပြည့်အ၀ရနိုင်သည့် နေရာလည်းဖြစ် သည်။ မကောင်းဘူးလား။

““မောင်…ကြည့်၊ မေးနေတာကြာပြီ မဖြေဘူး။ ဘာလဲ မောင်က မော့်ကို ဘေးနားထားပြီး တစ်ခြားကောင်မလေးတစ်ယောက် အကြောင်း စဉ်းစားနေတာလား””

မျက်ဝန်းပြာမလေးက ပြောပြောဆိုဆို သူမပခုံးသားနုနုကလေးဖြင့် ခပ်သာသာတိုက်လိုက်သောကြောင့် သူလန့်သလို ဖြစ်သွား ကာ ဘောလုံးကွင်းလည်း စိတ်ကူးထဲမှ ပျောက်သွား၏။

““ဟာ၊ ဟင့်အင်း… မဟုတ်ပါဘူးကွာ။ မောင်က လာမယ့် စနေနေ့မှာ မောင်တို့ ဘာအစီအစဉ်နဲ့ လှုပ်ရှားရင် ကောင်းမလဲလို့ စဉ်း စားနေတာ””

ကောင်မလေးကို တိုးတိုးတိတ်တိတ်လေး သူလိမ်ညာလိုက်သည်။ ငါတွေးတာတွေမှ သူသိမှ မသိဘဲ။ ဗြောင်လိမ်တာလို့တော့ ဘယ်ပြောရပါ့မလဲဟု သူထပ်တွေးမိပြန်သည်။ ခဏကြာ တော့ ကောင်မလေး သူ့အပေါ် စိတ်ပြန်ကြည်လာကာ သူမ၏ ဆွေမျိုးအသိုက် အ၀န်းများအကြောင်းတွေအား ပြောပြနေပြန်သည်။ ကောင်မလေးပျော်နေရင် ပြီးတာပါပဲ ဟူသည့် သဘောလည်း ကျရောက်ကာ သူ့ထံတွင် ထိုအခိုက်တန့်မှာ လုပ်ကိုင်စရာ ကိစ္စကြီးကြီးကျယ်ကျယ် အဆင်သင့်ရှိမနေခြင်းကြောင့် သူမပြောသမျှကို ဂရုတစိုက် သူနားထောင်ပေးနေ လိုက်သည်။

ကန်ရေပြင်ကို လှုပ်ရှားလှိုင်းထစေသော လှေငယ်တစ်ချို့ပေါ်တွင် စုံတွဲတစ်ချို့ ရှိနေသည်။ ကြည်နူးမှုတစ်ချို့လည်း ရှိနေလိမ့် မည်။ ထိုကြည်နူးမှုတို့သည် နှစ်ယောက်ထိုင်ခုံလေး ပေါ်တွင်လည်း ရှိနေသည်။ တချို့ကြည်နူးမှုများကတော့ ဟောဟိုက စားသောက်ဆိုင် ထဲမှာ စကားစမြည်ပြောနေကြသည်။ သို့သော် ကြည်နူးမှုသည် ခါးသီးသောရမ္မက်အသွင်ပြောင်း ၍ ၀ါးရုံပင် ခြုံကွယ်များနောက်တွင်လည်း ရှိ နေကြ၏။

ကောင်မလေးနှင့် တစ်လမ်းထဲနေသည့် သူ့သူငယ်ချင်း၏ အကူအညီဖြင့် (အတိုချုပ်ပြောရလျှင်) ကောင်မလေးနှင့်သူ ချစ်သူဖြစ်ခဲ့ကြသည်။ သည်ကာလကြားထဲ ယောက်ျားပျိုတစ် ယောက်က မိန်းမပျိုတစ်ယောက်၏ အချစ်အတွက် ထိုက်သင့်သလောက်ပေးဆပ်မှုများဖြစ် သည့် အချိန်ကာလ၊ ဘာနေ့ညာနေ့အမှတ်တရလက်ဆောင်၊ အားနာစိတ်ပျက်မှု၊ ကိုယ်နှင့် ရည်းစားလုဖော်လုဖက်၊ မျိုးရိုးနှင့်ပညာအရည်အချင်း။ နောက်… ငွေ (သို့မဟုတ်) ရေ (သို့မဟုတ်) အာရကေ (သို့မဟုတ်) သြညနပ မန်းနီး စသဖြင့်ပေါ့… သမာရိုးကျဆန်ဆန် မိုက်မဲမှု တွေပေါ် ရင်ခုန်နားခိုခဲ့သော အ၀ါရောင် မပီမသနေ့ရက်တွေလေ။ အခုထိ လတ်ဆတ်ချင်ယောင်ဆောင်ထားတုန်း….

အခန်း (၄)

အိမ်အပြင်ဘက် ခြံဝန်းဆီမှ အမျိုးအမည်မသိ ငှက်တစ်ကောင် အော်မြည်နေသံကို ခြောက်ကပ်စွာ ကြားနေရသည်။ နေ့လည်ခင်း သည် ပွင့်ဖတ်တစ်ဝက်တစ်ပျက် ကြွေကျနေသည့် ရိုးတံငေါငေါ နှင်းဆီကိုင်းခြောက်တစ်ခုလို စိတ်ပျက်ဖို့ကောင်းလွန်းနေသည်။ ဘာကြီးလဲ… ဘာလိုအပ်နေတာလဲ …လက်ထဲမှ ဇွန်းနှင့်ခက်ရင်းကိုချကာ အနီးက ဖန်ခွက်ထဲရှိရေကို သူ ကောက်မော့လိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်မှာ အသက် (၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက် ထမင်းထိုင်စားနေသည်။ စားနေရင်းမှ သူ့ဘယ် ဘက်ရှိ အသက် (၃၀) ခန့်လောက် မျက်နှာထားတည် တည်နှင့် အမျိုးသမီးထံ လှမ်းပြီး စကားပြောနေသည်။ ထိုအမျိုးသမီး၏ ဘေးတွင် ပါးစပ်မှာ ဟင်းဖတ်များပေကျံနေသောအသက် (၃) နှစ်အရွယ် ကောင်မလေးတစ်ယောက် ထမင်း ထိုင်စားနေသည်။ သူတို့ပြောနေကြသော စကားများကိုတော့ သူမကြားရပါ။ သည်အဖြစ်အပျက်တွေက ဟိုအရင် (၁၆) နှစ်အလွန်မှာ ကျန်ရစ်ခဲ့လေသည်။

ထမင်းစာခန်းသည် ရှိရင်းစွဲအခြေအနေထက် ပိုမိုတိတ်ဆိတ်သွားသလို ခံစားရသည်။ စောစောက သူကောက်မော့လိုက်သည့် ရေတွေလည်း လည်ချောင်းထဲမှာပင် ခြောက်ကပ်သွားပုံရ ၏။ ရင်ဘတ်ထဲထိမရောက်၊ ယခင်ရက်တွေတုန်းကလို သူ့ချွေးမမိသက်တို့ သားအမိ မရှိတာလည်း ပါမည်။ သူ့ချစ်မြေးဖိုးဇော်က အလွန်အဆော့သန်တဲ့ကောင်။ ဒီကလေးတောင် ရှေ့လဆို (၅) နှစ်ပြည့်ပြီ၊ ရှိပြီပေါ့လေ။ သူအဖေ ဇေယျာလတ်တောင် (သူ၏သားအကြီးဆုံး) ဘာလိုလိုနဲ့ မလေးရှားသွားတာ (၃) နှစ်ရှိပြီပဲ။

အေးခဲစပြုနေသော အတွေးအိုတို့ဖြင့် ထမင်းစားစားပွဲမှ မထဘဲ သူငိုင်နေဖြစ်သည်။ နေ့လည်ခင်းသည် တံလျှပ်ထနေသည့် ကန္တာ ရလွင်ပြင်တစ်ခုဆန်ဆန် တိတ်ဆိတ်ဆဲ…။

““ဘဘကြီး၊ ပန်းကန်တွေ သိမ်းလိုက်ရတော့မလား””

အသံတစ်ခုကြောင့် သူ့တစ်ကိုယ်လုံး ဆတ်ခနဲဖြစ်သွား၏။ အိမ်မှာ အ၀တ်လျှော်ထမင်းချက်ရန် သူ့မိန်းမ နယ်မှခေါ်ထားသော ထွေးလေး၏ အသံဖြစ်နေသည်။ ထွေးလေးကို သူခေါင်း တစ်ချက် ညိတ်ပြလိုက်သည်။

““ဘဘကြီး ဒီနေ့ထမင်းသိပ်မစားဘူးနော်၊ မမလေး နှင်းချိုလတ်လည်း စားမသွားဘူး၊ ရုပ်ရှင်ရုံရောက်မှပဲ တစ်ခုခုဝယ်စားတော့ မယ်တဲ့…။””

ထမင်းစားခန်းထဲမှ သူထွက်လာခဲ့သည်။

ပထမတော့ ဧည့်ခန်းဘက်သွားရန် ဟန်ပြင်ပြီးမှ မသွားဖြစ်ဘဲ အိပ်ခန်းထဲဝင်ကာ တံခါးပိတ်လိုက်သည်။ တစ်ယောက်တည်းရှိနေ ကာမှ အထီးကျန်ဆန်မှုက သူ့အပေါ် သိသာစွာ ဖိစီး ကျဆင်းလာသလို ခံစားရ၏။ သွေးတိုးရောဂါဖြင့် အလုပ်မှ ဆေးပင်စင်ယူစဉ်ကာလအထိ တော့ သူ့ဘ၀က လှုပ်လှုပ်ရှားရှားရှိခဲ့သည်။ “ရှင် ဒီရောဂါကြီးနဲ့ အလုပ်လုပ်တော့ကော ဒီအိမ်မှာ ငွေဘယ်လောက်ဝင်လာမှာမို့လဲ”၊ သူ့မိန်းမ၏ အသံခပ်စူးစူးက သူ့မျက်နှာပြင် အရေးအကြောင်းတွေပေါ် ဖျတ်ရိုက်သွားသည်။ သည်တုန်းက သူတို့လင်မယား တကျက်ကျက် ပေါ့။ သူတို့ အိမ်ထောင်သက် (၁၈) နှစ်လောက်မှာပင် သူ့မိန်းမ၏ အဖေ၊ (သူ့ယောက္ခထီးကြီး) ဆုံးသဖြင့် ဗိုလ်ချုပ်ဈေးမှ ရွှေဆိုင်တစ်ဆိုင် အပါအ၀င် အမွေတွေအတော်များများ ရလိုက်ကြသည်။ အခုတော့လည်း တစ်အိမ်လုံး သည်ရွှေဆိုင်နှင့်ပဲ စားသောက်နေကြသည်။ သူကတော့ အားလုံး ၏ အမြင်မှာ လူပိုသက်သက်။

အခန်း (၅)

သူ့လက်ထဲတွင် ဆေးသားရောင်စိုလွင်နေသော ဓာတ်ပုံတစ်ပုံကို ကိုင်လျက်သာရှိ၏။ ဓာတ်ပုံထဲတွင် မျက်ဝန်းပြာပြာနှင့် ကောင်မ လေးသည် ဘေးတိုက်မကျတကျ အနေအထားမျိုးဖြင့် သူ့ကို ပြုံးပြနေသည်။

““ဒီပုံကို မောင်ယူထားလိုက်တော့… မော့်ကိုလွမ်းရင် ထုတ်ကြည့် နိုင်တာပေါ့””

ကောင်မလေးမျက်နှာက ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ မျက်ဝန်းပြာမလေးရယ်… နင်ရဲ့ အဲဒီအပြုအမူလေးတွေကိုပဲ ငါက ချစ်နေမိတာပါ။ သူက ကောင်မလေး၏ဓာတ်ပုံကို ဒိုင်ယာရီ စာအုပ်အပြာလေးထဲ ညှပ်ကာ လွယ်အိတ်ထဲ အသာအယာထိုးထည့်လိုက် သည်။

““ကိုယ်ပေးမယ့်လက်ဆောင်ကိုတော့ ခါတိုင်းလို ခရစ္စမတ်နေ့ ကျမှပဲ ယူတော့နော်… မော်””

သူ့အပြောကြောင့် ကောင်မလေးခေါင်းကို ဆတ်ခနဲ ညိတ်ပြသည်။ ကြည့်၊ သိပ်ချစ်ဖို့ကောင်းတဲ့ ငါ့ရဲ့မျက်ဝန်းပြာမလေး…

နှင်းဝတ်နှင်းမှုန်တို့ဖြင့် တလက်လက်လူးပေနေသော ချစ်သူဆံနွယ်ကြားမှာ နှင်းဆီဖြူတစ်ပွင့် ထိုးစိုက်ပေးချင်သည်။ ပိတောက်ပင် နှစ်ဆယ့်သုံး ပင်တန်းစီနေသော ကျောက်ခင်းလမ်း တစ်လျှောက် ငါတို့ လမ်းလျှောက်ကြရအောင်။ လမ်းကြားမှ အမှိုက်ပုံကို ခွေးငါးကောင် တိတိ မွှေနှောက်နေသည်။ နက်မှောင်ပြာရီသော လွမ်းဆွတ်ကြေကွဲတတ်မှုများ မလာပါနှင့်။ မိန်းမပျိုတစ်ယောက်၏ ရယ်သံလိုလို ခပ်ညှင်း ညှင်းတိုက်ခတ်နေသည့် လေပြေသည် မုန်တိုင်း၏ ကနဦးကစ စစ်မောင်းသံဖြစ်ကြောင်း အတော်ကြီးနောက်ကျမှ သိလိုက်ကြရ၏။ အသစ်တဖန် မပိုင်ဆိုင်တော့သော ပါးလျလျအိပ်မက်မြူတို့အား လက်ခုပ်ဖြင့် လိုက်လံဖမ်းဆုပ်ရင်း လေးလံနေသူတစ်ဦးရှိသည်။ ယုံကြည်ရာ အသီးသီးမှာ ရူးသွပ်နေကြသည့်လောက တွင် ဘာတွေကို ယုံကြည်ပစ်လိုက်ရမှာလဲ။ ကဲ… ပြော။

အခန်း (၆)

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာ၏ နံနက်ခင်းတစ်ခုမှာတော့ သူ့အနေနှင့် တစ်စုံတစ်ခုလောက်တော့ ရူးသွပ်ယုံကြည်ခွင့်ရှိကြောင်း သူ့ကိုယ်သူ ပြောပြနေမိသည်။

_ _ _

လွမ်းဆွတ်ရီဝေစရာကောင်းသော အနမ်းတစ်ချို့အား ပန်းတစ်ခြမ်းဖြင့် ပို့လိုက်ပါ။ ဟောသည်မှာ… ခံတွင်းပျက်လူနာတစ်ယောက် လို ဆို့မှိုင်းမှိုင်းရနံ့ဖြင့် ဘ၀ကိုယ်တိုင် အစားမမှန် အ သောက်မမှန် ဖြစ်နေသည်။

ခရမ်းနုရောင်အသွင် မျှော်လင့်မှုများသည် ထင်ထားသလောက် မလေးနက် မခန့်ထည်ခဲ့ပါ။ အရည်ရွှမ်းမြနေသည့် လိမ္မော်သီး ကလေးများသည် ထင်မှတ်ထားသလောက် မချိုမြိန်ခဲ့ပါ။ နှုတ်ခမ်းသားထွေးထွေးပေါ် ထိတယ်ဆိုရုံလေး နမ်းခဲ့ဖူးသည့် အနမ်းများကလည်း ယုံကြည်ထားသလောက် ရင်ခုန်၍ မနေခဲ့ပါ။ ဆောင်းညကောင်းကင်မှ ကြယ်စုံဖူးများသည်လည်း စိတ်ကူးထားသလောက် လွမ်းဆွတ်ချင်စရာ မကောင်းခဲ့ပါ။ ထို့ကြောင့် လွမ်းဆွတ်ရီဝေချင်စရာကောင်းသော အနမ်းတစ်ချို့အား ပန်းတစ်ခြင်းဖြင့် ထပ်ပြီး ပို့ပေးလိုက်ပါ။

အခန်း (၇)

နံနက်ခင်းသည် ဖြူရော်ရော်နှင်းခိုးငွေ့များကြား ကကြိုးသစ်ကို  ဆင်ယင်နေပြီ။ ရေခဲငွေ့သီးသော စကားသံများဖြင့် ကမ္ဘာမြေသည် ရှင်သန်နိုးထ လူးလွန့်စပြုခဲ့ပြီ။ သည်နေ့ ခရစ္စမတ် နေ့။

သူက ထိုင်နေကျလက်ဖက်ရည်ဆိုင်မှာပင် ထိုင်နေသည်။ သူ့ လက်ထဲတွင် ဟောင်းမြေ့နေသည့် ဓာတ်ပုံတစ်ပုံနှင့် အတန်ငယ် ၀ါရော်စပြုနေသော ခရစ္စမတ်ကဒ်လေးတစ်ခုကို ကိုင် ဆောင်ထားသည်။ ထိုအရာဝတ္ထုလေးနှစ်ခုအား သူ့လက်ဖျားများဖြင့် (ယခုပင် ပျောက်ပျက်သွားတော့မည့်အလား) မကြာခဏ ပွတ်သပ်ထိစမ်းနေပြန်သည်။ သူ့ခေါင်းပေါ်မှ ဆံပင်များ သည်လည်း အဖြူရောင်ကျိုးတိုးကျဲတဲ ရှိနေ ခဲ့ပြီ။ ဓာတ်ပုံထဲမှာတော့ သူ့မိန်းမ (ဒေါ်) ၀င်းဝင်းမော်သည် သူမမြင်ဖူးသော အပြုံးမျိုးဖြင့် သူ့ကိုပြုံးပြနေလေသည်။

အခန်း (၈)

သူက ပီကေတစ်ခု၏ ချိုမြိန်သော ကာလများအား ရူးသွပ်ယုံကြည်မိလိုက်ခြင်းသာ ဖြစ်ပါသည်။

လွန်းဆက်နိုးမြတ်

ချယ်ရီ၊ဇန်န၀ါရီ၊၂၀၀၅

ကြယ်စုံသစ်ပင်ဝတ္ထုတိုစု၊(ဆရာမင်းလူ၊ဆရာတာရာမင်းဝေတို့နှင့် တွဲဖက်၍)

ငါးရိုးပင်လယ်ဝတ္ထုတိုစု။

ပန်းချီ-ဖေစိုးအောင်

သင်္ကေတကျမ်းစာ

သင်္ကေတကျမ်းစာ

၁။ ဇူလိုင် ၈၊ စက်တင်ဘာ ၁၇ ထွက်ခွာရာပြပုဒ်

သမိုင်းမှာတော့ ၁၉၅၀ ဇူလိုင် ၈ ရက်မှာ ဗိုလ်ချုပ်မက်အာသာကို ကုလသမဂ္ဂတပ်များရဲ့ သေနာပတိအဖြစ် ကိုရီးယားမှာ ကြီးကြပ်စေပြီး ၁၇၈၇ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုတဲ့နေ့ပေါ့။ ဒါပေမယ့် ငါ့အတွက် တော့ အေးစက်ခြောက်ကပ်နေတဲ့ နေ့စွဲပါပဲ။ ၀ါကျင့်နေတဲ့ ပြက္ခဒိန်ပေါ်က ဒီအမှတ် အသားတွေကို မေ့လျော့ပစ်လိုက်ဖို့တော့ ငါမကြိုးစားခဲ့ပါဘူး။ နတ်ဆိုးပိုင်တဲ့ နေ့စွဲတွေအတွက် ငါ့မေတ္တာတရားတွေကိုပဲ လောင်းကြေးထပ်လိုက်ပါရဲ့။ ညည ငါ့ အိပ်မက်ထဲမှာ လေယာဉ်တစ်စင်းဟာ အဝေးကို ပျံဝဲထွက်ခွာသွားနေပေါ့။ ကြည့်နေရင်းနဲ့ တိမ်တိုက်တွေရဲ့အဆုံး…. ဟိုး အဝေးဆုံးကြီးထိပေါ့ကွယ်။ အိပ်ယာက နိုးလာတော့ ငါ့ဝင် သက်ထွက်သက်တွေ ရစ်သမ်မမှန်ဘူး။ ရေဆာလိုက်တာ။ စိတ်ချပါ… ကျန်ရစ်သူရဲ့ သစ္စာတရားဟာ လေးနက်စွဲမြဲနေမှာပါ။ ညရဲ့အဝေးက နာရီသံချောင်းခေါက်သံတွေ အောက်မှာ ငါ့ရင်ဘတ်ကို စိုက်ဝင် သွားတာ အသွားထက်မြလွန်းတဲ့ ဓားတစ်လက်မဟုတ်ခဲ့ဘူး။

လေယာဉ်လက်မှတ်လေးတစ်စောင်သာ။

၂။ သံမဏိရောင်အလွမ်းနဲ့ လမ်းတွေဟာ မဆုံးဘူး

အဆုံးမဲ့တဲ့ လမ်းတွေပေါ်မှာ ငါတစ်ယောက်တည်းလျှောက်နေခဲ့ရင်း ငါ့အသွေးအသားတွေအနှံ့ ငါ့နံရိုးအကြိုအကြားတွေထဲအထိ ငါ့ရိုးတွင်း ခြင်ဆီတွေအဆုံး အလွမ်းဟာ လက်သည်း ချွန်ချွန်တွေနဲ့ ရက်ရက်စက်စက် ငါ့ကို ထိုးခွဲခဲ့ပါတယ်။ ငါတို့အတူဝယ်စားဖူးတဲ့ လမ်းဘေးမှာ အကြော်ရောင်း နေတဲ့ ကုလားကြီးဆီက အကြော်တွေ နှစ်ယောက်စာဝယ်ပြီး ငါတစ်ယောက်တည်း စားပစ်ခဲ့ပေါ့။ ပန်းခြံထဲက နှစ်ယောက်ထိုင် သစ်သားခုံလေးပေါ် ငါတစ်ယောက် တည်း သွားထိုင်ခဲ့တယ်။ အဲဒီနေ့က အကြောင်းတိုက်ဆိုင်လွန်းစွာ ကဗျာ တစ်ပုဒ်ကိုလည်း ငါရေးသားဖြစ်ခဲ့ပါသေးတယ်။ နောက်ပြီး မိုးကလည်း စွတ်စွတ်အီအီ ရွာသွန်းလို့….။ ကောင်းကင်ဟာ ပြာမှိုင်းမှိုင်းနဲ့ ငါ့အလွမ်း တွေကို မဟားဒယားဖြစ်အောင် တွန်းပို့ပေးနေသလို အရောင်မျိုးပေါ့။ ငါဟာ ကုတ်အင်္ကျီအိတ်ပေါက်တွေထဲ လက်နှစ်ဖက်ကို ထည့်ပြီး မင်းကို ဆွေးဆွေးမြေ့မြေ့ သတိရနေခဲ့တယ်။ မှန်နံရံတွေ ကာရံထားတဲ့ ဖိနပ်ဆိုင်တွေကို မြင်တော့ မင်းကို လွမ်းလိုက်တာ…။ မင်းက ဖိနပ်ဆိုင်မှန်သမျှကို အလှူပေးတဲ့အိမ်လို သဘောထားပြီး တစွက်စွက်ဝင်ကြည့်တတ်တယ်မဟုတ်လား။ မြို့လယ်ဖိနပ် ဆိုင်ကြီးတစ်ဆိုင်က မင်းအတွက် ငါတို့စပ်တူဝယ်ခဲ့ကြတဲ့ ဝေါကင်းရှူးလေးလည်း ခုလောက်ဆို ဟောင်းနွမ်းသွားလောက်ပြီပေါ့။ ရုတ်တရက် တိုက်ခတ်လိုက်တဲ့ အေးမြ တဲ့ လေရိုင်းတစ်ချက်ကြောင့် ငါ့ခန္ဓာကိုယ်ဟာ တွန့်ခါသွားတယ်။ ဒီအချိန်ဆို လေအေးပေးစက်တွေကြားမှာ ရောက်နေမယ့် မင်းကိုလည်း ဖျတ်ခနဲ သတိရလိုက်မိပါရဲ့။ ““အဖဘုရားသခင် သူမအား ကျန်းမာခြင်းကို အစဉ်အမြဲ ပေးသနားတော်မူပါ။””

အဲဒီနေ့က အလွမ်းကြောင့် ငါ့လည်ချောင်းတွေဟာ ခြောက်ကပ်နခဲ့တယ်။ များပြားလှတဲ့ လူလှိုင်းအုပ်ကြီးကြားက လက်ချင်းတွဲချိတ်ထားတဲ့ စုံတွဲတွေကို မြင်တော့ ငါ့ဘယ်ဖက်ရင်ဘတ် ဟာ နာကျင်သွားမိတယ် ထင်တယ်။ ငါတို့ မကြာခဏ စီးနှင်းလိုက်ပါလာခဲ့ကြဖူးတဲ့ ဘတ်စ်ကားကြီးပေါ်မှာ ခုတော့ ငါ မင်းကို တမ်းတနေခဲ့တယ်။ ထိုင်နေတဲ့ ငါ့ဘေးမှာ မင်းရှိနေရမယ့်အစား ပိန်ကပ်ကပ်သွားခေါခေါ အမျိုးသမီးတစ်ယောက်က ငါ့ဘက်အတင်း တိုးကပ်လို့…။ သြော်.. သူ့ဘက်ပြတင်းပေါက်က မိုးပက်နေတယ်မဟုတ်လား။ ရာသီဥတုက လည်း အေးလိုက်တာ။ မင်းအတွက်ဆိုပြီး ၀ယ်ထားတဲ့ ဆေးပြားတွေက လောလောဆယ် ငါ့အတွက် ဖြစ်လာပြီပေါ့။ သတိရမှုတွေနဲ့ ငါ့ဦးခေါင်းတစ်ခုလုံးဟာ တဆစ်ဆစ်ကိုက်ခဲစပြုလာခဲ့တယ်။ အတူတကွ စားသောက်ဖူးတဲ့ ဆိုင်တွေကို ရှောင်ကွင်းပြီး အဆုံးမဲ့တဲ့လမ်းတွေပေါ် ငါလျှောက်လာခဲ့တယ်။ တကယ်လို့ ဆိုင်တွေထဲ ၀င်မိခဲ့ရင် ငါဟာ မင်းကို ဒီထက်ပိုပြီး သတိရမိသွားဖို့ပဲ ရှိတယ်မဟုတ်လား။ ပြီးတော့ အဲဒီ့အတွက် လောလောဆယ် ငါ့မှာ လုံလောက်တဲ့ငွေကြေးလည်း ရှိမနေခဲ့ဘူး။ ငါ့ရဲ့ ကုတ်အင်္ကျီအိတ်တွေ ထဲမှာ ရေးလက်စ စာမူအကြမ်းတွေပဲ ရှိနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ယုံပါလေ။ ဒီစာမူအကြမ်းတွေကို တစ်ချိန်မှာ လူတွေက ရွှေတုံးတွေနဲ့ လာရောက်လှဲလှယ်လာကြရပါလိမ့်ဦးမယ်။ ပြီးတော့ အဲဒီ့နေ့က မြို့လေးရဲ့ အမြင့်ဆုံးမျှော်စင်ပေါ်တက်ပြီး မင်းရှိမယ့် အရပ်ဆီ လွမ်းစိတ်နဲ့ ငါ ငေးမျှော်ကြည့်ခဲ့ပါသေးတယ်။ ကောင်းကင်ဟာ ပြာမှိုင်းမှိုင်းအနေအထားကနေ အညိုဖက်ကို ကူးပြောင်းလာနေပြီ။ ဆိုးရွားပြင်းထန်လွန်းတဲ့ ဟော့ဒီ သံမဏိရောင်အလွမ်းတွေ သက္ကရာဇ်ဘယ်နှစ်ခုအထိ နှိပ်စက်နေဦးမှာလဲကွယ်။ ငါ့ မျက်ဝန်းထဲက မျက်ရည်စက် တစ်ချို့ ပေါက်ခနဲ ကျဆင်းလာခဲ့တယ်။

အဲဒီနေ့က မသိမမြင် မကြားနိုင်တဲ့ နေရာတစ်ခုက မင်းဆီ ဘယ်လို နည်းမျိုးနဲ့မှ ငါမဆက်သွယ်ဖြစ်ခဲ့ပါဘူး။ တိတ်တိတ်လေးပဲ ငါလွမ်းဆွတ်နေခဲ့တယ်။

၃။ တည်းခိုခန်း

မကြာခဏရောက်ခဲ့ဖူးတဲ့ တည်းခိုခန်းလေးမှာ ဒီတစ်ခါ တတိယထပ်က အခန်းတစ်ခန်းရတယ်။ မင်းအနမ်းတွေနဲ့ စေးပျစ်လောင်ကျွမ်းရာ နေရာလေးပေါ့ကွာ။ ငါတို့ဟာ တစ်ယောက် ခန္ဓာကိုယ်ကိုတစ်ယောက် တပ်မက်မှုအပြည့်နဲ့ ပြင်းပြင်းပြပြ ဖက်ရစ်တွယ်ထားခဲ့ကြတယ်။ ဘယ်လောက် အင်အားကြီးတဲ့ လက်ချောင်းတွေပဲဖြစ်နေနေ ငါတို့ခန္ဓာကိုယ်တွေ ကို ဝေးကွာအာင် မဆွဲခွာနိုင်ပါဘူးကွယ်။ မင်း မျက်စိတွေမှိတ်ထားချိန်မှာ ငါက တိုးဝင်ပြီး ငါ့မျက်စိတွေ မှိတ်ပစ်လိုက်ချိန်မှာ မင်းက တိုးဝင်လာခဲ့တယ်။ ငါရဲ့သိမ်မွေ့တဲ့ ပျော့ပြောင်း ကျွမ်းကျင်မှုတွေဟာ မင်းကို ကျေနပ်မှုအပြည့် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခိုက်အတန့်တစ်ခုအတွင်းမှာ ပြောင်းလဲသွားတဲ့ မင်းပုံရိပ်ကို ငါဘယ်တာ့မှ မေ့နိုင်လိမ့်မယ် မထင်ဘူး။ “သွားမယ် နေချင်နေခဲ့”အဲဒီ့စကားဟာ ငါ့နားထဲ ခုထိပေါက်ကွဲနေဆဲ…။ အခန်းနံပါတ်မမှတ်မိတဲ့ တည်းခိုခန်း တစ်ခုမှာ ဒီအဖြစ်အပျက်ဟာ တိတိကျကျ ဖြစ်ပျက်ခဲ့လေရဲ့။

၎။ အမှတ်တရတွေကို ဘာဖြစ်လို့ မေ့ပျောက်မရနိုင်ခဲ့ရတာလဲ။

မြို့လေးမှာ ချိတ်ဆွဲထားတဲ့ အင်္ဂလိပ်စာသင်တန်းဆိုင်းဘုတ်တွေ မြင်ရတဲ့အခါတိုင်း အဆုံးမဲ့တဲ့ လမ်းတွေပေါ်လျှောက်နေတဲ့ ငါ့ခြေထောက်တွေဟာ ရပ်တန့်သွားမိတယ်။ တစ်ဆက် တည်းမှာပဲ မင်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတဲ့ ဒီဘာသာရပ်အတွက် ငါ့ ဂုဏ်ယူမိပါရဲ့။ ဟိုတုန်းက စနေ တနင်္ဂနွေတွေဟာ ငါ့အတွက် သေရာပါ ဂီတပဲ။ ကားမှတ်တိုင်တွေ က ငါတို့ရဲ့ ချိန်းဆိုမှုတွေ တစ်ချိန်မှာ ပြန်ရနိုင်ဦးမလားလို့ သိချင်တယ်။ အဖြစ်အပျက် တစ်ခုကို သတိရမိတော့ ငါ့ခန္ဓာကိုယ်ဟာ အလိုလိုနေရင်း မိုးရေတွေ ရွှဲနစ်လာသလို ခံစားလာမိရဲ့။ မိုးရွာထဲ ကားတစ်စီးကို လမ်းပေါ်ထွက်ငှားနေတဲ့ ငါ။ ပလက်ဖောင်းမှာ ထီးတစ်ချောင်းအောက် ရပ်နေတဲ့ မင်း။ တစ်စစနဲ့ မိုးသားတွေသာ ပိုမိုထူပြောလာတယ်။ ငါတို့က ကားတားလို့ မရခဲ့ဘူး။ ဒီလိုနဲ့ မင်းရဲ့အဝေးခရီးမှာ ယူဆောင်သွားမယ့် ခရီးဆောင်အိတ်ကို သည်းထန်နေတဲ့ မိုးရေထဲ ငါ့ပုခုံးနဲ့ ထမ်းသယ်လာခဲ့ပါတယ်။ အလွန်အမင်း လေးလံစွာနဲ့။

ငါနဲ့မင်းကြားမှာ တယ်လီဖုန်းခေါ်သံတွေဟာ ဖွံ့ဖြိုးလွန်မြို့ပြ တိုက်တာတွေလို တဖြည်းဖြည်းထူထပ်မြင့်တက်လာခဲ့တယ်။ ငါ့အပေါ် ထားရှိတဲ့ မင်းရဲ့ မေတ္တာတရားတွေဟာ တယ်လီ ဖုန်းကြိုးလေးတွေထဲကနေတစ်ဆင့် ငါ့ဆီတသွင်သွင်စီးဆင်းခဲ့ဖူးတယ်။ စိတ်ဓာတ်ကျနေတဲ့ မင်းအတွက် ငါ့ရဲ့ အားပေးတိုက်တွန်းမှုတွေဟာလည်း တယ်လီဖုန်းခွက်တွေ ထဲမှာ တောက်ပခဲ့ပါရဲ့။ မင်းရဲ့ ဖြတ်တောက်ရက်စက်မှုကိုလည်း တယ်လီဖုန်းထဲကနေပြီး ငါလက်ခံခဲ့ဖူး သေးတယ်လေ။ အိပ်မပျော်တဲ့ ညတွေမှာ ငါဟာ မင်းဆီက တယ်လီဖုန်းသံ ကို မျှော်လင့်လို့ပေါ့။ တယ်လီဖုန်းဟာ ငါတို့နှစ်ယောက် အကြားမှာ အရေးပါတဲ့ ကူးလူးမှု။ ဟိုတုန်းက ငါဟာ ပိုနီတေးဆံပင်ပုံစံနဲ့… မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ ကဗျာတစ် ပုဒ်ပြီးတစ်ပုဒ်နဲ့… ဂျစ်ကန်ကန်နိုင်တဲ့ စိတ်ကူးစိတ်သန်းနဲ့… ဂျင်းဘောင်းဘီနဲ့… ပြီးတော့ ငါသိပ်ချစ်တဲ့ မင်းနဲ့ပေါ့ကွယ်။ အရာရာကို တစ်ကပြန်စဖို့ ပြင်ဆင်နေတဲ့ လူသားတစ်ဦးဟာ ငါပါကွာ။ မင်းအတွက် ပြန်လည်ပြဋ္ဌာန်းခဲ့တဲ့ ငါ့ဥပဒေသတွေဟာ ခိုင်ခန့်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက် ၂၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ စိုစွတ် တောက်ပတဲ့ အိပ်မက်တွေနဲ့အတူ လိမ္မာခဲ့ပါရဲ့။ တဖြည်းဖြည်းအသားကျလာတဲ့ ငါတို့နှစ်ယောက်ရဲ့ ထပ်တူညီမှုတွေဟာ တသမတ်တည်း ဖြစ်တည်မနေ နိုင်မှန်း အသိနောက် ကျခဲ့တာက လွဲရင်ပေါ့။ မင်းပြောတဲ့ မလိုက် ဖက်ခြင်း အမိန့်စကားတစ်ခွန်း အောက်မှာ မကြာမတင်ဘဲ ရိတ်သင်ပစ်ခဲ့ရတာ လပေါင်းများစွာ မွေးမြူ ထိန်ချန်ထားခဲ့တဲ့ ငါ့ဆံပင်ရှည်တွေလေ။ တကယ်က ဆံပင်ရှည်တွေနဲ့အတူ ငါ့ဆိုးသွမ်းအနိုင်ကျင့်မှုတွေကိုပါ ရိတ်သင်ပစ်ခဲ့တာ ပါကွယ်။

တစ်ခါက ပျောက်ဆုံးသွားခဲ့ဖူးတဲ့ မင်းရဲ့ မှတ်ပုံတင်လေးကြောင့်သာ မဟုတ်ရင် မင်းဆီကို ဂငယ်ကွေ့ပြန်လာတဲ့ ငါ့ကို လွယ်လွယ်နဲ့ မင်းလက်ခံမှာ မဟုတ်တာ သိပ်သေချာတယ်။ မနက်ပိုင်းတချို့မှာ ရေနံဆီဝနေတဲ့ သစ်သား တန်းလျားကြီးလို နှစ်ထပ်အဆောက်အဦထဲက မှတ်ပုံတင် စာရေးမဆီ ငါတို့ အတူတူသွားရောက်ခဲ့တာတွေကို ငါပြန်မှတ်မိပါသေးရဲ့။ အပြန်မှာ ငါတို့ဟာ အဲဒီ့ အဆောက်အဦကြီးနားက စားသောက်ဆိုင်လေးထဲ ၀င်ထိုင်တတ်ကြသေးတယ်။ ရက်အတော်ကြာတဲ့ထိ မင်းရဲ့ မှတ်ပုံတင်လေးအတွက် ငါတို့ အလုပ်ရှုပ် ခဲ့ကြဖူးပါရဲ့။ အမှတ်တရ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံက လေးတွေက ငါ့စားပွဲပေါ်မှာ အမြဲလိုလို ရှိနေခဲ့တယ်။ တစ်ခါတစ်ရံတော့ ဒီဓာတ်ပုံလေး တွေကို ကိုင်ကြည့်ရင်း ၀မ်းနည်းမှုကြောင့် ငါ့ရင်ဘတ်ဟာ ဆို့တက်လာ တတ်တယ်။ ဓာတ်ပုံထဲမှာ မင်းရုပ်က သိပ် မျက်နှာပြောင်တာပဲနော်။

၅။ အကြည့်တွေ ဂစ်တာကြိုးလို တုန်ခါနေခဲ့ကြတယ်။

ဘယ်လို ဗေဒင်ယတြာကိုမှ မယုံကြည်တဲ့ အတွေးအခေါ်ကို မင်းနဲ့ငါ သဘောတူညီခဲ့တယ်။ အဲဒီတုန်းက ငါတီးခတ်တဲ့ တေးသီချင်းတွေကို မင်းက တိုးတိုးကလေး လိုက်ဆိုလို့ပေါ့။ မြို့လေးအနှံ့လျှောက်သွားရင်း မိုးစက်တွေ အောက်ရောက်တဲ့အခါ ငါတို့နှစ်ဦးဟာ အနီရောင်တီရှပ်ကို ဆင်တူဝတ်ပြီး ထီး တစ်ချောင်းတည်းနဲ့ လုံလောက်ခဲ့ကြတယ်။ ပန်းခြံတကာမှာ ငါတို့ထားရစ်ခဲ့တဲ့ ရင်ခုန်သံတွေထက် ပျော်ဖို့ကောင်းတာ ဘာများရှိနိုင်ဦးမှာလဲကွယ်။ အဲဒီတုန်းက ကောင်းကင်ဟာ ဒီနေ့လိုမျိုး မည်းမည်းမှောင်မနေခဲ့ဘူး။ ကမ္ဘာမြေဟာ ဒီနေ့လိုမျိုး ပျင်းရိစရာမကောင်းသေးဘူး။ နောက်ပြီး လမ်းမတွေဟာ လည်း ဒီနေ့လိုမျိုး အဆုံးမမဲ့သေးဘူးကွယ့်။

ငါတို့နောက်ဆုံးတွေ့တဲ့နေ့က တွဲထားတဲ့လက်ကို ဖြုတ်ချပေးလိုက် ရတယ်။ ဆိုလက်စသီချင်းကို ရပ်တန့်ပစ်လိုက်ရတယ်။ နှလုံးသားက ခုန်ရင်း တန်းလန်း ခဏငြိမ်သက်သွားတယ်။ အတိအကျ မမှတ်မိပေမယ့် အဲဒီတုန်းက တိမ်တွေဟာ အုံ့အုံ့မည်းမည်း ရှိနေမှာပဲ။ သစ်ပင်တွေတိုင်းက သစ်ရွက်တွေဟာ အကုန်အစင်ကြွေကျကြမှာပဲ။ ရှိရှိသမျှ တေးရေး ဆရာအကုန်လုံး အလွမ်း သီချင်းတွေကိုပဲ အင်တိုက် အားတိုက် စတင်ရေးဖွဲ့နေကြ မှာပဲ။ ခွဲခွာခြင်းရဲ့ နောက်ဆုံးအကြည့်မှာ ငါတို့အရိပ်တွေက ဂစ်တာကြိုးလို တုန်ခါလို့…။

၆။ လပြည့်ည

ဒီစာစုတွေကို သင်္ကေတကျမ်းစာလို့ အမည်နာမတပ်ပြီး လပြည့်ည တစ်ညမှာ ငါအဆုံးသတ်ရေးသားနိုင်လိုက်ပါတယ်… ဘေဘီ။

လွန်းဆက်နိုးမြတ်

ရတီ၊ ဧပြီ၊ ၂၀၀၈

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဧကစာချို

မရေမရာ ဖီလိုဆိုဖာ

မရေမရာ ဖီလိုဆိုဖာ

ဤဇာတ်လမ်းကို ကျွန်တော်၏အခြားသော ခပ်ညံ့ညံ့ဇာတ်လမ်းများအတိုင်း အဆီအငေါ်မတည့်သော စိတ်ခံစားချက်များဖြင့် အခြေပြုဖွဲ့တည် ထားပါသည်။

(၁)

ကမ္ဘာကျော်လူလည်ကြီးများ ကုမ္ပဏီအမှတ်တံဆိပ်ပါ ဘီယာတစ်ဗူးအား ဖွင့်ပေါက်သောက်လိုက်ရာ အထဲမှ ပြင်းရှသော ဘီယာရည်များထွက် ကျမလာဘဲ ရယ်မောသံအတုများကသာ ရင်ဘတ်ထဲသို့ တဟီးဟီး ဟားဟား အော်ဟစ်စီးဆင်းသွားကြလေသည်။

ထိုရယ်မောသံအတုများထဲတွင် သူ့မိတ်ဆွေများ၏ ရယ်မောသံအတုများ၊ တီဗွီကြော်ငြာတစ်ခုထဲမှ ရယ်မောသံအတုများ၊ သူ့ချစ်သူများ၏ ရယ်မောသံအတုများ၊ အညံ့စားဝတ္ထုတစ်ပုဒ်ထဲမှ ရယ်မောသံအတုများနှင့် မရယ်ရသော ပြက်လုံးတစ်ခုမှ ရယ်မောသံအတုများ စသည်တို့ ပါဝင် ကြသည်။

သို့ရာတွင် လွန်ခဲ့သော နှစ်များဆီမှ သူမ၏ ရယ်မောသံများကတော့ အစစ်ဖြစ်ခဲ့နိုင်ပါသည်။

အဲသည့်နေ့က သူမသည် ထုံးစံအတိုင်း စာသားပါအကြောင်းအရာများ လွဲချော်နေသည့် တေးသီချင်းတစ်ပုဒ်ကို ခပ်တည်တည်ပင် သီဆိုနေခဲ့ ပါသည်။ သူမသီချင်းဆိုလျှင် အမြဲတမ်းပင် မူရင်းသီချင်းစာသားနှင့် လွဲချော်သော စာသားများသာ ဖြစ်နေတတ်သည်။ သူကလည်း ထိုအ ကြောင်းကို ဘယ်တုန်းကမျှ သူမအား ဖွင့်ဟမေးမြန်း ပြောဆိုခြင်းမရှိခဲ့ဖူးးပါ။ လူ့ဘ၀ဆိုသည်မှာ စာသားနှင့်သံစဉ် ထာဝရမှန်ကန်နေသည့် တေး သီချင်းတစ်ပုဒ် ဖြစ်ချင်မှ ဖြစ်နေနိုင်မည် မဟုတ်လား။

သူ့အတွက် ထူးခြားနေခြင်းက လွန်ခဲ့သော နှစ်များဆီမှ သူမ၏ ရယ်မောသံများ…၊ သူမ၏ လှုပ်ရှားဟန်များ…၊ သူမ၏ ထုံးစံအတိုင်း စာသားနှင့် အကြောင်းအရာ လွဲချော်နေသည့် တေးသီချင်းတစ်ပုဒ်ကို သီဆိုနေပုံများကို ယခုရက်ပိုင်းတွင် မကြာခဏဆိုသလို အိပ်မက်မက်နေမိခြင်းပင် ဖြစ်သည်။ ထိုဖြစ်ရပ်သည် သူမည်သို့မျှ ကြိုတင်ရည်ရွယ်ထားခြင်းမရှိသော ဖြစ်ရပ်လည်း ဖြစ်နေသည်။

သူက ခြတောင်ပို့ကို ခြံခတ်ပြီး အမွှေးတိုင်ထွန်း ပူဇော်တတ်သူမဟုတ်ပေ။ သူက လမ်းလျှောက်ရင်း နားစွန်နားဖျားကြားရတတ်သော သီချင်း တစ်ပုဒ်ကို အရေးလုပ် လိုက်ဆိုတတ်သူလည်း မဟုတ်ပေ။ သူက အများသုံးအိမ်သာထဲမှ ရုပ်ပုံနှင့် စာသားများကို တကူးတက ကုန်းကွပြီး ဖတ်ရှု တတ်သူလည်း မဟုတ်ပေ။ သူက စိတ်နယ်လွန် ဖြစ်ရပ်ဆန်းတို့အပေါ် ထူးဆန်းကာ ယုံကြည်တတ်သူလည်း မဟုတ်ပေ။ သို့သော် အခုတလော အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ မက်နေရခြင်းကိုတော့ သူ ဘာမှမတတ်နိုင်ပါ။ တွေးမိလျှင် အောင့်သက်သက်ဖြစ်ရ၏။ တစ်စုံတစ်ရာ ကို သူနည်းနည်းစိတ်တိုမိသည်။ ဘယ်က တစ်စုံတစ်ရာကို စိတ်တိုရမှန်းလည်းမသိ။ သူထပ်ပြီးတော့ ဘာမှမတတ်နိုင်တော့ပါ။

ဟိုတစ်ချိန်တုန်းကတော့ သူမသည် သူသီးသန့်စဉ်းစားတွေးခေါ်ရလောက်အောင် သူ့ရင်ဘတ်ထဲမှာ နေရာမယူနိုင်ခဲ့ပါ။ သူမသည် သူ့အတွက် စာသင်နှစ်တစ်နှစ်ရဲ့ အတန်းဖော်တစ်ယောက်မျှသာ ဖြစ်ခဲ့သည်။ ဒါဆိုလျှင် သူမကရော သူ့အပေါ် မည်ကဲ့သို့ ယုံကြည်မှုမျိုး ရှိခဲ့သလဲ။ သာမန်ယုံ ကြည်မှု မျိုးပဲလား။ ဒီထက် ပိုသေးခဲ့သလား။ သူ မသိပါ။ အရာရာဟာေ၀၀ါးအုံ့ဆိုင်းနေသည်။ သေချာမှုမရှိ။

သေချာတာက သူမ အခုတလော သူ့အိပ်မက်တွေထဲဝင်ပြီး အလွဲလွဲအချော်ချော် သီချင်းတွေဆိုပြပြီး နှောင့်ယှက်နေခြင်းပဲ ဖြစ်သည်။ ကောင်မ လေးရေ… ကျေးဇူးပြု၍ ငါ့အိပ်မက်တွေ နင့်ကြောင့် အပ်ကြောင်း မထပ်ပါစေနဲ့…။

(၂)

စာရေးဆရာကြောင်ချီးရဲ့ စာများကို သူတော်တော် သဘောကျသည်။ ထိုစာရေးဆရာရဲ့ စာတွေက ပျော့ပျော့လေးနှင့် နံသည်။ ထိုကဲ့သို့ နံနေ ခြင်းကပင် စာတွေရဲ့ အဓိပ္ပါယ်ကို တနည်းအားဖြင့် ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။ စာရေးဆရာကြောင်ချီးရဲ့ နောက်ဆုံးထုတ်စာအုပ်ကို အသာချလိုက်ကာ လက်ဖက်ရည်ကို သူမော့သောက်လိုက်သည်။ ထိုမော့အသောက်လေးမှာပဲ လက်ဖက်ရည်ဆိုင်ရှေ့မှ ဖြတ်လျှောက်သွားသော အဲသည်ငတိကို သူတွေ့မိလိုက်ရခြင်းဖြစ်သည်။

အဲသည့်ငတိဆိုသည်မှာ နှစ်ကာလအတန်ကြာအောင် သူနှင့် ဝေးကွာခဲ့ရသည့် မိတ်ဆွေတစ်ယောက်နှင့်တူသော လူတစ်ယောက် ဖြစ်၏။ နှစ်တွေ ကြာမြင့်လွန်းသောကြောင့် ထိုမိတ်ဆွေလိုလို၊ သူစိမ်းလိုလို ငတိကို သူ့စိတ်ထဲမှ ကောင်းစွာမခွဲခြားနိုင်။ သူ့မိတ်ဆွေများ ဖြစ်နေမလား။ ဒါမှ မဟုတ် လူချင်းဆင်တာပဲလား။ မြူလိုလို နှင်းလိုလို အငွေ့ဖြူဖြူတွေထဲ သူနစ်နေသည်။ ဘာကိုမှ သဲကွဲစွာ မမြင်ရ။ မဟုတ်သေးပါဘူး။ သဲသဲ ကွဲကွဲဖြစ်ချင်ရင် အဲသည် ငတိကို လှမ်းခေါ်လိုက်လေ။ ဟင့်အင်း… နေဦး.. မခေါ်နဲ့ဦး။ သွားပလေ့စေ…။ ပြတ်သားသေချာမှုဆိုတာ ကိစ္စတိုင်း အတွက် လိုအပ်တာမဟုတ် ဘူးလေ။ သူ မခေါ်ဖြစ်တော့။

လက်ဖက်ရည်ခွက်ကို ကိုင်လျက်သား သူငိုင်နေမိသည်။ မြူလိုလို နှင်းလိုလို အငွေ့ဖြူဖြူတွေကြား သူငိုင်နေမိသည်။ မှုန်ဝါးဝါးအသိတရား တစ်ခုပေါ် နားခိုပြီး သူငိုင်နေမိသည်။ ပျောက်ဆုံးသွားတာ ကြာခဲ့ပြီဖြစ်သည့် ရွှေအိုရောင်အနာဂတ်ရဲ့ တစ်ဖက်ကမ်းအမှောင်ထုထဲတွင် သူငိုင် နေမိသည်။

လူဆိုတာက လက်ဖက်ရည်ဆိုင်ထိုင်သောအခါမျိုးမှာတောင် ကိုယ်ပြောသည့်စကားကို တစ်ဖက်လူ တယုံတကြည် နားထောင်ပေးစေချင် သော တစ်ဖက်သတ်ဆန်ဆန် သတ္တ၀ါဖြစ်သည်။ ထိုသတ္တ၀ါများသည် ယုံကြည်စိတ်ချမှု အခံချင်ဆုံးနှင့် ယုံကြည်စိတ်ချရမှု အနည်းဆုံး သတ္တ၀ါများ လည်း ဖြစ်သည်။ သူကတော့ လေကြမ်းကြမ်းတိုက်လျှင်ပင် လွင့်ပါသွားမည့် စက္ကူစုတ်လို အတွေးအခေါ်ရှိသည့် လူမျိုးနှင့်သော်လည်ကောင်း၊ လက်ဖက်ရည် စားပွဲပေါ် သံရိုက်ထားသလို တရားသေရှေးရိုးစွဲ အယူအဆရှိသူများနှင့် သော်လည်းကောင်း တစ်စားပွဲတည်း အတူမထိုင်လိုပါ။ ထိုအစွန်းတရားများမှ ကင်းကွာလိုလျှင် လွတ်လပ်စွာ တွေးခေါ်တတ်ဖို့ လိုပေလိမ့်မည်။ ခုလောက်ဆို အဲသည် ငတိကရော ဘယ်လိုတွေးခေါ်သူ ဖြစ်နေမှာပါလဲ။ ထားလိုက်ပါ။ “လမ်းချင်းတူရင် လူချင်းတွေ့ကြမယ်´´ဆိုတဲ့ စကားရှိတာပဲလေ။

မပျက်မကွက် ရောက်လာမည်ဆိုသော နှင်းဝတ်ရုံခြုံလွှာမြို့တော်ဆီမှ ချစ်သူရဲ့ ကတိစကားများသည် လေပွေအသေးစားတစ်ခုလို ပေါ့ပါးစွာ လွင့်ပါးပျက်ပြယ်သွားခဲ့လေပြီ။ အလင်းမှုန်အလင်းစက်တွေအတိပြီးသည့် ခေတ်ကြီးတစ်ခေတ်လုံးလုံးမှာ ငါက သတ္တိရှိရှိ နောက်ဆုတ်နေခဲ့တာ ပါ။ ပြောပါ…။ ပြောလိုက်စမ်းပါ..။ ငါ့ အနုပညာကျောတစ်ပြားစာတောင် နေရာလေးချခွင့်မရတဲ့ မြန်မာစာပေလောကကြီးကိုလေ…။ ငါက သိပ်မြတ်နိုး ကြောင်း ပြောလိုက်စမ်းပ။ ဟိုးကမြင်နေရတဲ့ ပါတိတ်အင်္ကျီကြီး လှမ်းထားတာ တော်တော်ကြည့်ရဆိုးတာပဲ။ ဘာဖြစ်လဲ… အဲသည့် ပုတ်အဲ့နံစော်နေတဲ့ လူမှုဆက်ဆံရေးတွေ မျိုမကျလို့ လက်ထိုးအန်ပစ်ခဲ့တာ…။ ကနုတ်ပန်းနွယ်အဆင်အကွက်တွေဖြင့် ရေးခြစ်ထားသော ကယုကယမုသား စကားများသည် အချစ်ကျမ်းစာရဲ့ အရုဏ်တက်နေထွက်စမှာပင် ပိုးဝင်ခဲ့ပြီးပြီ။ ဟုတ်ကဲ့… စာရေးဆရာကြောင်ချီးရဲ့ စာတွေ က ပျော့ပျော့လေးနှင့် နံပါသည်။

(၃)

အထက်တန်းကျောင်းသားဘ၀တုန်းက ရည်းစားများသော သူငယ်ချင်းတစ်ယောက် သူ့မှာ ရှိခဲ့ဖူးသည်။ ထိုသူငယ်ချင်းက သူရည်စားများများ ထားရတာ “အပျင်းပြေဖို့ပါ´´ဟု ဆိုသည်။ အလုပ်တစ်ခုတွင် တစ်နေကုန် အချိန်ရလျှင်ရသလို သကြားလုံးငုံနေသော ကောင်မလေး တစ်ယောက်ဆီမှ “တို့က အပျင်းပြေ သကြားလုံး ငုံတာပါ´´ဆိုပြီး ပြောသံကြားဖူးသည်။ ဟိုတလောက သူ့မိတ်ဆွေတစ်ဦး ဘောလုံးပွဲလောင်း ရာတွင် သိန်း ၃၀ ခန့် ဆုံးရှုံးသွားသော်လည်း ကြုံ၍မေးကြည့်သောအခါ “အပျင်းပြေလောက်ပါကွာ´´ ဟုအေးအေးလေးပြောသည်။ (မှတ်ချက်။ ။ ထိုမိတ်ဆွေသည် မိုးကုတ်သူဌေး တစ်ယောက်၏ တစ်ဦးတည်းသောသမီးကို မကြာခင်ကမှ လက်ထပ်ထားသူ ဖြစ်သည်။) တစ်ခါကတလည်း သူ့ညီငယ်အရွယ် လူငယ်တစ်ယောက်က အပျင်းပြေရေးထားသော ကဗျာများကို မဂ္ဂဇင်းတိုက်တွေသို့ ပို့ချင်ကြောင်း မည်သို့ ပို့ရမည်မသိကြောင်း လာပြော၏။ ဘုရားရေ… အပျင်းပြေဆိုသော အရာတွေထဲတွင် အနုပညာရော ပါဝင်နေပြီလား။ ဂေါ်ဂင်ဟာ ပန်းချီကို အပျင်းပြေရုံသက်သက် ရေးဆွဲခဲ့တာလား။ “ချောက်ကမ်းပါးထဲမှ လူသားများ´´ စာအုပ်ကို ဂျက်လန်ဒန်က အပျင်းပြေရေးခဲ့တာလား။ ဂျိမ်းဂျွိုက်(စ်)ကတော့ သူ့ `ယူလီးဆီး´ ကို အပျင်းပြေရေးခဲ့ခြင်း မဖြစ်နိုင်ပါ။ အမှန်တော့ လူတော် တော်များများသည် ရည်ရွယ်ချက်တိတိကျကျ မထားရှိဘဲ ဘာရယ်မဟုတ်သော ကိုယ်တိုင်လည်း သာယာနေမိတတ်သော ကိစ္စရပ်လေးတွေအပေါ် `အပျင်းပြေ´ဟု ခပ်လွယ်လွယ်အမည်နာမ တပ် ခေါင်းစီးထိုးလိုက်ကြခြင်းပင်ဖြစ်သည်။ တွေးကြည့်လျှင် ထိုသို့ ခေါင်းစီးထိုးလိုက်ကြတာကိုက `အပျင်းပြေ´ သဘော ဖြစ်ပုံရပါသည်။ သို့ရာတွင် `အပျင်းပြေ´ ဆိုသော စကားလုံးသည် ဆက်ဆံရေးနယ်ပယ်တွင် မိမိတာဝန်ယူမှုကို ကာကွယ်သည့် အသေးသိမ်ဆုံးနှင့် အကောင်း ဆုံးသော ဒိုင်းကာတစ်ခုဖြစ်နေခဲ့ခြင်းကိုတော့ မည်သူ့ကိုမျှ သူ မပြောပြချင်တော့ပါ။

သူကတော့ ရင်ခုန်စရာကောင်းသော၊ စိတ်ကူးကြွစေသော၊ သွေးပူနွေးသော၊ အစဉ်အမြဲသစ်ဆန်းနေသော ယုံကြည်ချက်တစ်ခုနောက်ကိုသာ လိုက်ခဲ့သူဖြစ်သည်။ သူ့အကြောင်း အတွင်းသိတစ်ချို့က သူ့ကို မရေရာသည့် လမ်းလျှောက်သူဟု ပြောကြသည်။ နောက်တစ်ချို့က သူ့ထံတွင် ခိုင်မာ သည့် စိတ်ဓာတ်ရှိသည်ဟု ချီးကျူးကြသည်။ လက်တွေ့ကျသူတစ်ချို့က သူ့ကို လောကနှင့်အံမကျသူတစ်ယောက်အဖြစ် မြင်ကြသည်။ တစ်ချို့ကတော့ ကျောင်းပြီးကတည်းက ရေရာသည့်အလုပ်အကိုင်မရှိဘဲ ဦးလေးအိမ်တွင် ယောင်ခြောက်ဆယ်လုပ်နေသူအဖြစ် သဘောထား ကြသည်။ တကယ်တော့လည်း ဦးလေးကိုယ်တိုင်တောင် သူ့ကို ဦးခေါင်းမှာ ဒဏ်ရာတစ်ခုရှိနေပုံမျိုး ထင်မှတ်ထားကာ စိတ်မမှန်သူတစ်ယောက် လို မြင်နေတာ သူအသိပဲဖြစ်၏။ ဘာပဲဖြစ်ဖြစ် အားလုံးတူညီသောအချက်ကတော့ သူ့ကို ကောင်းကောင်းနားမလည်ဘဲ ခပ်ချဉ်ချဉ် ဆက်ဆံကြ တာပဲဖြစ်သည်။

တလောက အင်္ဂလန်နိုင်ငံမှ ပုစဉ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ဂျာနယ်တစ်စောင်တွင် သူဖတ်ရှုလိုက်ရ သည်။ ထိုအဖွဲ့မှ လိုအပ်သည့် အထောက်အပံ့အဖြစ် အိမ်ရှင်နိုင်ငံမှ ဒေသခံ ပုစဉ်းလေ့လာသူများကို လစာကောင်းကောင်းပေး၍ အဖွဲ့ဝင်အဖြစ် လက်ခံ သွားမည်ဖြစ်ကြောင်းလည်း သူဖတ်ရှုလိုက်ရသေးသည်။ သူက ငယ်ငယ်လေးကတည်းက ပုစဉ်းများကို သဘောကျတတ်ခဲ့သူဖြစ်သည်။ ငယ်ငယ်က ပုစဉ်းလေးများကို ဖမ်းပြီး အမြီးမှ အပ်ချည်ကြိုးရှည်ရှည်တစ်ချောင်းချည်ကာ ကစားတတ်သော  သူငယ်ချင်းများနှင့် သူက အမြဲရန် ဖြစ်တတ်သူလည်း ဖြစ်ခဲ့သည်။ သူ့အခန်းထဲတွင် အရောင်အသွေးစုံသော ပုစဉ်းများကို အခန်းတံခါးများ ပိတ်ပြီး အဖြူရောင်အတ္တဖြင့် ပိတ် လှောင်ထားခဲ့ဖူးသည်။ သို့သော် ပုစဉ်းလေးများကို သူက နာကျင်အောင် မည်သည့်အခါကမျှ မပြုလုပ်ခဲ့ပေ။ တစ်စစနှင့် ပုစဉ်းလေးများကို စွဲလမ်းနှစ်ခြိုက်စိတ်သည် ကလေးဘ၀ ကုန်ဆုံးသွားသော်လည်း ပျောက်ကွယ်မသွားဘဲ ထူးဆန်းစွာပင် သူ့အရွယ်နှင့် လိုက်ကာ မယုံနိုင်စရာ ကြီးထွားရင့်သန်လာခဲ့တော့သည်။ ပုစဉ်းများကို ယေဘူယျ အားဖြင့် ပုစဉ်းကြီး Dragonflies နှင့် ပုစဉ်းငယ် Damselflies ဟုနှစ်မျိုး ခွဲခြားနိုင်သည်။ ပုစဉ်းကြီး  Dragonflies မှာ ပိုကြီးမားအကြမ်းခံကာ နားသည့်အခါ တွင် အတောင်ပံတွေကို ဘေးတိုက်ဖြန့်ကားထားလေ့ရှိပြီး ပုစဉ်းငယ် Damselflies များမှာမူ အရွယ်အစားသေးသွယ်ကာ နားသည့်အခါတွင် အတောင်ပံ များကို စုကာအပေါ်သို့ ထောင်ထားတတ်ကြ၏။ ပုစဉ်းများသည် ကမ္ဘာပေါ်တွင် မြောက်များစွာသော မျိုးစိတ်များရှိသည့် အင်းဆက်များပင်ဖြစ်သည်။ သိပ္ပံအခေါ်အားဖြင့် Calopteryxs plendes ကျောက်မျက်အတောင် Jewelin ( Calopteryn maculate) ပုစဉ်းမျိုး၊ မိတ်လိုက်နေသော တခြားပုစဉ်းစုံတွဲ ကို ဆွဲလား ရမ်းလား ထုထောင်းလား ကိုက်လား လုပ်တတ်သည့် အကျင့်ဆိုးရှိသော Stealers ပုစဉ်းမျိုး၊ နှစ်ပေါင်း သန်း ၃၀၀ ကျော်နေထိုင်ရှင်သန် ပြီးသော Odonates သို့မဟုတ် toothedones ခေါ်သော ပုစဉ်းမျိုး၊ အထီးပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် နောက်ဆုံး အမကိုပဲ တခြားပုစဉ်းတွေထက် ထိခိုက် ဒဏ်ရာရစေသော Dragonhunter အမည်ရ (Hageinus brevistylus)ပုစဉ်းမျိုး၊ Club tails ပုစဉ်းမျိုး၊ မြောက်အမေရိကမှ bluets ဟုခေါ်သော Enallagma ပုစဉ်းငယ်မျိုး၊ ကျောက်မျက်အတောင် ပုစဉ်းငယ် ဒါမှမဟုတ် တက်ကြွသည့်ကြက်သွေးရောင် Darters ပုစဉ်းမျိုး၊ စသဖြင့်.. ဒါတွေက ပုစဉ်းနှင့်ပတ်သက်လျှင် အကင်းမျှလောက်သာ ဖြစ်သော မျိုးစိတ်များဖြစ်သည်။ အရွယ်ရောက်လာတော့ ဂျီတီအိုင်တက်ရင်း အင်ဂျင်နီယာပညာကို စိတ်မ၀င်စားဘဲ ကျောင်းဝန်းထဲပတ်ပြီး ပုစဉ်းလိုက်ဖမ်းနေသောသူ့ကို ဂျီတီအိုင်တစ်ကျောင်းလုံးက ပုစဉ်းကောင်ဟု နာမည်ပြောင်နှင့် သိထားကြပြီးပြီ။

 (၄)

သည်ရက်ပိုင်းအတွင်း ကမ်းရိုးတန်းဒေသများပေါ် မာလာအမည်ရှိ မုန်တိုင်းတစ်ခု တိုက်ခတ်ရန် အကြောင်းရှိသဖြင့် ဘယ်ကိုမှ မသွားလာမိပဲ အိမ်မှာပဲ သူငြိမ်နေမိသည်။ မုန်တိုင်းရှိသောကြောင့် ရာသီဥတုကလည်း အရင်လို အပြင်မှာ သိပ်မကောင်းလှပေ။ ထိုရက်များက ကောင်းကင် သည် အမြဲလိုလိုညိုမှောင်နေတတ်ကာ လေပြင်းများလည်း မကြာခဏတိုက်ခတ်နေသောကြောင့် အခန်းပြတင်းပေါက်မှ မြင်နေရသော မြင်ကွင်းသည် သူ့အား လွမ်းစိတ်ဖြင့် စိုထိုင်းလေးတွဲ့နေစေသည်။ မိုးပေါက်များ သည်းထန်စွာ ကျဆင်းလာပြီဆိုလျှင် ဖတ်လက်စ စာအုပ်တစ် အုပ်ကို လက်မှကိုင်ကာ ပြတင်းပေါက် နားတိုးရွေ့ထိုင်ရင်း ဘ၀ရဲ့ မရေရာမှုတွေကို သူဆင်ခြင်မိတတ်သေးသည်။

လူတချို့သည် တောင်တက်ဖို့ မွေးဖွားလာပြီး လူတချို့သည် မီးပုံးပျံစီးဖို့ မွေးဖွားလာသည်။ လူတချို့သည် သာသနာပြုဖို့ မွေးဖွားလာကာ လူတချို့သည် ဂျင်းဘောင်းဘီဝတ်ဖို့ မွေးဖွားလာသည်။ လူတချို့သည် ဗိုလ်ကျ စိုးမိုးဖို့ မွေးဖွားလာ၍ လူတချို့သည် မာသာထရီဇာဖြစ်ဖို့ မွေးဖွားလာသည်။ လူတချို့သည် ရုံဝင်ပေါက်စောင့် လက်မှတ်တောင်းဖို့ မွေးဖွားလာကာ နောက်ထပ် လူတချို့သည် ကပြဖျော်ဖြေဖို့ မွေးဖွားလာ ကြသည်။

မည်သို့ပင်ဖြစ်စေ ဟာမိုနီပြေပြစ်သော သီချင်းတစ်ပုဒ်လို လောကတွင် သူက ဘာအတွက်မွေးဖွားလာရပါသနည်း။ သူ့ကို စိတ္တဇရောဂါသည် တစ်ယောက်လို ဆက်ဆံတတ်သည့် ဦးလေးအတွက်လား။ အင်္ဂလန်မှ လာရောက်မည်ကြားရသော ပုစဉ်းလေ့လာရေးအဖွဲ့အတွက်လား။ ဘယ်တုန်းကမှ သူ့အပေါ် နားမလည်သော သူကလည်း ကြီးကြီးကျယ်ကျယ် စိတ်မ၀င်စားခဲ့သော တစ်ချိန်တုန်းက ငြိစွန်းဖူးခဲ့သည့် ချစ်သူတွေ အတွက်လား၊ မရေရာပါ။ ပြတင်းပေါက်မှ မြင်ရသည့်အတိုင်းပင် မြင်ကွင်းတစ်ခုလုံးသည် မိုးသည်းထဲ မည်းမည်းမှောင်နေကာ သူ့အတွက် အလင်းရောင် ပျောက်ဆုံးနေ၏။

မနက်ဖြန် အရှေ့အရပ်မှ နေထွက်မည်ဟု မည်သူပြောနိုင်သနည်း။ မနက်ဖြန်ဆိုသည်မှာ မရေရာပါ။ အရှေ့အရပ်ဆိုသည်မှာ မရေရာပါ။ နေထွက်မည်ဆိုခြင်းမှာ မရေရာပါ။ မနက်ဖြန် အရှေ့အရပ်မှ နေထွက်မည်ဟု ပြောသူ လည်း မရေရာပါ။ အချိန်ကာလတွေက လက်ပတ် နာရီတွေထဲမှာ တစ်ချက်ချက် သွားနေသည်။ သို့ရာတွင် အချိန်ကာလသည် နာရီဒိုင်ခွက်များထဲ ပုန်းအောင်း နေခြင်းမဟုတ်ဘဲ နာရီဒိုင်ခွက်များ ကသာ အချိန်ကာလကို ချုပ်နှောင်ဖို့ ကြိုးစားထားတာ ဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်ဖို့ လိုအပ်မည်ကို သဘောပေါက်အောင် ရှင်းပြရန် သူ့တွင် သဘောမရှိတော့ပါ။

(၅)

အစဉ်အမြဲ စိုပြေလန်းဆန်းနေသည့် သူမ၏တေးသွားများတွင် သူမေ့လျော့ပျော်ဝင်နေသည်။ ထိုတေးသွားများထဲတွင် သူ့ဦးခေါင်းပေါ် နီးကပ် စွာ ပြိုဆင်းကျလာသော တိမ်မည်းထုထည်ကြီးများ ရှိသည်။ ဟိုးအဝေးမှ တရွေ့ရွေ့နီးကပ်လာနေသည့် အေးစက်စက် ဓားသွားများ ရှိသည်။ အမှောင် ဒြပ်သားနောက်ကွယ်မှ ကံကြမ္မာ၏ ကြာပွတ်သံများရှိသည်။

ဒီမှာ… ငါက ဘယ်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်တဲ့ အနက်ရောင် မြည်တမ်းမှုတစ်ခုပါ။ ဘ၀ရဲ့ ထောင့်ချိုးတိုင်းမှာ ဆေးစက်တွေ မှိန် ဖျော့ပြယ်လွင့်လို့…။ စိတ်ဖြစ်စဉ်စီးဆင်းမှုတိုင်းဟာ ထစ်အနှောင့်နှေး လို့…။ တောင့်တခြင်းအာသီသမှန်သမျှ ခါးဆူးကြမ်း ညှော်လို့…။ တကယ်ပါ…ငါက ဘယ်သူတစ်ဦးတစ်ယောက်မှ မကြားနိုင်တဲ့ အနက်ရောင် မြည်တမ်းမှုတစ်ခုပါ။

အနက်ရောင်မြည်တမ်းမှုတစ်ခုပါ…

အနက်ရောင်မြည်တမ်းမှု…။

အနက်ရောင်….။

အနက်…။

   အ

             အ

                        အား

                                      အား

“အား´´

အိပ်မက်မှ လန့်အနိုးတွင် သူ့စိတ်တွေ ပျော့ပြဲနုံးချိနေသည်။ ထုံးစံအတိုင်း အိပ်မက်ထဲတွင် သူမက စကားလုံးတွေ လွဲချော်နေသည့် တေးသီ ချင်းများကို ဆိုပြနေပြန်သည်။ သူ အိပ်ရာပေါ်မှ ခုန်ထလိုက်ကာ မီးခလုတ်ကို ဖွင့်လိုက်၏။ အာရုံခြောက်ပါးစလုံး မောပန်းလွန်းနေသဖြင့် ရေကိုတောင် ချက်ချင်းမော့မသောက်နိုင်။ ရေခွက်ကို အသာကိုင်ပြီး အမောဖြေနေရသေးသည်။ တောက်… ဒီမိန်းမ ငါ့အိပ်မက်တွေထဲက ခုထိထွက် မသွားသေးဘူး။ တစ်ခုခုကို သူ မကျေမနပ်ဖြစ်နေမိသည်။

ခဏကြာတော့မှ ရေကို ကုန်စင်အောင် သူတကွပ်ကွပ် မော့သောက်ပစ်လိုက်သည်။ ရေသောက်ပြီးသွားသောအခါ ညနေက လက်ဖက်ရည် ဆိုင်မှာ ထိုင်နေရင်း ဆိုင်ရှေ့က ဖြတ်လျှောက်သွားသည့် သူ့မိတ်ဆွေနှင့် တူလွန်းသော ငတိကို ဖျပ်ခနဲ အမှတ်ရမိလိုက်သည်။ အဲဒီကောင် ကလည်း ဘာဖြစ်လို့ ညနေတိုင်း ငါသောက်တဲ့ လက်ဖက်ရည်ဆိုင်ရှေ့မှာမှ အားအားယားယား ဖြတ်လျှောက်နေရတာလဲ။ စိတ်ပေါက်ပေါက်ဖြင့် လက်ထဲမှ ဖန်ခွက် လွတ်ကို တစ်ဖက်က အုတ်နံရံဆီ သူပစ်ပေါက်ခွဲပစ်လိုက်သည်။

“ခလွမ်း´´

ဖန်ခွက်လွတ်ကျကွဲသံက ညနက်ထဲမှာ ကျယ်လောင်စွာ တုန်ခါသွား၏။

သူအတန်ကြာ သည်အတိုင်း ရပ်နေမိသည်။ ညက ပြန်လည်လို့ တိတ်ဆိတ်သွား၏။ အဝေးမှ နာရီသံချောင်း သုံးချက်ခေါက်သံ ကြားရတော့မှ အခန်းမီးကို ပိတ်ပြီး ကုတင်ပေါ် သူခြေပစ်လက်ပစ် လှဲလျောင်းလိုက်သည်။ သူအိပ်ပျော်သွားပြီး မကြာမီမှာပင် ကောင်မလေးတစ်ယောက်က စကားလုံး တွေ လွဲချော်နေသည့် တေးသီချင်းတစ်ပုဒ်ကို ဆိုပြရန် အိပ်မက်ထဲ ရောက်ရှိလာပြန်သည်။  သူ မနက်အိပ်ယာမှ နိုးထသောအခါ အသင့်ရောက်ရှိနေသည့် သတင်းစာထဲတွင် သူကြိုက်သော စာရေးဆရာကြောင်ချီး၏ စာအုပ်သစ်ကြော်ငြာကို တွေ့လိုက်ရပြီး တစ်ဖက်စာ မျက်နှာတွင်မူ အင်္ဂလန်နိုင်ငံမှ ပုစဉ်းလေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ရန် မသေချာတော့ကြောင်း ရေးသားထားသည့် သတင်း ကို ဖတ်ရှုလိုက်ရလေ၏။

လွန်းဆက်နိုးမြတ်

ပုစဉ်းမျိုးစိတ်အခေါ်အဝေါ်များအား နည်းပညာဂျာနယ်တစ်ခုမှ ယူပါသည်။

ရတီ၊ စက်တင်ဘာ ၂၀၀၇

ဆံပင်အလယ်ခွဲနဲ့ နက္ခတ် ၀တ္ထုတိုစု(တာရာမင်းဝေနှင့်တစ်ခြမ်းစီ)

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ခေတ်ဖုန်းမို