စာသုံးစောင်ဝတ္ထု

စာသုံးစောင်ဝတ္ထု

စာနံပါတ် (၁)

                ကေ။

ဘာတစ်ခုမှ မရေရာမသေချာသေးတဲ့အချိန်မှာပဲ ဒီစာကို ကိုယ်ရေးခဲ့ပါတယ်။ ဒီအတွက် ကိုယ့်မှာ အကြောင်းပြချက်တွေ အများ ကြီးရှိပါတယ်။ ကေနဲ့ ကိုယ်နဲ့ ခင်မင်တွယ်ငြိခဲ့တဲ့ ဟောဒီအချိန်ကာလတိုတိုလေးအတွင်းမှာပဲ အံ့သြစရာကောင်းလောက်အောင် တစ်ယောက် နဲ့တစ်ယောက် နားလည်မှုတွေ လျင်မြန်လွန်းခဲ့တယ်။ ကိုယ်တို့ ရင်ဘတ်ထဲက မေတ္တာ တရားကို အလွယ်တကူပဲ မြင်ခဲ့ကြတယ်။ ပြီးတော့ ကိုယ်တို့ရဲ့ လက်တွေဆုပ်ကိုင်ဖို့ထက် ကိုယ်တို့သွားရမယ့် လမ်းကို အခက်အခဲမရှိ သာယာစေချင်တဲ့ စိတ်က ပိုခဲ့ကြတယ်။

ကေနဲ့ စကားပြောပြီးတဲ့ ညနေခင်းတွေတိုင်းမှာ ကိုယ်ဟာ အုံ့ဆိုင်းတဲ့ အတွေးတွေထဲ အကြိမ်ကြိမ် နစ်ကျွံ့ခဲ့ရတယ်။ ချစ်ခြင်း မေတ္တာဆီချဉ်းကပ်ပုံမှာ ကိုယ်ဟာ မကြာခဏ ခြေချော် လက်ချော်ဖြစ်ခဲ့ဖူးတဲ့ ကောင်ပါ ကေ။ မိန်းမတွေ ဆီက ကိုယ်ရရှိပိုင်ဆိုင်ခဲ့ရတဲ့ အရာ တွေဟာ ကိုယ်ပြန်ပြီးပေးဆပ်ခဲ့ရတဲ့ အရာတွေရဲ့ တစ်ဝက်တောင် မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ကို လမ်းခွဲထွက်ခွာသွားခဲ့ကြတယ်။ ကြာလာတော့ ကိုယ်လည်း အရေထူလာတယ်။ ခုတော့ ကိုယ်ဟာ မိန်းမတွေဆီကပဲဖြစ်ဖြစ် ဒါမှမဟုတ် မိန်းမ တစ်ယောက်ယောက်ဆီကပဲဖြစ်ဖြစ် ဘာဆိုဘာမှ မမျှော်လင့်ဘဲ နေထိုင်တတ်လာတယ်။ ပြီးတော့ ဘာကိုမှလည်း မတောင်းဆိုဘဲနဲ့ပေါ့။

ကိုယ့်ဘ၀ရဲ့ တချို့အစိတ်အပိုင်းတွေဟာ ကေနဲ့ တိုက်ဆိုင်မှုတွေ များလွန်းတယ်ဆိုတာလောက်နဲ့တော့ ကေ့ရင်ခုန်သံတွေကို အချစ်လို့ မသတ် မှတ်သင့်ဘူးထင်တယ်။ လူဆိုတာဟာ တစ်နေရာမဟုတ် တစ်နေရာတော့ တိုက်ဆိုင်မှုဆိုတာ ရှိတတ်တာပဲမဟုတ်လား။ လူတွေကို ယုံကြည်လွယ်တတ်တဲ့ ကေနဲ့ လူတွေကို အလွယ်တကူ ယုံကြည်အောင် (အထူးသဖြင့် မိန်းမတွေကို) ပြောတတ်ဆိုတတ်တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေကြားမှာ ကေ ဇဝေဇ၀ါဖြစ် နေပုံရတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကေ့နေရာမှာ တခြား တစ်ယောက် ဆိုရင် ကိုယ်ဒီလိုမျိုး ဆက်ဆံရင်းနှီးဖြစ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကေက သိပ်ပြီးရိုးသားတဲ့ မိန်းကလေးတစ်ယောက်လေ။ အံ့သြစရာကောင်းလောက်တဲ့ နားလည်စာနာမှုတွေနောက်မှာ ကိုယ့်ဘ၀ရဲ့ အချစ်ဆုံးလူတစ်ယောက်ဟာ ကေ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အမြဲတမ်း ရင်ကွဲပက်လက်ကျန်ခဲ့ရတဲ့ ဘ၀ကို နောက်တစ်ကြိမ် ကိုယ်ပြန် မသွားချင်ဘူး။ မိန်းမတွေကြောင့် ပြင်းရှတတ်တဲ့ ခံစားချက်တွေ ထဲမှာ နောက်ထပ်တစ်ကြိမ် ကိုယ်မနာကျင်လိုတော့ဘူး။ အလားတူ ကိုယ့်ကြောင့်လည်း တခြားမိန်းမတစ်ယောက်ကို စိတ်ဒဏ်ရာတွေ မပေး ချင်ဘူး။ အထူးသဖြင့် ချစ်ခြင်းမေတ္တာအပေါ် ကိုယ့်လိုပဲ ခံစားပုံတူတဲ့ ကေ့ကို ပိုပြီးတော့ မနာမကျင်စေလိုတာ ကိုယ့်စိတ်ရင်းအမှန်ပဲ။ ဒါကြောင့် ကေနဲ့ ပတ်သက်ရင် ကိုယ်ဟာ စိတ်မပါသလို အေးစက်စက်ဖြစ်နေခဲ့တယ်။

အနာဂတ်ဟာ ကေနဲ့ ကိုယ့်အတွက် ဘာဖြစ်လာမယ်မှန်း မသေချာသေးဘူးမဟုတ်လား။ ဒါပေမယ့် ကေ့ဘ၀မှာ ကိုယ့်ထက်ပိုပြီး အဆင်ပြေသင့်တော်တဲ့ လူတစ်ယောက်ထပ်ပြီးတော့ တွေ့ရှိလာရဦးမှာပါ။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် မချစ်မိကြသေးခင် နာနာ ကျင်ကျင် လမ်းခွဲမယ့် ကိစ္စတွေ ဖြစ်မလာခင် ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်ချလိုက်ပါပြီ။ ဒီအတွက် ကေကတော့ ထင်မှာပဲ။ ကိုယ်ဟာ မိုးပြိုမှာ တွေးကြောက်တတ်သူတစ်ယောက် ဆိုပြီးတော့ပေါ့။ ခုမှတော့ ထားလိုက်ပါတော့လေ။ ကေနဲ့ ကိုယ်နဲ့ ခင်မင်မှုအဦးအစကတည်းက ကေ့အ တွက် ကိုယ်ကြိုပြီး ရေးပေးထားခဲ့တဲ့ စာသုံးစောင်ထဲက တစ်စောင်ကို ကိုယ်ရွေးချယ်ခဲ့ပါပြီ ကေ။

ဒီစာသုံးစောင်ကို သစ္စာရှိရှိ ဖောက်မဖတ်ဘဲ သိမ်းဆည်းခဲ့တဲ့ ကေ့ကို ကိုယ်ကျေးဇူးတင်ပါတယ်။ ဒီစာသုံးစောင်ဟာ ကေနဲ့ပတ် သက်ပြီး ပေးအပ်ခဲ့တဲ့ ကိုယ့်ဘ၀သုံးခုပါပဲ။ အချိန်တန်ရင် ကေ့လက်ထဲ အပ်ထားတဲ့ ဘ၀သုံးခုထဲက တစ်ခုကို ကိုယ်ရွေးချယ်မယ်ဆိုတဲ့ ဆုံးဖြတ်မှုနဲ့ပေါ့။ ဒီစာကို ဖောက်ဖတ်ပြီးချိန်မှာ ကိုယ်ဟာ ကေနဲ့ ဘယ်တော့မှ ချစ်သူဖြစ်မလာနိုင်တော့တဲ့ ခပ်ဝေးဝေးက သူငယ်ချင်းတစ် ယောက်အဖြစ်ပဲ ဆက်လက်တည်ရှိသွားမယ်ဆိုတာ သိစေချင် ပါတယ်။

ကေ့လက်ထဲမှာ ကျန်နေသေးတဲ့ စာနံပါတ်(၂) နဲ့ (၃) ကိုလည်း သစ္စာရှိစွာနဲ့ ဖောက်မဖတ်ဘဲ အမြန်ဆုံး ဖျောက်ဖျက်ပစ်လိုက်ဖို့ ကိုယ်နောက်ဆုံး တောင်းဆိုလိုက် ပါရစေ ကေ။

                သူငယ်ချင်း ကေ အစစအရာရာ အဆင်ပြေပါစေ။

စာနံပါတ် (၂)

                ကေ။

နေ့ရက်တွေ ကုန်ဆုံးတာမြန်တယ်။ သစ်ရွက်တွေ အသစ်ပြန် ထွက်တာမြန်တယ်။ ကမ္ဘာကြီးက အရင်ကထက် လည်တာပိုမြန် တယ်။ လက်ရှိ ဖြတ်သန်းနေတဲ့ ခေတ်ကလည်း မြန်တယ်။ ပြီးတော့ ကေနဲ့ ကိုယ်နဲ့ ချစ်သူတွေ ဖြစ်သွားကြတာလည်း မြန်တယ်။

ကေ ကိုယ့်ကို အဖြေပြန်ပေးတဲ့နေ့တုန်းကဆို ကိုယ်ဟာ ပျော်ရွှင် ရမယ့်အစား ရှေ့ဆက်ရမယ့် ခရီးတွေအတွက် အားသစ်တွေ ဖြာထွက်နေတာက ပိုခဲ့ပါတယ်။ ပြေပြစ်လိုက်ဖက်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို ကိုယ်နဲ့ကေ ဖန်တီးနိုင်လိုက်တာ ကံကောင်းခြင်းတစ်ခုလို့ အထင်ရောက်ခဲ့ဖူးတယ်နော်။

တနင်္ဂနွေအားလပ်ရက်တွေတိုင်းဟာ ကေနဲ့ကိုယ့်အတွက် ရင်အခုန်ရဆုံးရက်တွေ ဖြစ်ခဲ့တယ်။ ကေ့ရဲ့ ရုံးအဆင်း ညနေခင်း တွေထဲ ကိုယ့်အပျော်တွေက အိမ်အပြန်လမ်းတစ်လျှောက် စီးဆင်းလို့။ အဆက်မပြတ် ချိတ်ဆက်ခဲ့တဲ့ တယ်လီဖုန်းပြောဆိုမှုတိုင်းမှာ ကေ့ရယ်သံတွေက လွင်လွင်ခတ်ခတ် ငြိမ့်ဝေလို့။ ပွင့်လင်းရိုးသားတဲ့ ဘ၀အဓိပ္ပာယ်ဆိုတာ ဟန်ဆောင်မှုကင်း စွာ ဖူးပွင့်မွှေးရီနေတဲ့ ခရေပွင့် လေးတွေဆိုပြီး ကေနဲ့ကိုယ် စာလုံးပေါင်း ညီညာခဲ့ကြတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ အာရုံမှာ ထင်သမျှ လောကတစ်ခွင်ဟာ သိမ်ခမ်းနား ခဲ့ဖူးတယ် ကေ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်စိတ်ကူးတွေဟာ ကေ့ ရနံ့တွေဖြစ်ပြီး ကေ့ အိပ်မက်တွေက ကိုယ့် အနာဂတ်ဖြစ်လို့ပေါ့။

တကယ်တော့ ပျော်ရွှင်မှုတွေနောက်မှာ လိုက်ပါလာတတ်တဲ့ ၀မ်းနည်းမှုတွေကို သိလျက်နဲ့ သတိမမူခဲ့တာဟာ ကိုယ်တို့ အပြစ် ပါပဲ။ တစ်ခုခု လုပ်ချင်ပြီဆို ဘယ်သူ့ခံစားချက်ကိုမှ ထည့်မတွက်ဘဲ လုပ်တတ်တဲ့ ကေ့စရိုက်နဲ့ စကားမတည်ဘဲ လိမ်ညာတတ်တဲ့ ချစ်သူကို ဆင်ခြင်မဲ့စွာ မုန်းတီးတတ်တဲ့ ကိုယ့်စရိုက်နှစ်ခု ထပ်တိုက်ဆုံချိန်ဟာ ဘာဖြစ်လို့ ဒီလောက် မြန်ဆန်သွားရတာလဲ ကေ။

ကိုယ်တို့ရဲ့ ချစ်ခရီးဟာ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲကြမ်း တမ်းရတာလဲ။ ကေသိပ်ချစ်တဲ့ ကေ့ရဲ့ ဖေဖေဆီက စကားလုံး တွေဟာ ကိုယ့်ကို အထိနာစေခဲ့တယ်။ ကေ့မမတို့ မိသားစုဟာ အနုပညာသမားဖြစ်တဲ့ ကိုယ့်အပေါ် အရမ်းကြီးတော့ နားလည်ပေးနိုင်မှာ မဟုတ်ဘူးပေါ့။

ဖြစ်ပျက်ခဲ့သမျှအတွက် ကိုယ်ဘာမှ ပြန်လည်ဖြေရှင်းလိုစိတ် မရှိတော့ပါဘူး။ ဘယ်လိုမှ ပေါင်းစပ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ကျော ခိုင်းဝေးကွာသွားရမှာက သဘာဝတရားပဲမဟုတ်လား ကေ။ ကိုယ်ပိုင်အတ္တအတွက် အသက်ရှင်သန်နေတဲ့ လူသားတွေထဲမှာ ကေနဲ့ ကိုယ် လည်း ပါဝင်နေကြတယ်ဆိုတာ မေ့သွားလို့ မဖြစ်ဘူးလေ။ အချစ်အတွက် ဘယ်သူက ဘယ်လောက် အထိ ပေးဆပ်ရဲခဲ့လို့လဲ။ ဒီလိုနဲ့ ကိုယ် ဟာ ဗင်းဆင့်ဗန်ဂိုး မဟုတ်ခဲ့ဘူး ကေ။

ဟင့်အင်း ကေ။ ကေရော ကိုယ်ရော ဘယ်သူမှ မမှားခဲ့ကြပါဘူး။

ကိုယ်တို့နှစ်ယောက် ကြုံခဲ့ရတဲ့ မတရားတဲ့ အဖြစ်အပျက်တွေကသာ မှားယွင်းနေခဲ့တာပါ။ ကေ့ဖက်က အလျော့ပေးလာမယ့် နေ့ရက်ကို တစ်ဖက်သတ်ဆန်စွာ စောင့်စားဖို့မသင့်ပေမယ့် ကိုယ်စောင့်စားမိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကေ ကလည်း ကိုယ့်ဆီက ချော့ မော့မှုလေး တစ်စွန်းတစ်စလောက်ကို ဇွဲကောင်းစွာနဲ့ စောင့်မျှော်ခဲ့ပြန်တယ်။ အဲဒီနောက်တော့ ကေလည်းသိတဲ့အတိုင်း ဟိုးအစောပိုင်း ကတည်းက ကိုယ်တို့နှစ်ယောက်ကို အကဲခတ်လာခဲ့ကြတဲ့ နှစ်ဖက်ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားလုံးတွေဟာ ကိုယ်နဲ့ ကေ့ကို လုံးလုံးဝေးအောင် ဖန်တီးလိုက်ကြတော့တာပါပဲ။

                ကေရေ။

အခုလို ကေနဲ့ ကိုယ်နဲ့ ရိုးရိုးသူငယ်ချင်းအဆင့်မှာတင် ဒီစာကို ကြိုတင်ရေးပြီး ကေ့ဆီကို ပေးလိုက်မိတဲ့အတွက် ကိုယ်ဟာ တကယ့်ကို စိတ်မနှံ့သူတစ်ယောက်လို့ ထင်သွားမလားပဲ။ ဒါပေမယ့် ခု ဒီစာကို ကေ ဖောက်ဖတ်လိုက်ချိန်မှာတော့ ဟော့ဒီကြိုတင်ရေးသားမှုတွေဟာ အမှန်တကယ်ဖြစ်ပျက် ပြီးစီးသွားခဲ့ပြီလေ။

ဒီစာနဲ့အတူ တစ်ပါတည်း ရေးပေးခဲ့တဲ့ စာနံပါတ် (၁) နဲ့ (၃) ကို ကေမဖတ်ပါနဲ့တော့နော်။ ကျေးဇူးပြုပြီး စာနံပါတ် (၁) နဲ့ (၃) ကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတော့…။

                ထာဝရနှုတ်ဆက်လိုက်ပါတယ် ကေ။

စာနံပါတ် (၃)

                ကေ။

                ကိုယ် ကေ့ကို သိပ်ချစ်ပါတယ် ကေ။

ချစ်သူဘ၀အစပိုင်းမှာ ကိုယ့်မိသားစုထဲ ကေ ခပ်ရဲရဲတိုးဝင်ပြီး အဆင်ပြေအောင်နေထိုင်ပေးတာ တွေ့ရလို့လည်း ၀မ်းသာမိပါရဲ့။ တစ်ခါတစ်ရံမှာတော့ ကိုယ့်မိသားစုကြောင့် ကေတစ် ယောက် စိတ်ညစ်ခဲ့ရဖူးမှာပဲနော်။ ထင်သလောက် မလွယ်သလို ထင်သလောက်လည်း မခက်တဲ့ ဆက်ဆံရေးတစ်ခုမှာ အနည်ထိုင်ဖို့ ကေနဲ့ကိုယ် တော်တော် ကြိုးစားယူခဲ့ကြရတယ် မဟုတ်လား။

ကေ့ရဲ့ အားပေးမှုတွေသာ မပါရင် ကိုယ့်အောင်မြင်မှုတွေဟာ ဒီလောက်အတိုင်းအတာထိ ရောက်လာမယ်မထင်ဘူး။ ချစ်လမ်း ခရီးတစ်လျှောက် ကြုံတွေ့ခဲ့တဲ့ အခက်အခဲတွေတိုင်းမှာ ကိုယ့်ဖက်က ရပ်တည်ပေးခဲ့တာ ဘယ်တော့မှ ကိုယ်မမေ့တော့ပါဘူး။ ကိုယ်တို့ နှစ်ယောက် ချစ်သူဘ၀ကတည်းက တောင့်တမျှော်လင့်ခဲ့ကြတဲ့ အေးချမ်းလေးနက်တဲ့ မိသားစု ဘ၀လေးဟာ တဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့ပြီ ထင်တယ်နော်။

ခုဆိုရင် ကိုယ်တို့မိသားစုဘ၀လေးအဆင်ပြေဖို့ ကေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း တက်ရိပ်ပြနေပြီ။ ကေရဲ့ အားပေးမှုနဲ့ စစ်မှန်တဲ့ ကိုယ့်စေတနာတွေကြောင့် ကိုယ်လည်း အတော်အတန် ၀င်ငွေရနေတဲ့ အနုပညာသမားတစ်ယောက်ဖြစ်နေပြီ။ ကိုယ် တို့ရဲ့ သမီးကြီးကလည်း ဒီနှစ်ဆို ဒုတိယတန်းတက်ပြီ။ သားငယ်လေးကတော့ သူငယ်တန်း ပေါ့။

တစ်ခါတစ်လေ ကိုယ်စာထိုင်ရေးနေရင်း ကလေးနှစ်ယောက်ကို စာသင်ပြပြီး အလုပ်ရှုပ်နေတဲ့ ကေတို့ သားအမိသုံးယောက်ကို လှမ်းကြည့်ပြီး ကြည်နူးမိပါရဲ့။ နှစ်လခြားတစ်ခါလောက် ကိုယ်တို့ မိဘတွေဆီ အလည်သွားတိုင်း ကိုယ်တို့သမီးနဲ့ သားဟာ ဘိုးအေ ဘွားအေတွေရဲ့ အချစ်သည်းမှုခံရတာကို မြင်ရပြန်တော့လည်း ကိုယ် ကြည်နူးရတာပါပဲ။ ဒီလိုမြင်တဲ့အခါ တိုင်း ဟိုအရင် ကေနဲ့ကိုယ် သမီးရည်းစား ဘ၀က ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ အတွက် အမြတ်ပြန်ရလိုက်သလို ခံစားရတယ်။

ဒါပေမယ့် ကေရယ်။

ရုပ်ရှင်ထဲမှာသာ ချစ်သူတွေ ညားသွားရင် ဇာတ်လမ်းပြီးသွားတာ။ လက်တွေ့ဘ၀မှာက ညားပြီးမှ ဇာတ်လမ်းက စတာ မဟုတ် လား။ ကေနဲ့ကိုယ် လက်တွဲထူထောင်လိုက်တဲ့ အိမ်ထောင်တစ်ခုဟာ ခုမှ အဆင်ပြေခါစ ရှိသေးတယ်ဆိုပေမယ့် မမြင်နိုင်သေးတဲ့ အဖျက် အမှောင့်တွေက ရှေ့မှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေဦးမှာ အသေအချာပဲ။

ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ ကေနဲ့ကိုယ် အိမ်ထောင်သက် ရှစ်နှစ်ပြည့် ဖြစ်တဲ့အတွက် ကေ့ကို အမှတ်တရလက်ဆောင်တစ်ခု ပေးချင်မိတယ်။ အဲဒါကတော့ ကေနဲ့ချစ်သူမဖြစ်ခင်ကတည်းက တင်ကြိုရေးသားပြီး ကေ့ဆီပေးအပ် ထားခဲ့တဲ့ ဟောဒီ စာနံပါတ် (၃)ကို ကေ ဖွင့် ဖောက်ဖတ်ဖို့ပါပဲ။ ပြီးတော့မှသာ စာနံပါတ် (၁) နဲ့ (၂)ကို ကေဆက်ဖတ်ပေါ့။

ဒီစာနဲ့အတူပေးအပ်ခဲ့တဲ့ စာနံပါတ် (၁) နဲ့ (၂) ကို ခုကစ နှစ်ဦးသဘောတူ ဆက်လက်သိမ်းဆည်းကြစို့နော်။ ဘာကြောင့်လည်း ဆိုတော့ ဟောဒီ စာနံပါတ် (၁) နဲ့ (၂) ဟာ ကိုယ်တို့နှစ်ယောက်ရဲ့ ခက်ခဲတဲ့   အောင်မြင်မှုအထွေထွေကို ကိုယ်စားပြုနေလို့ပဲပေါ့။

                အရာရာအတွက် ကျေးဇူးတင်ပါတယ် ကေ။

 

လွန်းဆက်နိုးမြတ်

အချစ်ဂျာနယ်၊ အတွဲ (၆)၊ အမှတ် (၁၃)၊ မေ ၂၀၀၉

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဧကစာချို

အမြစ်မဲ့သစ်ပင်

အမြစ်မဲ့သစ်ပင်

(၁)

မေးခွန်း ၁။                ။               သင်၏ ချစ်သူမိန်းကလေးအတွက် သင်သည် မည်ကဲ့သို့ သော လူစားမျိုးဖြစ်သနည်း။

ခက်ခဲသော မေးခွန်းတစ်ခုမဟုတ်သည့်တိုင် ဤမေးခွန်းကို ဖြေဆိုရန် အတော်ကလေး ချိန်ဆကြည့်နေရ၏။ ထိုသို့ ချိန်ဆနေခိုက်တွင် ကျွန်တော်၏ စိတ်ကူးထဲသို့ သူမက အလို အလျောက်ဝင်ရောက်လာ၏။ သူမဆိုသည်မှာ ကျွန်တော့်ချစ်သူမိန်းကလေးဖြစ်ကြောင်း အထူးဖြေရှင်းပြရန် လိုမည်မထင်ပါ။

သူမနှင့် ကျွန်တော်တို့၏ ချစ်သူဘ၀သည် အရာရာချို့ငဲ့ဆဲ အနေအထားဖြစ်သည်။ ဆိုးရွားတာက သူမသည် ကျွန်တော်နှင့် ချစ်သူဖြစ်နေသော်လည်း ပြင်ပနိုင်ငံတစ်ခုသို့ အလုပ်သွား ရောက်လုပ်ကိုင်နေခြင်းပင်။ ထို့ကြောင့် ကျွန်တော်နှင့် သူမ၏အကြားတွင် လိုအပ်ချက်များက သာမန်ချစ်သူ စုံတွဲတို့ထက် ပိုမို၍ များပြားရှုပ်ထွေးပါသည်။ ကျွန်တော့်အနားတွင် သူမရှိစဉ် အခါကတော့ ချစ်သူဘ၀သည် အတော်ကလေး ပျော်ရွှင်ဖို့ကောင်းခဲ့တာ မှန်ပါသည်။ သို့ရာတွင် အနေဝေးသွားသောအခါ ကျွန်တော်ရော သူမပါ ကြိုတင် မမျှော်မှန်းနိုင်ခဲ့သော ပြဿနာများက တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကျွန်တော်တို့ ချစ်သူနှစ်ယောက်ကြားတွင် ဘွားခနဲ ဘွားခနဲ ပေါ်ပေါက်လာခဲ့ပါသည်။

ရှေးဦးစွာ ကျွန်တော်သည် သူမ၏ အီးမေးလ်အကောင့် ပတ်စ်ဝှက်ကို မေ့လျော့သွားသောကြောင့် သူမ စိတ်ဆိုးခဲ့ပါသည်။ ထိုအတွက် ကျွန်တော်သည် ပြစ်ဒဏ်အဖြစ် သူမ၏ ပတ်စ်ဝှက်အား ကာလအတော်ကြာသည့်တိုင်အောင် သိခွင့်မရရှိခဲ့ပါ။ ကျွန်တော်သည် သူမကို ယုံကြည်ပါသည်။ သူမသည် သူမ၏ အီးမေးလ်ကောင့်ထဲတွင် တခြားကောင်ကလေးများ နှင့် ရှုပ်ရှုပ်ယှက်ယှက် ဇာတ်လမ်းဆင်မည့်သူမျိုး မဟုတ်ပါ။ ပြည်ပတွင် သုံးလနေထိုင်ပြီး မြန်မာနိုင်ငံသို့ ခဏတာ ပြန်လာချိန်တွင် သူမအင်တာနက်သုံးသောအခါ ကျွန်တော်က ဘေးမှာ ရှိနေသဖြင့် သူမ၏ အီးမေးလ်အကောင့်ကို ပြန်လည် မြင်တွေ့ခွင့်ရခဲ့သည်။ ထိုအခါ ဘယ်လိုမှ မယုံကြည်နိုင်စရာ သူမ၏ အီးမေးလ်အကောင့်ထဲတွင် ကျွန်တော်မဟုတ်သော ကျွန်တော် မသိသော တခြားယောက်ျားလေးတစ်ယောက်နှင့် အပြန်ပြန်အလှန်လှန် ပေးပို့ဆက်သွယ်ထားသည့် မေးလ်များကို ၀မ်းနည်းနာကျင်စွာ ကျွန်တော်တွေ့ရှိခဲ့ရတော့သည်။ သူမနှင့် ထိုယောက်ျားလေးသူငယ်ချင်းမှာ ချစ်သူတွေ မဟုတ်သည့်တိုင် အပြန်အလှန်ပေးပို့သော မေးလ်များမှာ တစ်ယောက်နှင့် တစ်ယောက် ငြိချင်နွယ်ချင်သော နှစ်ဖက်ခွအဓိပ္ပာယ် စာသားတွေချည်း ဖြစ်ကြ၏။ ပို၍ ၀မ်းနည်းစရာကောင်းသည်မှာ သူမသည် ကျွန်တော့်ထံသို့ မေးလ်မှန်မှန် မပို့ခဲ့သော်လည်း ထိုယောက်ျားလေးသူငယ်ချင်းဆီကိုတော့ မေးလ်မှန်မှန်ပို့ခဲ့ ၏။ ထိုထက်ပို၍ ၀မ်းနည်းစရာကောင်းသည်မှာ နိုင်ငံခြားတွင် မေး ထူး ခေါ် ပြော ကလွဲရင် ယောက်ျားလေးသူငယ်ချင်းမထားပါဘူးဟု ကတိဆိုခဲ့သော  သူမက အခုမေးလ်အပြန်အလှန် ပို့နေသော ယောက်ျားလေး သူငယ်ချင်းကို ပြည်ပနိုင်ငံမရောက်ခင် လေယာဉ်ပျံပေါ်မှာတင် ခင်မင်သွား ခဲ့ခြင်းဖြစ်သည်။ သူမနှင့် ကျွန်တော်၏ သံယောဇဉ်မှာ ၂ နှစ်ကျော်ကြာနေပြီ။ လေယာဉ်ပေါ်မှာ တွေ့ခဲ့သော ထိုသူငယ်ချင်းနှင့်က ၃ နာရီသာ စကားပြော ခဲ့ကြသည်။ သို့သော် ကျွန်တော့်ထက် ထိုသူငယ်ချင်းပေါ်မှာ သူမ စေတနာပိုကဲ ပုံရ၏။ ထိုပြဿနာသည် သူမဆီမှာ ကျွန်တော်က (ကျွန်တော်က မှားယွင်းခြင်း မဟုတ်ပါဘဲနှင့်) ဒူးထောက်ငိုယိုပြပြီး အပျော့ဆွဲ ဆွဲလိုက်သဖြင့် ပြေလည်သွားခဲ့ပါသည်။ နောက် သူမ နိုင်ငံခြားကို ပြန်ထွက်ခွာ သွားခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်တော့ သူမ မြန်မာပြည်ပြန်လာလျှင် ကျွန်တော့်ဆီလာပါတော့မလား။ မသေချာတော့ပါ။ အကြောင်းကတော့ ခုတစ်ခေါက် သူမပြန်သွားပြီးကတည်းက သူမ နှင့် ကျွန်တော်၏ ဆက်ဆံရေးသည် သုသာန်တစ်ခုလိုပင် ချောက်ချားတိတ်ဆိတ်သွားခဲ့ခြင်းကြောင့်ပင်။

ဒီတစ်ခေါက် သူမပြန်သွားသောအခါ ကျွန်တော်၏ မွေးနေ့ကို သူမမေ့နေသည်။ (ထိုနေ့က ကျွန်တော် ဘုရားမသွားဖြစ်တော့ပါ။ အရက်လည်း မသောက်ပါ။ စိတ်ပေါက်ပေါက်ဖြင့် ကိုယ့် လက်မောင်းကိုယ် ကြေကွဲစနှင့် အချက်ပေါင်းများစွာ ဆွဲခြစ်နေခဲ့သည်။) ချစ်သူများနေ့မှာ သူမဖုန်းကို ဘက်ထရီကုန်နေသည်ဟု အကြောင်းပြကာ အဆက်အသွယ်ဖြတ်ထားသည်။ (ထိုနေ့သည် သူမကြောင့် ငိုကြေးခဲ့ရသည့် ယောက်ျားတစ်ယောက်၏ နောက်ဆုံးမျက်ရည်တွေ ပေကျံနေသော နေ့ဖြစ်သွားခဲ့သည်။) နောက်တစ်ခါ သူမ၏ မွေးနေ့တွင် ကိုယ့်မွေးနေ့ ကိုတောင် သူမက မေ့နေပါသည်ဟု ဆိုလာသောအခါ ကျွန်တော် သူမကို မည်သို့နားလည်ရမည်မသိ ဖြစ်သွားခဲ့ပါသည်။ (ထိုနေ့ကတော့ သူမအတွက် ရွှေတိဂုံဘုရားမှာ ဆီမီး၊ရေချမ်း၊ ၀တ္ထုကပ်လှူ ပူဇော်ခဲ့ပြီး သူမအသက် ၂၃ နှစ်ကို ရည်ရွယ်၍ ဖယောင်း တိုင် ၅ တိုင်ဖြင့် မီးပူဇော်ခဲ့သည်။) ကျွန်တော် သူမအပေါ်မှာ ခံစား၍ မရတော့ပါ။ ကိုယ့်မွေးနေ့တောင် ကိုယ်မေ့လျော့နေရလောက်အောင် သူမသည် နှလုံးသားမဲ့သွားပြီလား။ စက်ရုပ်ဆန်သွားပြီလား။ သူမ နိုင်ငံခြားသွားသည်မှာ သူမမိသားစု၏ တင်ရှိ နေသည့် ကြွေးမြီများအတွက် ပိုက် ဆံရှာဖွေရန် သွားခြင်းဖြစ်သည်။ ထိုကြွေးမြီပြဿနာ ဖြေရှင်းပြီးမှသာ သူမနှင့်ကျွန်တော် လက်ထပ်ဖို့ စဉ်းစားရမှာ ဖြစ်သည်။ ကျွန်တော်က အခါခပ်သိမ်း သူမဆီမှ ချစ်ခြင်းမေတ္တာ မှလွဲရင် ဘာကို မှ မမျှော်လင့်ခဲ့ပါ။ ဘာကိုမှလည်း မတောင်းဆိုခဲ့ပါ။ ကျွန်တော်အရင်က ထားခဲ့ဖူးသည့် ရည်းစားတွေက ကျွန်တော့်ကို ချစ်သော အချစ်၏ အပုံ ၁၀၀ ပုံ ပုံလျှင် ၁ ပုံတောင် သူမက ကျွန်တော်ကို မချစ်ပါ။ အခုလို တွက်ချက်ပြလိုက်သည့်အတွက် အများအမြင်တွင် ကျွန်တော့်အတွေးသည် မိန်းမဆန်နေနိုင်သည်။ သို့သော် မတတ်နိုင်ပါ။ သူမနှင့် ကျွန်တော့်ကြားတွင် နှစ်ဦးပိုင် သီးသန့်ကမ္ဘာမရှိပါ။ အချိန်ပြည့် ပူလောင်နေသော သဲကန္တာရလွင်ပြင်ကြီးတစ်ခုသာ ရှိနေသည်ဟု ကျွန်တော်တွေးခေါ်စပြုနေပါပြီ။ ဖြစ်နိုင်လျှင် သူမ၏ကြွေးမြီတွေကို သူမကိုယ်စား ကျွန်တော်ရှာဖွေပေးဆပ်ချင်ပါသည်။ ထိုကဲ့သို့လည်း ရည်ရွယ်ထားခဲ့ပါသည်။ သို့သော် အခုတော့ ကျွန်တော့်ထံတွင် အဲဒီ့စိတ်တွေ မရှိတော့ပါ။ သူမတန်ဖိုးမထားသော အရာတွေထဲတွင် ကျွန်တော့် အချစ်သည် ထိပ်ဆုံးမှာ ရှိနေခဲ့ပြီ။ အကယ်၍ သူမသည် ကျွန်တော့်ကို ချစ်သူတစ်ယောက်အဖြစ် ပြန်လည်တန်ဖိုးထားမည် ဆိုလျှင်တောင်မှ အတ်ာကလေးနောက်ကျနေပြီလို့ ကျွန်တော်ထင်သည်။ ကျွန်တော်သည် သူမကို မယုံကြည်တော့ပါ။ ကျွန်တော်သည် သူမအပေါ် စိတ်ပျက်နေခဲ့ပါပြီ။ ကျွန်တော်သည် သူမနှင့် ဘ၀ခရီးတစ်ခုကို လက်တွဲပြီး မလျှောက်ရဲတော့ပါ။ နောင်တစ်ချိန်တွင် မွေးဖွားလာမည့် ကျွန်တော့်သားသမီးများ၏ မိခင်အဖြစ် သူမကို နေရာမပေးချင်တော့ပါ။ ကျွန်တော် သူမကို ကြောက်ရွံ့နေခဲ့ပါပြီ။

အခုချိန်သည် သူမကို ဖြတ်တောက်မေ့လျော့ပစ်ရင် ကောင်းမလားလို့ ကျွန်တော်စဉ်းစားနေချိန်ဖြစ်သည်။ ကျွန်တော် ဒီလို စဉ်းစားနေမှန်းသာ သိခဲ့လျှင် ကျွန်တော်သည် သူမအတွက် သူရဲကောင်းတစ်ယောက်မဟုတ်မှန်း သူမ သေသေချာချာ တွေးထင်ကောင်း တွေးထင်သွားနိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် အမေးရှိလျှင် အဖြေကတော့ ရှိရမည်ပင်။

အဖြေ ၁။  ။               ကျွန်တော်၏ ချစ်သူမိန်းကလေးအတွက် ကျွန်တော်သည် သူရဲဘောကြောင်သော လူတစ်ယောက် ဖြစ်ပါသည်။

(၂)

မေးခွန်း ၂ ။               ။               သင်နေထိုင်သော ပတ်ဝန်းကျင်ဖက်မှ သင့်အပေါ် ထားရှိ သည့် သဘောထားကို အကြမ်းဖျဉ်း ခန့်မှန်းပြနိုင်ပါသလား။

ဒီမေးခွန်းကို မဖြေဆိုခင် အချိန်လေးအတွင်းမှာ ပြောစရာ အနည်းငယ်ရှိနေသည်။ တခြားမဟုတ်ပါ။ ကျွန်တော်နေထိုင်နေရသော ပတ်ဝန်းကျင် အကြောင်း ဖြစ်ပါသည်။ နောက်ပြီး ထိုပတ်ဝန်းကျင်နှင့် ကျွန်တော်၏ ဆက်ဆံရေးကိုလည်း ပြောပြချင်ပါသည်။

အတော်အတန်လူနေများသည့် ရပ်ကွက်တစ်ခုတွင် ကျွန်တော်နေထိုင်ပါသည်။ ကျွန်တော်နေထိုင်ရာလမ်းထဲတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိ၍ တခြားလမ်းများတွင်လည်း အခြား လက်ဖက်ရည်ဆိုင်များ ရှိကြပါသည်။ သို့ရာတွင် ကျွန်တော်တို့ လမ်းထဲတွင် လက်ဖက်ရည်ဆိုင်မှာ တစ်ဆိုင်သာရှိပြီး တခြားလမ်းများတွင် အနည်းဆုံး ၂ ဆိုင်စီတော့ရှိကြ၏။ ကျွန်တော် အဓိက ပြောပြလိုသည်မှာ တခြားလမ်းများသို့ သွားရောက်ကာ လက်ဖက်ရည် မသောက်လိုသော ကျွန်တော်အပါအ၀င် ကျွန်တော်တို့လမ်းထဲမှ လူတွေသည် တစ်ဆိုင်တည်းသော ဟောဒီလက်ဖက်ရည်ဆိုင်လေးမှာပဲ ထိုင်ကြရသည်။ ပြောရလျှင် ဒီလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်မှာ အလွန်ညံ့သည်။ စားပွဲခုံတွေသည် သန့်ရှင်းမှုမရှိဘဲ ဘာမှန်းမသိသော အညစ်အကြေးများနှင့် အစဉ်သဖြင့်ရှိနေတတ်ကာ လူလာထိုင်ပြီဆိုလျှင်လည်း စားပွဲထိုးများသည် အရေးမစိုက်ကြသဖြင့် အတန်တန်ခေါ်ယူမှ ရောက်လာတတ်ကြသည်။ သို့သော် လည်း ကျွန်တော်တို့လမ်းထဲမှ လူများသည် ထိုဒုက္ခများ ကင်းလွတ်ရာဖြစ်သည့် တခြားလမ်းမှ လက်ဖက်ရည်ဆိုင်များသို့ မသွားကြပါ။ ကိုယ့်လမ်းထဲက ဆိုင်ကိုသာ အစွဲကြီးစွာ အားပေး ကြပါသည်။ ဒါက ကျွန်တော် ပုံမှန်အားပေးနေကျဆိုင်နှင့် ကျွန်တော့်၏ ဆက်ဆံရေးဖြစ်သည်။

နောက်တစ်ခါ ကျွန်တော်၏ အိမ်နီးနားချင်းတွေအကြောင်းကို အနည်းငယ် ပြောပြလိုသည်။ ကျွန်တော်၏ အိမ်နားနီးချင်းတွေထဲတွင် မျက်နှာချင်းဆိုင်အခန်းမှ မိသားစုမှာ ကာရာအိုကေ သီချင်းများကို ကျယ်လောင်သော အသံဖြင့် မကြာခဏနှိပ်စက်တတ်ကြသူများဖြစ်ကာ  ကျွန်တော့်အိမ် အပေါ်ထပ်မှ လူများမှာမူ အောက်ထပ်သို့ မဆင်မခြင် ကွမ်းတံတွေးထွေး တတ် ကြသော လူများဖြစ်နေ၏။ တစ်ခါတစ်ရံ ကျွန်တော်စိတ်ပင်ပန်းနေစဉ်ခါတွင် ကျွန်တော့်အခန်းဖက်သို့လှည့်ထားသည့် မျက်နှာချင်းဆိုင်အခန်းမှ ကျယ်လောင်သော ဆောင်းဘောက်ဆီမှ ကီးကြောင်အသံများသည် ကျွန်တော့်စိတ်အား များစွာညစ်နွမ်းစေပါသည်။ ထို့ပြင် အပေါ်ထပ်မှ မဆင် မခြင်ထွေးထုတ်လိုက်သည့် ကွမ်းတံတွေးများသည်လည်း ၀ရန်တာမှာ လှမ်းထား သည့် ကျွန်တော့်အ၀တ်အစားများကို စွန်းထင်းစေသည့်အတွက် ထပ်မံ ဒေါသပွားရပြန်ပါသည်။

ထားပါတော့။ ခုလောက်ဆိုလျှင် ကျွန်တော်နေထိုင်သော ပတ်ဝန်းကျင်အကြောင်း တစ်စေ့တစ်စောင်းတော့ ပြောပြီးပြီဟု ယူဆပါမည်။ ဆက်လက်ပြောပြဖို့ရှိသည်မှာ ကျွန်တော်က ထိုပတ်ဝန်းကျင်အပေါ် ဆက်ဆံပုံ ဖြစ်၏။ ကျွန်တော်သည် လမ်းထဲမှ ထုံပေပေနိုင်သော စားပွဲထိုးများနှင့် ညစ်ပတ်သော အသုံးအဆောင်များရှိသည့် လက်ဖက်ရည်ဆိုင်အား ပေးချေရန် အကြွေးအနည်းငယ်ရှိပါသည်။ ထိုမျှသော အကြွေးငွေကို ပေးနိုင်စွမ်းရှိသော်လည်း ဘယ်သောအခါမှ ကျွန်တော် မကြေမပေးပါ။ တချို့ညနေများတွင် အိမ်သို့ အလည်လာလေ့ ရှိတတ်သော သူငယ်ချင်းများဖြင့် ကျွန်တော်သည် မျက်နှာချင်းဆိုင် အခန်းဖက်သို့လှည့်၍ စပီကာနှစ်ခုကို တွန်းရွှေ့ကာ ကာရာအိုကေရော့ခ်သီချင်းများကို အသံကုန်ဟစ်တတ်ပါ သေးသည်။ အပေါ်ထပ်မှ တစ်ခါတစ်ရံ လှမ်းထားသော အ၀တ်များ ကျွန်တော့်အခန်းသို့ မတော်တဆလွင့်ပါရောက်ရှိလာလျှင်လည်း ကျွန်တော်သည် ထိုအ၀တ်အစားများကို နောက်ဖေး မီးဖိုချောင်တွင် အသုံးပြုတတ်ပါသည်။ တကယ်တော့ ထိုအပြုအမူများသည် ပတ်ဝန်းကျင်က ပြောင်းပေးသော အရောင်အတိုင်း ကျွန်တော်နေလိုက်မိခြင်းသာဖြစ်ပြီး နည်းနည်းမှ မကောင်းမှန်း ကျွန်တော် သိပါ၏။ သို့သော်….

အဖြေ ၂    ။               ။ကျွန်တော်နေထိုင်သော ပတ်ဝန်းကျင်ဖက်မှ ကျွန်တော့်အား ရန်လို၍ လက်တုန့်ပြန်တတ်သော ၀ံပုလွေတစ်ကောင်အဖြစ် သဘောထားနေနိုင် ပါသည်။

(၃)

မေးခွန်း ၃။                ။               သူငယ်ချင်းမိတ်ဆွေများနှင့် ပေါင်းသင်း ဆက်ဆံရာတွင် သင်သည် ဘယ်နှစ်ရာခိုင်နှုန်း ရိုးသားမှုရှိသည်ဟု ထင်ပါသလဲ။

တော်တော့်ကို သတိထားဖြေဆိုရမည့် မေးခွန်းဟု ကျွန်တော်ယူဆသည်။ အဘယ်ကြောင့်ဆိုသော် မိတ်ဆွေအပေါင်းအသင်းဆိုသည်မှာ အမျိုးမျိုးအစား စားရှိပြီး ရင်းနှီးမှုဒီဂရီမှာလည်း တစ်ဦးနှင့်တစ်ဦး တသမတ် တည်းတူညီမှု မရှိသောကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်သည် သူငယ်ချင်း မိတ်ဆွေများအား ရင်းရင်းနှီးနှီး ဆက်ဆံလေ့မရှိပါ။ ကျွန်တော်နှင့် ၀ါသနာတူ အလုပ်တူ နေရပ်တူ သူငယ်ချင်းများဖြင့်သာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်ပါသည်။ သို့ရာတွင် လူမှုရေးပြဿနာဆိုသည်မှာ သူငယ်ချင်း မိတ်ဆွေများကြားတွင် အနည်းနှင့် အများတော့ သူသူကိုယ်ကိုယ် ရှိတတ်ကြစမြဲပင်။

ဘယ်နေရာက ကြားဖူးမှန်းမသိတော့သော စကားပုံတစ်ခုကို ကျွန်တော် ရုတ်တရက် အမှတ်ရလိုက်မိ၏။ စကားပုံအရ မိတ်ဆွေအပေါင်းအသင်းဆိုသည်မှာ ရေမှန်မှန်လောင်းရသည့် ပန်းပင်နှင့်တူသည်။ ရေမှန်မှန်မလောင်းလျှင် ပန်းပင်ကလေးသည် ညှိုးရော် သေဆုံးသွားမည်ဖြစ်သကဲ့သို့ မိတ်ဆွေ အပေါင်းအသင်းများကို ဆက်ဆံရာတွင်လည်း လွန်မင်းစွာ အဆက်အသွယ်ပြတ်တောက်သွားခဲ့လျှင် စိမ်း၍သွားတတ်သည်။ သည့်နောက်တွင်တော့ မိမိနှင့် မိတ်ဆွေများကြားရှိ သံယောဇဉ်မှာ တခြားလူစိမ်းများလိုပဲ ဖြစ်သွားပေတော့မည် ဖြစ် သည်။ သို့သော်လည်း ကျွန်တော်တို့သည် ရှုပ်ထွေးနေသည့် လောကဓံပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် ဆက်ဆံရေး ပန်းပင်ကလေးအား ရေအစဉ်မှန်မှန်လောင်းရန် မလွယ်ကူပေ။ ဤသည်မှာ  ကျွန်တော်တို့ တစ်ဦးချင်းစီ၏ ချို့ယွင်းချက်ဖြစ်နိုင်ပြီး ထို့အတွက်ကြောင့် ကျွန်တော်တို့ဘ၀တွင် မိတ်ဆွေအပေါင်းအသင်း မည်မျှဆုံးရှုံးခဲ့ပြီးပါသနည်း။ ၀မ်းနည်း တတ်မည်ဆိုလျှင် ၀မ်းနည်းစရာပင်။

ကျွန်တော်၏ ဘ၀တွင် ကျောင်းခန်းထဲ၊ အလုပ်ထဲ၊ ရပ်ကွက်ထဲမှာ ခင်မင်သည့်မိတ်ဆွေများထက် ဘောလုံးကွင်းထဲတွင် ခင်မင်သည့် မိတ်ဆွေများက ထူးခြားစွာပဲ အရေအတွက် ပိုများပါသည်။ ဒါကလည်း ကျွန်တော်သည် ဘာလုံးအားကစားကို ရူးသွပ်ခုံမင်သူ တစ်ယောက်ဖြစ်တာကြောင့်ပင်။ ဘောလုံးအားကစားဆိုသည့်အတွက် မိတ်ဆွေပေါသလို ရန်ဖက် လည်းများခဲ့ပါသည်။ ငယ်စဉ်က အင်မတန် ခင်မင်ခဲ့ဖူးသော သူငယ်ချင်းတစ်ယောက်က ကျွန်တော့်အား ဘောလုံးကွင်းတွင်း နင်ပဲငဆအထက်ဆီးမှ ပြောဆိုခဲ့သောကြောင့် ကျွန်တော် ပြန်လည်လက်စားချေခဲ့ဖူးသည်။ ထိုကိစ္စကြောင့် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားသော်လည်း ကျွန်တော်မည်သည့်အခါကမျှ နောင်တမရခဲ့မိဖူးပါ။ (အဆိုပါ သူငယ်ချင်းက ကျွန်တော့်အပေါ် မည်သို့သဘောထားသွားမည်နည်း) ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်သည် ကျွန်တော့်အား နာလိုခံခက်သည့် စကားများကို အများရှေ့တွင် ပြောသောအခါ ကျွန်တော်က ပုဂ္ဂိုလ်ရေးထိုးနှက်ချက်အဖြစ် ယူဆပြီး ပြန်လည်လက်စားချေခဲ့ဖူး၏။ (အဆိုပါ သူငယ်ချင်းက ကျွန်တော့်အပေါ် မည်သို့သဘောထားသွားမည်နည်း)

ကျွန်တော့်ဘ၀တွင် သူငယ်ချင်းလည်းဖြစ် ကျွန်တော် ချစ်မိသူလည်းဖြစ်သော မိန်းကလေးတစ်ယောက်ရှိခဲ့ဖူးသည်။ ကျွန်တော်သည် ထိုသူငယ်ချင်းအပေါ် ပြောပြရန် ခက်ခဲသော ကျေးဇူးကြွေးရှိခဲ့ဖူးကာ မည်သည့်အခါမျှ ပြန်ဆပ်နိုင်တော့မည်မထင်ပါ။ ပြန်ဆပ်ဖို့လည်း ကျွန်တော် မစဉ်းစားချင်တော့ပါ။ ပြန်တွေးမိတိုင်း နာကျင်နေရသည့် ကိစ္စတစ်ခုအဖြစ်သာ တစ်သက်လုံး တည်ရှိသွားရတော့မည်ဖြစ်၏။ (အဆိုပါသူငယ်ချင်းက ကျွန်တော့် အပေါ် မည်သို့သဘောထားသွားမည်နည်း) ကျွန်တော့်အား အင်္ဂလိပ်စာလာရောက် သင်ကြားပေးသော ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးသည်။ ငွေကြေး အဆင်မပြေသည့် ထိုဆရာသူငယ်ချင်းအား ယခုအချိန်ထိ ကျွန်တော့်ဖက်မှ ကြီးမားသော အကူအညီပေးနိုင်ခဲ့ခြင်းမရှိသည့်အပြင် သူ့ထံမှ အကူအညီများသာ ရယူခဲ့ဖူးသည်။ အခုတော့ ထိုဆရာသူငယ်ချင်းနှင့် အဆက်အသွယ် မရတော့ပါ။ (အဆိုပါ သူငယ်ချင်းကရော ကျွန်တော့်အပေါ်မည်သို့ သဘော ထားသွား မည်နည်း)

အရင်းစစ်ကြည့်လျှင် ကျွန်တော်၏ဘ၀တွင် ရေမှန်မှန်မလောင်းသဖြင့် ညှိုးရော်သေဆုံးသွားခဲ့သည့် ပန်းပင်ကလေးများ မြောက်များစွာ ရှိနေခဲ့ဖူးကာ မိတ်ဆွေသူငယ်ချင်းအပေါင်း အသင်းများ၏ ဆက်ဆံရေး ပြတ်တောက်မှုသည်လည်း ကျွန်တော့်မရိုးသားမှုများကြောင့်ပင် ဖြစ်မည်ဟု သဘောပိုက်ရပါသည်။ ထို့ကြောင့်…

အဖြေ ၃    ။               ။               ကျွန်တော်သည် သူငယ်ချင်းမိတ်ဆွေများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ရံဖန်ရံခါ ရာနှုန်းပြည့် ကောက်ကျစ်တတ်ပါသည်။

(၄)

မေးခွန်း ၄။                ။               မိသားစုရာဇ၀င်တွင် သင်သည် လိမ္မာရေးခြားရှိပြီး စံနမူနာဖြစ်ဖွယ် သားသမီးတစ်ယောက်ဖြစ်ပါသလား။

ဘယ်ဖက်က လှည့်တွေးတွေး သေချာပေါက်အနှုတ် လက္ခဏာပြမည့် အဖြေထွက်စေသော မေးခွန်းပဲဖြစ်သည်။ အကြောင်းကတော့ ကျွန်တော်သည် မိသားစုတွင် ဘယ်တုန်းခါကမှ ထူး ထူးခြားခြား လိမ္မာနေသူတစ်ယောက်မဟုတ်ခဲ့တာကြောင့် ဖြစ်သည်။ အထူးသဖြင့် မိသားစုဆီသို့ ရံဖန်ရံခါ သယ်ဆောင်လာတတ်သော ကျွန်တော်၏ ပြဿနာများနှင့် မိဘနှစ်ပါး၏ ဆန့်ကျင်ဘက်အရပ်တွင် အမြဲလိုလို ရောက်ရှိနေခဲ့သည့် အတွေး အခေါ်များ ရှိနေခြင်းပဲ ဖြစ်သည်။

ကျွန်တော်သည် မိသားစုတွင် စာတော်သော သားသမီး တစ်ယောက် မဟုတ်ခဲ့ပါ။ (သာမန်ထက်တောင် ညံ့လိမ့်ဦးမည်ထင်ပါသည်) ကျွန်တော်သည် မိသားစုတွင် အကြီးဆုံးသားဖြစ် သော်လည်း ကျွန်တော့်အောက်မှ ညီနှင့်ညီမအတွက် စံနမူနာယူထိုက်ဖွယ် အစ်ကိုကြီး မဖြစ်ခဲ့ပါ။ (အူကြောင်ကြောင် ဂေါက်စီစီအစ်ကိုကြီးဟုတော့ ယူဆပြီးနိုင်လောက်သည်) ထို့ပြင် ကျွန်တော်သည် တစ်ခါတစ်ရံ အပြင်အပမှ လူများနှင့် ခိုက်ရန်ဖြစ်ပွားတတ်ကာ နိုင်သည့်အခါနိုင်၍ ရှုံးသည့် အခါရှုံးသည်။  နိုင်သည့်အခါ မသိသာသော်လည်း ရှုံးသည့်အခါ ပေါက်ပြဲ ဖူးရောင်၍ ညနက်သန်းခေါင်မူးရူး ပြန်လာသော ကျွန်တော်ကြောင့် မိဘတွေ သောကပွေရပေါင်းများခဲ့သည်။ အချစ်ရေးပြဿနာများကြောင့် ကိုယ့်ကိုယ်ကို မကြာခဏ သွေးထွက်သည် ထိ ညှဉ်းပန်းမိသည့် ဒဏ်ရာဒဏ်ချက်များကလည်း မိဘနှစ်ပါးကို ရတတ်ပွေစေခဲ့သည်။ ထို့ပြင် မိသားစုတွင်း အရေးကြီးအရာများ ဆွေးနွေးတိုင်ပင်လျှင်လည်း ကျွန်တော်၏ အတွေး အခေါ်များက ကန့်လန့်သဘော ဆောင်နေတတ်သေးပြန် သည်။ (ဘယ်လောက်တောင် မွေးထားဖို့ ကောင်းလိုက်ပါသနည်း)။

သို့သော်လည်း မိသားစုနှင့် ကျွန်တော့်ကြားမှ တချို့ကိစ္စများသည် ကျွန်တော့်အမှားများချည်းတော့ မဟုတ်ပါ။ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့် လူကြီးလူငယ် ပြဿနာမျိုးတွေလည်း အများကြီးပါရှိပါ သေးသည်။ ဘာပဲဖြစ်ဖြစ် တကယ်တမ်းတွင်တော့ မိသားစုဆိုသည်မှာ မည်သည့်လူမျိုး မည်သည့်ဘာသာဝင်ပဲဖြစ်စေ တစ်ခုတည်းသော နွေးထွေး လုံခြုံမှုပေးနိုင်သည့် ကိုယ်ပိုင်အသိုက်အမြုံတစ်ခုဆိုတာကိုတော့ ကျွန်တော် ကောင်းစွာ သိထားပြီးဖြစ်သည်။ မိသားစုထက် ပိုပြီး တွယ်တာမိခဲ့သော ကျွန်တော့်ချစ်သူက ကျွန်တော့်မွေးနေ့ကို သတိမရ။ ထိုအချိန်တွင် ကျွန်တော့်ကိုဟက်ပီးဘတ်ဒေးဟု ပြောကြသူများမှာ ကျွန်တော့်မိသားစုဝင်များသာ ဖြစ်သည်။ စိတ်လေနေသော ကာလတွေမှာ ရန်ဖြစ်ကွဲပြဲ ဖူးရောင်လာသည့် ကျွန်တော့် ဒဏ်ရာများအတွက် နှစ်သိမ့်သူများမှာ ကျွန်တော့် မိသားစုဖြစ်သည်။ ကျွန်တော့်ကို လိုအပ်မှ သုံးသည့် ချစ်သူတွေ တစ်ယောက်မှ မဟုတ်။

ဤမေးခွန်း၏အဖြေကို ဖြေဆိုရာတွင် တခြားသူများ ကျွန်တော့် ထက် ပိုမိုကောင်းမွန်စွာ ဖြေဆိုနိုင်ရန် မျှော်လင့်သည်။ ကျွန်တော်ကတော့ မှန်သည်ဟု ထင်မြင်ရာကိုပဲ ဖြေလိုက်ပါသည်။ နှောင်းလူများ ကျွန်တော့်အဖြေအား အတုမခိုးမိစေဖို့ လေးလေးနက်နက် ဆန္ဒပြုမိ၏။

အဖြေ ၄    ။               ။               မိသားစုရာဇ၀င်တွင် ကျွန်တော်သည် တာဝန်မဲ့ကာ အတန်ငယ်ဆိုးသွမ်းစာရင်းဝင်သော သားမိုက်တစ်ယောက်သာ ဖြစ်ပါသည်။

(၅)

မေးခွန်း ၅။                                ။               အထက်ပါမေးခွန်းများကို ဖြေဆိုပြီးချိန်တွင် ထွက်ပေါ်လာသော အဖြေများအရ သင့်ကိုယ်သင် မည်သို့ ခံစားရသနည်း။

မေးခွန်းများ၏ အဆုံးသတ်မေးခွန်းဖြစ်မည်ထင်သောကြောင့် အဖြေများ၏ အဆုံးသတ်အဖြေကို ဖြေဆိုပေးပါမည်။ မဖြေဆိုခင်အချိန်တွင်းမှာတော့ အထက်က ဖြေဆိုပြီး အမေးနှင့် အဖြေများကို အနည်းငယ်လောက်ဖြစ်ဖြစ် ပြန်လည်၍ ပိုင်းဆစ်ဝေဖန်ပြချင်ပါသေးသည်။

ကျွန်တော်သည် ယခုအချိန်ထိ ဘ၀လက်တွဲဖော်ချစ်သူကောင်းတစ်ယောက်ကို ရှာမတွေ့နိုင်သေး။ လက်ရှိ ချစ်သူကိုလည်း ဘယ်လိုမှ သဘောမကျတော့သော အခြေအနေလည်း ဖြစ် နေသည်။ ကျွန်တော်နေထိုင်သည့် ပတ်ဝန်းကျင်ကလည်း တစ်ယောက်အမှား တစ်ယောက် စောင့်ကြည့်ကာ အလစ်ထိုးခုတ်ချင်နေသူတွေ ပြည့်နေသည်။ ကျွန်တော့် လက်ထဲတွင်ပင် တခြားသူကို အလစ်ထိုးခုတ်ရန် လက်စားချေတတ်သည့် ဓားတစ်ချောင်းက ကိုင်လျက်သားရှိနေ၏။ ဘ၀ပေးအရ သူငယ်ချင်းတွေအပေါ် ကျေးဇူးကြွေးများစွာလည်း ရှိနေပြီး ထိုသူငယ်ချင်းတွေအပေါ် တတ်နိုင်တာထက် ပိုမို၍ ရိုးသားပေးဆပ်ဖို့ မေ့လျော့နေမိသည်။ မိသားစုစာမျက်နှာများ တွင်လည်း ကျွန်တော်သည် ဖျက်ရာများစွာနှင့် ဖတ်ရှုရခက်ခဲသည့် သွေးစို့ စာမျက်နှာတစ်ရွက်အဖြစ် ရှိနေပြီ။

တကယ်တမ်းတွင်မူ ကျွန်တော်သည် ချစ်ခြင်းမေတ္တာ ရာနှုန်းပြည့် ပါဝင်ကာ နားလည်မှုအပြည့်ရှိသော ချစ်သူတစ်ယောက်ကို လိုချင်ခဲ့သည်။ နေထိုင်ချင်စဖွယ်ကောင်းသော လူနေမှုပုံစံ မြင့်မားသည့် ပတ်ဝန်းကျင်တစ်ခုကိုလည်း ကျွန်တော်မျှော်လင့်ခဲ့သည်။ တစ်ယောက်အခက်အခဲကို တစ်ယောက်ကူညီကာ စာနာမှုအပြည့်ရှိသည့် မိတ်ဆွေသူငယ်ချင်းများကိုလည်း ခင်မင်ရင်းနှီး ချင်ခဲ့သည်။ မိသားစုသမိုင်းတွင် လေးစားဂုဏ်ယူစရာကောင်းသော အကြီးဆုံး သားတစ်ယောက်ဖြစ်ချင်ခဲ့သည်။ ဒါတွေက ကျွန်တော့်ဖက်မှ လိုလားချက်များသာဖြစ်၏။ ဘ၀ဆိုသည်မှာ ကျွန်တော်တို့ ယုံကြည်ကိုးစားထားသလို ဘယ်တော့မှ ဖြစ်မလာသည့် စကားလုံးတစ်ခုများလားမသိ။ လက်တွေ့ရင်ဆိုင်နေရတာနှင့် စိတ်ကူးမျှော်မှန်းထားသည်များက အစဉ်သဖြင့် ကွဲလွဲနေတတ်သည်။

တစ်ချိန်ချိန်မှာ မိုးဦးရောက်လာဖို့ကို စောင့်ဆိုင်းနေရသည့် သစ်ခြောက်ပင်တစ်ပင်ကဲ့သို့ ဘ၀ကို ကျွန်တော်ဖြတ်သန်းနေမိပြီထင်သည်။ မိုးဦးရောက်လာချိန်ကျလျှင်တော့ ပန်းပွင့်နှင့် သီးနှံတွေ ဝေဆာစွာ သီးပွင့်ပစ်လိုက်မယ် စိတ်ကူးထားသည်။ သို့သော်လည်း ကျွန်တော့်သစ်ခြောက်ပင်၏ အမြစ်တွေသည် မိုးဦးရောက်သည်ထိ ရှင်သန်နိုင်ပါဦးမည်လား။ ယခုပင် အမြစ်တွေသည် သွေးဆုတ်သေဆုံးစပြုနေပါပြီလား။

အဖြေ ၅။  ။               မေးခွန်းအားလုံးအား ဖြေဆိုပြီးချိန်တွင် ရရှိလာသော အဖြေများအရ ကျွန်တော်သည် အမြစ်မဲ့နေသည့် သစ်ပင်တစ်ပင်အဖြစ် ကိုယ့်ကိုယ်ကို ခံစား မိပါသည်။

လွန်းဆက်နိုးမြတ်

ဖက်ရှင်၊ မေ၊ ၂၀၀၉

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ခေတ်ဖုန်းမို

ယုံကြည်မှုလိပ်ပြာ

ယုံကြည်မှုလိပ်ပြာ

(၁)

`ဒြပ်မဲ့´ဟူသော အမည်ခပ်ဆန်းဆန်းဖြင့် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်လေး၏ ထောင့်ကျကျ စားပွဲတစ်လုံးတွင် ကျွန်တော်ထိုင်နေ ပါသည်။ ကျွန်တော့်လက်ထဲတွင်လည်း ခေတ်ပေါ်ကဗျာစာအုပ်တစ်အုပ် ကိုင်ထားကာ သွေးကြောထဲ စကားလုံးတွေ စိမ့်ဝင်သွားလောက်အောင်ဖတ် ရှုနေခဲ့၏။ အိမ်က အင်္ဂလိပ်စကားပြောသင်တန်း (သို့မဟုတ်) အခြားသင်တန်းတစ်ခုခုတက်ရန် ပေးသောငွေများအား ဤလက်ဖက်ရည်ဆိုင်လေး ထဲ လာရောက်၍ စီးကရက်အချို့နှင့် ကဗျာစာအုပ်များပေါ် ကျွန်တော် ဖြုန်းတီးပစ်တတ်ပါသည်။

လွန်ခဲ့သော သုံးနှစ်ခန့်လောက်မှ စတင်ပြီး (ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ်နားဆီက ဖြစ်မည်ထင်သည်။) ကျွန်တော်သည် အရာရာကို ယုံကြည်မှုလျော့နည်းလာခဲ့၏။ ထိုသို့ဖြစ်ခြင်းအစမှာ မဂ္ဂဇင်းတိုက်များသို့ ပေးပို့လိုက်သော ကျွန်တော့ကဗျာစာမူများ တစ်ပုဒ်တစ်လေမှ ပုံနှိပ်ဖော်ပြခံ ရခြင်းမရှိသည်က စတင်မည်ဟု ယူဆရလေသည်။ ပျော်ရွှင်ခြင်း၊ အချိန်ကာလ၊ အောင်မြင်မှု၊ အမှန်တရား၊ အဓိပ္ပာယ်တစ်စုံတစ်ရာတိကျမှုနှင့် တခြား အရာအတော်များများကိုလည်း ယုံကြည်မှုလျော့နည်းလာခဲ့ပါသည်။ ထိုသို့ဖြင့် အရာရာကို ယုံကြည်မှုလျော့နည်းလာသောအခါ ကျွန်တော့်မိတ်ဆွေ အများစုသည် အတုအယောင်များဖြစ်ကြောင်း တွေ့ရှိရသည်။ ကျွန်တော်တက်နေသော သင်တန်းများသည် ကျွန်တော့်ဘ၀ကို ရိုက်ချသော လက်တံ မည်းများ ဖြစ်သွားသည်။ ကျွန်တော့်ကို ပြုံးပြသော နှုတ်ခမ်းများတွင် ဓားပါးလေးများ တပ်ဆင်ထားခြင်းကို သိရှိရပြီး ချစ်သူကောင်မလေးများ၏ မျက်လုံးတွေထဲတွင်လည်း ငွေထုပ်နှင့် အိုးအိမ်တိုက်တာများကို ကျွန်တော်စိတ်မကောင်းစွာ မြင်ရလေသည်။

“ရှင့်မျက်နှာက ကြေးဝါရုပ်တစ်ရုပ်လို အေးစက်စက်နဲ့… ရုတ်တရက်ကြည့်ရင် နွေးထွေးတယ်လို့ ထင်ရပေမယ့် တကယ်တော့ ရှင့်မျက်နှာဟာ ဘယ်တော့မှ မပျော့ပျောင်းခဲ့ဘူး´´

ကျွန်တော်နှင့် ချစ်သူမဖြစ်သေးသော ကောင်မလေးက လက်ဖက်ရည်ခွက်ကို ဇွန်းဖြင့်မွှေရင်း ပြောပါသည်။ သူမသည် ဤလက်ဖက်ရည်ဆိုင်လေးသို့ မကြာခဏရောက်ရှိကာ ကျွန်တော့် လက်ထဲမှ ကဗျာစာအုပ်များကို လုဖတ်တတ်သူလည်း ဖြစ်လေသည်။

“ကိုယ့်ကို တကယ်တမ်း နားလည်ဂရုစိုက်ပေးမယ့်သူဟာ ဒီကမ္ဘာမှာ တစ်ယောက်တည်း ရှိတယ်…အဲဒီ့သူက ကိုယ် ကိုယ်တိုင်ပဲ´´

ကျွန်တော့်စိတ္တဇအား စာနာနားလည်ပေးမည့်သူသည် ဤကမ္ဘာပေါ်တွင် တစ်ယောက်တော့ရှိလိမ့်မည်ဟု ယုံကြည်ခဲ့သည့် ကာလများတုန်းကတော့ ကျွန်တော့်မျက်နှာသည် အမှန်တကယ်ပင် နွေးထွေးပျော့ပျောင်းခဲ့ဖူးပါသည်။

(၂)

တစ်ရက်တွင် အနည်းငယ်ကျန်ရှိနေသည့် ကျွန်တော့်မိတ်ဆွေစစ်တချို့ထဲမှ ကျူရှင်ဆရာဖုန်းမြင့်နှင့် မြို့ထဲ၌ ဆုံမိလေသည်။ အကူအညီ တောင်းခြင်း၊ စပ်စပ်စုစုမရှိခြင်းနှင့် သိုသိပ်စွာနေထိုင်တတ်ခြင်းတို့ကြောင့် ကျောင်းတုန်းကတည်းကပင် ကျွန်တော်နှင့် စည်းဝါးကိုက်ညီခဲ့သူတစ်ယောက် ဖြစ်၏။

“ငါ အခု နိုင်ငံခြားသင်္ဘောလိုက်မလို့ လုပ်နေတယ်ကွ။ အမေ့ဘက်က ဦးလေးတစ်ယောက်ကူညီလို့ပေါ့… ဘ၀ဆိုတာ နောက်ဆုံးတော့ ဘုရားသခင် အလိုတော်အရပါပဲကွာ´´

ပထမအကြိမ် ဆုံကြစဉ်ကတော့ ဖုန်းမြင့်သည် ကျူရှင်ဆရာလုပ်မည်ဟု ပြောခဲ့သည်။ နောက်နှစ်ဝက်လောက်မှာပဲ သူ့ကျူရှင်အောင်မြင်နေခြင်းအား တစ်ဆင့်စကားဖြင့် ကြားသိခဲ့ရပါသည်။ ကျွန်တော်သည် ကျောင်းပြီးကတည်းက ဘာအလုပ်မှ ရေရာစွာ မလုပ်ကိုင်ဖြစ်ပဲ အရာရာကိုသာ ယုံကြည် မှု လျော့နည်းလာခဲ့လေသည်။ ထိုကိစ္စသည် ရောဂါပိုးတစ်မျိုး ဖြစ်သည်ဆိုလျှင် ယဉ်နွဲ့ (ကျွန်တော့် ကဗျာစာအုပ်များကို လုဖတ်တတ်သော ကောင် မလေး) ကိုလည်း ထိုရောဂါ ကူးစက်နေနိုင်ပါသည်။

“ရှင့်ရဲ့ ရုပ်တုဆန်ဆန် မျက်နှာပေါ်က လျှို့ဝှက်ချက်တွေကို ကျွန်မ တွေ့ရှိနေရပြီ´´

ကျွန်တော်ကတော့ ယုံကြည်မှု၏ လျှို့ဝှက်ချက်ကို ကဗျာစာအုပ်တွေထဲ၌ ရှာဖွေနေခဲ့ပါသည်။ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အတိတ်တစ်ခု ရှိခဲ့ဖူးသည် ကို ယုံကြည်ပါသည်။ ရင်ဘတ်ဘယ်ဖက်ထောင့်မှာ အဲဒီအကြည့်တွေ တိတ်တခိုးသိမ်းဆည်းထားကြောင်း ယုံကြည်ပါသည်။ မည်သူမျှ မတွေ့ မမြင်ခင်မှာ ပုပ်သိုးပျက်စီးသွားသော ရွက်ပုန်းသီးတစ်လုံး၏ ဘ၀ကိုလည်းယုံကြည်ပါသည်။ ကံတရား၏ ခါထုတ်ငြင်းဆန်မှုအောက်က ကွဲကွာသွား ရသော မိသားစုဘ၀တွေရှိကြောင်း ယုံကြည်ပါသည်။ ပြည့်စုံကြွယ်ဝစွာဖြင့် ခေါင်းငုံ့နေရခြင်းများအားလည်း ယုံကြည်ပါသည်။ ကျွန်တော်သည် ယုံကြည် မှု၏ လျှို့ဝှက်ချက်အား ကဗျာစာအုပ်တွေထဲတွင် ကာလကြာမြင့်စွာ ရှာဖွေနေခဲ့၏။

စကြ၀ဠာတွင်းနက်ကြီးများ တည်နေပုံကို ကျွန်တော် နားမလည်ပါ။ ထို့ကြောင့် စကြ၀ဠာအကြောင်း ပြောဆိုသည့် စကားဝိုင်းများတွင် ကျွန်တော် ဘယ် တုန်းကမှ မပါဝင်ခဲ့ဖူးပါ။ နယူတန်၏ အင်တီဂရယ်၊ ဒီဖရန်ရှယ် သင်္ချာတွက်နည်းများကိုလည်း နားမလည်ပါ။ ထို့ကြောင့်လည်း ကျွန်တော်သင်္ချာ ဘာသာဖြင့် တက္ကသိုလ်ဒုတိယနှစ် ကျရှုံးခဲ့ရသည်။ မိဘမေတ္တာကိုတော့ အတန်ငယ် နားလည်သလိုလို ရှိသည်။ ဒါကလည်း သားမိုက်ဖြစ်ဖူးမှ သိနိုင်မည့် အသိဖြစ်၏။ ကျွန်တော် နားမလည်သည့်ကိစ္စရပ်များအပေါ် ကျွန်တော်ယုံယုံကြည်ကြည်နှင့် မဖြေရှင်းတတ်သည်မှာ သဘာဝကျပါသည်။ နားလည်မှု ကိစ္စရပ်များတွင် ယုံကြည်ချက်တွဲစပ်နေကြောင်း ကျွန်တော် စဉ်းစားမိသောအခါ…ကျွန်တော် ယုံကြည်မှုမရှိသည်မှာ ထိုယုံကြည်ခြင်း များပင် ဖြစ်လေ သည်။

(၃)

“ကိုယ်က ကိုယ့်ဘ၀ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုကို စောင့် မျှော်နေတာ လို့…. ယုံကြည်ရတာပဲ´´

ယဉ်နွဲ့ကို ကျွန်တော်မပြောပြဖြစ်ခဲ့သော စကားဖြစ်သည်။ ထိုစဉ်က ထိုစကားပြောရမည့်အစား ပထမအကြိမ်အဖြစ် သူမကို ကျွန်တော် ခိုးနမ်း ခဲ့ပါသည်။ သဘာဝတရား၊ ကြည်နူးထိတွေ့မှုနှင့် ချစ်ခြင်းမေတ္တာဆိုသည်မှာ ယုံကြည်ဖို့ထက် ခံစားဖို့သာ ပိုလိုအပ်ကြောင်း သူမရော ကျွန်တော်ပါ စောစောပိုင်းက တည်းက သဘောပေါက်ထားကြပြီးဖြစ်ပါသည်။

“လူဆိုတာ ဘုရားသခင်က ကိုယ့်ကို ဘာပေးလိုက်တယ်ဆို တာ သိဖို့လိုတယ်လို့ ကျွန်တော်ခံယူထားတယ်´´ဟု ကဗျာဆရာ မောင်ချောနွယ် က ပြောဖူးခဲ့ပါသည်။ “ဘ၀ဆိုတာ နောက်ဆုံးတော့ ဘုရားသခင်အလိုတော် အရပါပဲကွာ´´လို့ ပြောခဲ့သော ကျွန်တော့်မိတ်ဆွေ ကျူရှင် ဆရာဖုန်းမြင့် တစ်ယောက် ယခုအခါ ကမ္ဘာ့မြေပုံရဲ့ မည်သည့် နေရာသို့ ရောက်ရှိနေပါသနည်း။

ယဉ်နွဲ့ဆိုသော ခပ်လှလှကောင်မလေးကတော့ ကျွန်တော့်ဆီမှ ရောဂါပိုးတစ်မျိုး ကူးစက်ခြင်းခံနေရသော်လည်း သူမတွင် ထိုရောဂါကို ခုခံကာကွယ်နိုင် သည့် ကိုယ်ခံအားနည်းလွန်းနေသေးကာ သူမအား ကျွန်တော့်လို လေလွင့်စက္ကူတစ်ရွက် မဖြစ်စေချင်ကြောင်း တစ်ချိန်ချိန်တွင် သူမ ယုံကြည်အောင် တိတိကျကျ ကျွန်တော်ပြောပြရပါလိမ့်မည်။

သော့ခတ်ထားသော တိမ်တိုက်တစ်ခုရှိနေသည်ကို သင်ယုံကြည်ပါသလား။ မတော်တဆဖြစ်မှုတစ်ခုကြောင့် သော့ပွင့်သွားကာ တိမ်တိုက်ထဲမှ အငွေ့ တထောင်းထောင်းကြေကွဲမှုများ ရွာကျလာသည်ကို ယုံကြည်ပါ။ ရေမီး အစုံအလင်နှင့် နာဖျားနေသော ချစ်ခြင်းတရားများ ရွာကျလာသည်ကို ယုံကြည် ပါ။ ပြန်လည်တပ်မက်နိုင်စရာမရှိတော့သော ခရမ်းပြာရောင် ပန်းသီးပုပ်တစ်လုံး ရွာကျလာသည်ကို ယုံကြည်ပါ။ ကျိုးပဲ့ပျက်စီးနေသော စန္ဒရား အခွံတစ်လုံးနဲ့ တယောထိုးတံတစ်ချောင်း ရွာကျလာသည်ကို ယုံကြည်ပါ။ ငါပဲသိ ငါပဲတတ် လူတန်းစားတစ်ရပ် ရွာကျလာသည်ကို ယုံကြည်ပါ။ ဒါမှ မဟုတ် ဘာကိုမှ မယုံကြည်ပါနှင့်။

(၄)

ထိုနေ့က တနင်္ဂနွေနေ့ဖြစ်၍ ယခင်တနင်္ဂနွေနေ့များအတိုင်း မြို့စွန်ရှိ တောင်ကုန်းကလေးပေါ်မှနေလျက် ကောင်းကင်ပြာပြာထဲသို့ စက္ကူစွန်တစ်စင်း ကျွန်တော်လွှတ်တင်နေခဲ့သည်။ (ကျွန်တော်၏ `ယုံကြည်မှုလိပ်ပြာ´ဟူသော ကဗျာတစ်ပုဒ်ကိုလည်း ထိုရက်များအတွင်းက စတင်ရေးဖွဲ့နေခဲ့ပါသည်။) စက္ကူစွန်လေးကို ကြိုးအဆုံးလွှတ်တင်ပြီးသည့်အခါ ကျွန်တော်သည် ရစ်ဘီးတွင် နောက်ဆုံးကျန်ရှိချည်နှောင်ထားသော ကြိုးစအား အခါတိုင်းလို ပင် ဖြတ်တောက်ပစ်လိုက်ပါသည်။ အရံအတားကင်းမဲ့သွားသော အဝေး ကောင်းကင်မှ စက္ကူစွန်လေးကို ကြည့်ရင်း ကျွန်တော့်စိတ်ကူးများသည်လည်း လွတ်လပ်လို့ ရှိနေပါသည်။

ကောင်းကင်ပြင်ရဲ့ အမြင့်ဆုံးနေရာသို့ လွှတ်တင်ပြီးမှ ကြိုးလွှတ်ခြင်းခံလိုက်ရသော စက္ကူစွန်တစ်စင်း၏ လွတ်လပ်ခြင်းသည် ပြီးပြည့်စုံသော လွတ် လပ်ခြင်းပင်ဖြစ်ပါသည်။ ကောင်းကင်ပြင်တွင် တစ်ခဏမျှသာ လွတ်လပ်ခွင့်ရပြီး ပြန်လည်ရုပ်သိမ်းခြင်းခံလိုက်ရသော စက္ကူစွန်လေးများ၏ ဘ၀သည် လှပလွတ်လပ်ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ကျွန်တော် မည်သည့် အခါကမှ မယုံကြည်ခဲ့မိဖူးပါ။

(၅)

“ကျွန်မ ရှင်နဲ့တွေ့တဲ့အခါ ပျော်ရွှင်တယ်။ လွတ်လပ်တယ်။ ပြီးတော့ သူတို့ကွယ်ရာမှာ… သူတို့ယုံကြည်တဲ့ အရာတော်တော်များများကို ရှင့်လိုပဲ ဆန့်ကျင်ရတာ ကျေနပ်တယ်´´

“မင်းဟာ ကိုယ်နဲ့တွေ့တာ သိပ်စောလွန်းနေပါသေးတယ်… တကယ်တော့ မင်းက ကိုယ့်ကိုသဘောကျတာ မင်းမိဘတွေရဲ့ အချုပ်အချယ်အောက် ကနေ ရုန်းထွက်ချင်နေတဲ့ မသိစိတ်ကြောင့်ပဲ´´

ယဉ်နွဲ့မိဘများသည် အရာရာကို ငွေဖြင့်ပေးဝယ်၍ရသည်ဟု အယူရှိကြသည့် တခြားသော ပိုက်ဆံရှိသူတွေအတိုင်း သူတို့သမီးကို အကောင်း ဆုံးကျောင်းမှာ ထားပြီး အကောင်းဆုံးစည်းကမ်းများနှင့် နေစေကာ အချိန်တန်လျှင် ပြင်ပနိုင်ငံတစ်ခုသို့ လွှတ်ရန်အထိ စနစ်တကျ စီစဉ်တွက် ချက်ထား ကြပြီးဖြစ်၏။ သူမ၏ ဘ၀သည် အိပ်ချိန်ကလွဲလျှင် ပုံသေဇယားကွက်ထဲမှာသာ နေထိုင်ကြီးပြင်းခဲ့ရသည်။ တစ်ဦးတည်းသော သမီးဖြစ်သည့် သူမ အတွက် ဇယားကွက်တွေက တစ်ခုပြီးတစ်ခု။ သူမတက္ကသိုလ်ပထမနှစ်မှာ အိမ်က သူဌေးသားမျက်နှာရူးတစ်ယောက်နှင့် စေ့စပ်ပေးသည်။ သူမနှင့် စေ့ စပ်ပေးသော သူဌေးသားဆိုသူသည် သူမနှင့်တစ်ကျောင်းတည်း အတူတက်နေတော့ ပိုဆိုးသည်။ ထိုအချိန်မှစ၍ သူမလည်း လောကကို တစ်စတစ်စ ဆန့်ကျင်တတ်လာခဲ့သည်။ သူမ ဒုတိယနှစ်မှာ အပေါင်းအသင်းတချို့ဖြင့် ကျောင်းပြေးပြီး ရုပ်ရှင်ကြည့်တတ်လာသည်။ ငါးမျှားတတ်လာသည်။ လိုင်းကားတိုးစီးတတ်လာသည်။ နောက်… ကျွန်တော်နှင့် ဆုံတွေ့ခဲ့သည်။

“သမီး… ဘုရားသခင်ပြီးရင် လူတွေကိုးကွယ်ကြတာ ငွေပဲ… ဖေဖေတို့ထက် ပြည့်စုံတဲ့ မောင်ကျော်သက်တို့ မိသားစုထဲ သမီးဝင်ရမယ်… အဲဒီ့အတွက် သမီး မောင်ကျော်သက်ကို လက်ထပ်ရလိမ့်မယ်´´

သူမ ပထမအကြိမ်ကျောင်းပြေးခြင်းကို သိရှိပြီးနောက် သူမ ဖခင်ပြောခဲ့သော စကားဖြစ်သည်။ သူမက ကျွန်တော်နှင့် သိကျွမ်းပြီးနောက်ပိုင်း ထိုအဖြစ် အပျက်များကို ခူကောင်တစ်ကောင်ကို ကိုင်ထားရသူလို ရွံရှာစွာ ပြောပြခဲ့၏။ ကဗျာဆရာမောင်ချောနွယ်၊ ကျူရှင်ဆရာဖုန်းမြင့် (သို့မဟုတ်) သင်္ဘော သားဖုန်းမြင့်၊ ယဉ်နွဲ့ဖခင် အားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြပုံရသည်။ ဘုရားသခင်က ကိုယ့်ကို ဘာပေးသလဲ သိရမည်ဆိုသူ၊ ဘ၀ဆို တာ နောက်ဆုံးတော့ ဘုရားသခင် အလိုတော်အရလို့ ဆိုသူ၊ ဘုရားသခင်ပြီးရင် လူတွေ ကိုးကွယ်ကြတာ ငွေပဲလို့ ဆိုသူ၊ ထိုသူတွေအားလုံးကြားတွင် ကျွန်တော်သည် ဘုရား သခင်မေ့လျော့နေသော ဇာတ်ကောင်တစ်ဦး ဖြစ်ပုံရသည် ဟု ယုံကြည်မိသည်။

(၆)

ငယ်ငယ်က နားထောင်ခဲ့ရသော အိပ်ရာဝင်ပုံပြင်တွေထဲတွင် ကျွန်တော်သည် ဓားတစ်လက်ကို ကိုင်စွဲ၍ ဗူးပင်ကြီးများကို ရှင်းလင်းကာ ငှက်ကြီး ကို နှိမ်နင်းရသည့် သူရဲကောင်းမျိုးဖြစ်သည်။ ကလေးချင်းဆော့ကစားသည့်အခါ ကြီးနိုင်ငယ်ညှင်းဝါဒကို မုန်းတီးပြီး မဟုတ်မခံချင်စိတ်ရှိသော ကလေး ငယ်တစ်ယောက်မှာ ကျွန်တော်ဖြစ်သည်။ ကျွန်တော် ဆယ်ကျော်သက် အရွယ်ရောက်လာတော့ နိုင်ငံလက်ရွေးစင်ဘောလုံးသမားတစ်ယောက် ဒါမှ မဟုတ် အောင်မြင်သည့် အင်ဂျင်နီယာတစ်ယောက် ဖြစ်ရမည်ဟု ယုံကြည် မိခဲ့သည်။ အခုတော့…

အခုတော့ အဲဒီ့ယုံကြည်မှုတွေ ဘယ်ရောက်သွားပြီလဲ။

ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တခုတ်တရ ဖန်ဆင်းအပ်သော အလင်းဖန်လုံအိမ်ကလေးတစ်လုံးအား ချစ်သူရဲ့မွေးနေ့သစ်တွင် အကြင်နာ လက်အ စုံဖြင့် ဆက်သပါမည်။ သို့သော် ကျွန်တော်ငယ်ငယ်ကလို စိတ်ကူးယဉ်လို့ မရတော့။ ကျွန်တော်နှင့် သိပ်မရင်းနှီးသော်လည်း အဲဒီကောင်ကျွေးသော ထမင်းကို ဆာဆာနှင့် စားပစ်လိုက်ခဲ့သည်။ ကျွန်တော်ငယ်ငယ်ကလို မရှက်တတ်တော့။ ဂျွတ်တက်နေသည့် ဦးနှောက်တွေအောက်တွင် ရာသီပေါင်း များစွာ ကျွန်တော်ဝပ်ဆင်းနေရ၏။ နောက်တော့ အဲဒီ့ကောင်ရဲ့ လေးယောက်မြောက်ညီက ကျွန်တော့်ကို တင်တင်စီးစီး ဆက်ဆံသည်။ ကျွန်တော် မဂ္ဂဇင်းတိုက်များသို့ စာမူပို့သောအခါ တချို့မဂ္ဂဇင်းတိုက်များက ကျွန်တော့်လို ပုရွတ်ဆိတ်ကလောင်လေးများအား အသွင်အပြင် အပြုအမူ အပြောအဆို အားဖြင့် အထက်စီးမှ ဆက်ဆံတတ်ကြ၏။ အနည်းစုသော မဂ္ဂဇင်းတိုက်များကတော့ စာမူပို့သူကို တူတူတန်တန် ဆက်ဆံကြပါသည်။ သို့ရာတွင် ကျွန်တော်သည် ထိုကိစ္စတွေကို ငယ်ငယ်ကလို နာကျင်ရမှန်းမသိတော့….။

ပိုးကိုက်နေသည့် ပန်းသီးတစ်လုံးကို ခွဲလိုက်သောအခါ ချိုမြိန်မှုကင်းမဲ့နေသော ယုံကြည်ခြင်းများကို တွေ့မြင်ရလေ၏။

(၇)

မြို့ကြီးတစ်မြို့လုံး နေရာအနှံ့ ကံ့ကော်ပန်းများပွင့်ပြီးနောက်တစ်နေ့တွင် ယဉ်နွဲ့နှင့်ကျွန်တော် ပန်းဆိုးတန်းသို့ ကဗျာစာအုပ် အ၀ယ်ထွက်ခဲ့ကြသည်။ ဤသည်မှာ `ဒြပ်မဲ့´လက်ဖက်ရည်ဆိုင်မှနေ၍ ပထမဆုံးအဖြစ် ကျွန်တော်တို့ နှစ်ယောက် အတူတွဲပြီး စာအုပ်ဝယ်ကြခြင်းလည်းဖြစ်သည်။

ရာသီဥတုသာယာသောနေ့ဖြစ်သောကြောင့် မြို့လမ်းမကျယ် ကြီးများပေါ်တွင် ယာဉ်အမျိုးမျိုး၊ လူအမျိုးမျိုး ထူထပ်စွာ သွားလာလှုပ်ရှားနေကြ တာ မြင်နေရသည်။ သူမကတော့ ဧရာမစာအုပ်ပုံကြီးတွေကို ငေးနေရင်း အပြစ်ကင်းစင်စွာ ပျော်မြူးသွက်လက်နေပုံရ၏။ “လာ… လာ… လမ်း ဟိုဖက် ကူးကြရအောင် ဟိုဖက်မှာ ပိုများတယ်´´သူမက ပြောပြောဆိုဆို လမ်းမပေါ် ပြေးဆင်းသွားသည်။ ထိုစဉ်မှာပင် လမ်းပေါ်သို့ တစ်ဖက်မှ ကွေ့ချလာ သည့် ကားတစ်စင်း..ရိပ်ခနဲ ကျွန်တော် လှုပ်ရှားလိုက်သည်။

“ဒုန်း´´

နှင်းမြူတွေ ကြားထဲ ကျွန်တော်ရောက်နေသည်။ နှင်းမြူတွေက ချက်ချင်းနီသွား၊ အနီရောင် ရိုးသားမှုတစ်ခု၊ မနေ့က ပွင့်ခဲ့တဲ့ ကံ့ကော်တွေ၊ နားထဲ မှာ လေတွေ… လေတွေ… တ၀ူးဝူး၊ ခေါင်းက တဆစ်ဆစ်နဲ့၊ နာကျင်မှုလား၊ လက်တစ်ဖက်၊ ဗလုံးဗထွေးစကားသံများ တိုးရာမှကျယ်၊ ကျယ်ရာမှ တိုး။ နေခဲ့ပါ။ လိုက်မသွားပါနဲ့၊ မဟုတ်ဘူး၊ ဒါ မဟုတ်ဘူး၊ အား။

“ရှင် သတိရလာပြီလားဟင်…´´

တစ်ခါက ကျွန်တော်ကိုယ်တိုင် မိန်းမပီသတဲ့အသံလို့ ပြောဖူးခဲ့သည့် အသံတစ်ခုကို နီးကပ်စွာ ကြားရသည်။

“ရှင်ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ… ရှင်ဘာဖြစ်လို့… ကျွန်မ ကိုယ်စား ၀င်လိုက်ရတာလဲ… ရှင်နဲ့စာရင်… ကျွန်မပဲ ဖြစ်သင့်တာ လေ.. အို.. ရှင်.. ရှင်ရယ်´´

ကျွန်တော့်ခေါင်းကို ဖေးမပေးထားသော သူမလက်ရဲ့ အပွေ့ကို သိနေသည်။ ကျွန်တော့်ကိုယ်ပေါ်မှ စိမ့်ထွက်ပူနွေးနေသော အရာများကို သွေးဟု ကျွန်တော်ယုံကြည်သည်။

“ညီမနားထောင်နော်.. ကိုယ်… ကိုယ်လေ… (ဒီနေရာ မှာ ကျွန်တော် ချောင်းတစ်ချက်နှစ်ချက် ဆိုးသင့်မှန်း သိသော်လည်း ခပ်ညံ့ညံ့ ပြဇာတ်တစ်ပုဒ် ကနေခြင်းမဟုတ်ကြောင်း ချက်ချင်းပဲ အမှတ်ရမိသွား၏) ကိုယ်…. အခုပဲ… တွေ့…ပြီ´´

ဘေးဘီဝဲယာမှ အုံဆိုင်းညို့မှိုင်းလှုပ်ရှားနေကြသော လူအုပ်ဆီမှ စကားသံမျိုးစုံကို ကျွန်တော်ကြားနေရသေးသည်။ ကျွန်တော့်ခန္ဓာကိုယ်မှ ဖျပ်ခနဲဖျပ်ခ နဲ ခုန်လှုပ်နေသည့် ၀ိညာဉ်အရိပ်သည် မျက်နှာချင်းဆိုင်လေထု ထဲ၌ တလွင့်လွင့်ဝဲပျံကာ နေသည်။ ကျွန်တော့် တစ်ကိုယ်လုံးသည် နောက်တစ်ကြိမ် မနာကျင်နိုင်တော့သည့်အလား နာကျင်လွန်းလျက်ရှိ၏။

“အို… ရှင် စကားသိပ်မပြောနဲ့လေ´´

“ကိုယ် အမြဲတမ်းရှာဖွေနေတဲ့… အရာလေ´´

`ဘာကိုလဲ၊ ရှင်ဘာကို တွေ့တာလဲကွယ်´´

“... ယုံ…ကြည်…မှု´´

ယုံကြည်မှု ဟုတ်လား´´

သူမက ကျွန်တော့်ပြောစကားကို အံ့အားသင့်သွားသလို သံယောင်လိုက် ရေရွတ်လိုက်လေသည်။

လွန်းဆက်နိုးမြတ်

ဆံပင်အလယ်ခွဲနဲ့ နက္ခတ် ၀တ္ထုတိုစု(တာရာမင်းဝေနှင့်တစ်ခြမ်းစီ)၊ဖက်ရှင်၊ ဇန်န၀ါရီ ၂၀၀၇

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဖေစိုးအောင်

သတင်းစာကြေညာဝတ္ထု

သတင်းစာကြေညာဝတ္ထု

(၁)

ဇာထွန်း

                ကလေးစိတ်ထိခိုက်နေတယ်။ အမြန်ပြန်လာပါ။

                                                                                အစ်ကိုမင်းဟန်

(၂)

နေ့စဉ်ထုတ်သတင်းစာများတွင် အဆိုပါကြေညာသည် ရက်သတ္တနှစ်ပတ်ဆက်တိုက် ပါရှိလာခဲ့ပါသည်။ သတင်းစာများတွင် ယခုလို ကြေညာများ မကြာခဏပါရှိတတ်ခြင်းမှာ အဆန်းမဟုတ်သော်လည်း ကျွန်တော်သည် ဤကြေညာအား ဘာကြောင့်မှန်းမသိဘဲ တွေ့တွေ့ချင်းမှာပင် စိတ်ဝင်စားသွားမိပါသည်။ ကြေညာမှာ သတင်းစာ၏ အလျဉ်းသင့် သောနေရာများတွင် ရက်သတ္တနှစ်ပတ်ဆက်တိုက်ဖော်ပြပါရှိခဲ့ခြင်းကလည်း စိတ်ဝင်စားစရာဖြစ်နေသည်။ အများအားဖြင့် နေ့စဉ်ထုတ်သတင်းစာများတွင် ယခုလို နေ့စဉ်ရက် ဆက်ပါရှိတတ်သော ကြေညာများမှာ စီးပွားရေးလုပ်ငန်းကြေညာများသာ ဖြစ်နေတတ်၏။ နေ့စဉ်ထုတ်သတင်းစာ ဖတ်ရှုသူတစ်ယောက်အနေဖြင့် နေ့စဉ်ပြောင်းလဲနေသော ကြေညာများကို  မြင်တွေ့ရဖန်များလွန်းသည့်ကြားထဲမှ ဤကြေညာလေးသည် မပြောင်းမလဲပါရှိနေခြင်းကလည်း ကျွန်တော်၏ စိတ်ဝင်စားမှုဒီဂရီကို မြင့်တက်လာစေပါသည်။ ကြေညာပါစာသားမှာ အထက်က ဖော်ပြခဲ့သည့်အတိုင်း ထူးထူးခြားခြား ဆွဲဆောင်မှု ရှိလှသည်တော့ မဟုတ်ပါ။ သာမန်ရေးရိုးရေးစဉ် တိုတိုတုတ်တုတ်မျှသာဖြစ်၏။

(၃)

ကြေညာပါ စာသားအရ အဓိပ္ပာယ်မှာ အင်မတန်ပဲ ရှင်းလင်းလွန်းလှပါသည်။ ဇာထွန်းဟုအမည်တွင်သော လူတစ်ယောက်ကို သူ (ဇာထွန်း) ၏ အစ်ကိုဟု ယူဆရသော မင်းဟန် အမည်ရှိ လူတစ်ယောက်မှ အမြန်ပြန်လာစေလိုခြင်းဖြစ်၏။ ပြန်လာစေလိုသည့် အကြောင်းမှာ ကလေးစိတ်ထိခိုက်နေ၍ ဖြစ်သည်။ ရှင်း၏။ သို့ရာတွင် ဤသည်မှာ ကြေညာ စာသားအရ ရှင်းလင်းမှုဖြစ်ပြီး စဉ်းစားဆင်ခြင်ခြင်းနှင့် ယုတ္တိဗေဒအရတွင်မူ ဤကြေညာစာသားသည် ပြီးပြည့်စုံသော ရှင်းလင်းမှုဖြစ်ရန် မလုံလောက်ပါ။

ဇာထွန်းဆိုတာ ဘယ်သူလဲ။ ဇာထွန်းကတော့ ဇာထွန်းပဲဖြစ်သည်။ သို့ရာတွင် ဇာထွန်းသည်အဖိုလား၊ အမလား လိင်ခွဲခြားမပြထားပါ။ ထို့အပြင် ဇာထွန်းဆိုသည့်အမည်ကိုယ်၌ မှာပင် ပြဿနာတစ်ခုက အသင့်ရှိနေသည်။ တခြားမဟုတ်။ ဇာထွန်းဆိုသည့် အမည်သည် အမျိုးသားရော အမျိုးသမီးရော မှည့်ခေါ်လို့ရသည့် နာမည်ဖြစ်နေခြင်းပင်။ အကယ်၍ ဇာထွန်းနေရာတွင် ဖိုးတုတ်ဟု ကြေညာရှင်က ဖော်ပြပါက ဖိုးတုတ်သည် မည်သို့မျှ အမဖြစ်စရာ အကြောင်းမရှိပါ။ မြန်မာလူမျိုးများတွင် မဖိုးတုတ်ဟု မှည့်ခေါ်သော အမျိုးသမီးရှိ မည်မထင်ပါ။ ခက်တာက ကြေညာရှင်က ဖိုးတုတ်ဟုမရေး။ ဇာထွန်းဟုရေး၏။ ထို့ကြောင့် ဇာထွန်းသည် မဇာထွန်းဖြစ်နိုင်သလို မောင်ဇာထွန်းလည်း ဖြစ်နေနိုင်သည်။ ပြီးတော့ အစ်ကိုမင်းဟန်ဆိုသူက ဇာထွန်းနှင့် မည်သို့သက်ဆိုင်တော်စပ်နေပါသနည်း။ မောင်နှမရင်းချာလား။ ညီအစ်ကိုရင်းချာလား။ ၀မ်းကွဲလား။ ချစ်သူတွေလား၊ လင်မယားလား။ စိတ် ထိခိုက်နေသည့် ကလေးကရော ဇာထွန်း၏ ကလေးလား။ အစ်ကိုမင်းဟန်၏ ကလေးလား။ နှစ်ဦးစလုံးပိုင်ဆိုင်သော ကလေးလား။ ဇာထွန်းနှင့်မင်းဟန် တစ်ဦးမှ မဆိုင်သည့် တခြားကလေးတစ်ယောက်လား။

ကလေးဆိုရာတွင်လည်း ယောက်ျားလေး၊ မိန်းကလေး ခွဲခြားမထား။ ဥပမာ- သားသား၊ မီးမီး စသဖြင့်။ ပြီးတော့ ကလေး၏ အသက် ဘယ်ရွေ့ဘယ်မျှ ဖော်ပြမထား။ ဘာပဲဖြစ် ဖြစ် ကလေးဟု ခြုံငုံဖော်ပြထားခြင်းအားဖြင့် ဇာထွန်းနှင့် မင်းဟန်တို့ထက် အသက်အရွယ် အသိဥာဏ်မှာ အတော်ကလေး ငယ်ရွယ်နုနယ်သူဖြစ်နေတာတော့ သေချာ၏။

အစ်ကိုမင်းဟန်ဆိုသူကရော ဘာကြောင့် ကလေးစိတ်ထိခိုက်တာကို အရေးကြီးကိစ္စလုပ်ကာ သတင်းစာထဲ ကြေညာထည့်ပြီး ဇာထွန်းကို အမြန်ပြန်လာစေချင်ရတာလဲ။ ဇာထွန်း ထွက်သွားလို့ ကလေးက စိတ်ထိခိုက်သွားရတာလား။ မူလကပင် စိတ်ထိခိုက်နေသည့် ကလေးကို ဇာထွန်းက ထားသွားခဲ့တာလား။ ဒီနေရာတွင် တစ်ခုစဉ်းစားစရာရှိလာတာက စိတ်ထိခိုက်နေသည့် ကလေးကို ဇာထွန်းကလွဲပြီး တခြားသူ ဘယ်သူမှ မနှစ်သိမ့်ပေးနိုင်သည့် သဘောကို တွေ့ရသည်။ ကြေညာရှင်ဖြစ်သူ အစ်ကိုမင်းဟန်ကိုယ်တိုင်တောင် တတ်နိုင်ပုံမရ။ တခြားဖက်မှလှည့်တွေးမည်ဆိုပါကလည်း အစ်ကိုမင်းဟန် သည် ကလေးစိတ်ထိခိုက်နေသည်ကို အကြောင်းပြ၍ ဇာထွန်းပြန်လာရန် တစ်ဖက်လှည့်ဖြင့် ခေါ်ခြင်း လား။ ဒါဆိုလျှင် ကလေးသည် ဇာထွန်းအတွက် အလွန်အရေးကြီးရမည်။ ဒါမှမဟုတ် ဘာကိုမှ နောက်ဆံမတင်းဘဲ ထွက်သွားသော ဇာထွန်းကိုခေါ်ယူရန် နောက်ဆုံးမျှော်လင့် ချက်ဖြင့် ကလေးစိတ်ထိခိုက်နေသည်ဟု အကြောင်းပြလိုက်ခြင်းလား။ ကလေးက တကယ်ပဲ စိတ်ထိခိုက်နေ၍ အစ်ကိုမင်းဟန်က စိတ်ပျက်လက်ပျက်ဖြစ်ကာ ဇာထွန်းကို ခေါ် လေသလား။ သေချာတာတစ်ခုတော့ရှိ၏။ ဇာထွန်းက ကလေး နားမှာ အခုမရှိ။ အဝေးတစ်နေရာသို့ ရောက်နေပြီဆိုတာပင်။

(၄)

ဇာထွန်း၊ အစ်ကိုမင်းဟန်နှင့် ကလေး။

ဤသုံးယောက်သည် တစ်ချိန်သောအခါကတော့ နေရာဒေသတစ်ခုတွင် အတူတကွနေထိုင်ပြီး နေ့ရက်များစွာကို နွေးထွေးစွာ ဖြတ်သန်းခဲ့ကြပေလိမ့်မည်။ ဇာထွန်း၏ မွေးနေ့ သော်လည်းကောင်း၊ အစ်ကိုမင်းဟန်၏ မွေးနေ့သော်လည်းကောင်း၊ ကလေး၏ မွေးနေ့သော်လည်းကောင်း တစ်ရက်ရက်တွင် ရောင်စုံဖယောင်းတိုင်များကို မွေးနေ့ရှင်မှ ငြိမ်း မှုတ်ပြီး မွေးနေ့ကိတ်ကို သူတို့အားလုံး အလုအယက် လှီးဖြတ်ကာ ပျော်ရွှင်ခဲ့ကြရပေလိမ့်မည်။ အကယ်၍ သူတို့သည် လူချစ်လူခင်များသူများဖြစ်ခဲ့ပါက ထိုအခါမျိုးတွင် သူတို့ သုံးယောက်သာမက အခြားခင်မင်သူ သူငယ်ချင်းဆွေမျိုးအနည်းအကျင်းလည်း သူတို့နှင့်အတူ ရှိကောင်းရှိနေနိုင်သေးသည်။ ဤနည်းဖြင့် နှစ်သစ်ကူးနေ့ရက်များ၊ ပျော်ပွဲရွှင်ပွဲ ရာသီများနှင့် ရိုးရာပွဲတော်ရက်များကို သူတို့ ဖြတ်သန်းခဲ့ကြနိုင်လိမ့်မည်။ တစ်ခါတစ်ရံမှာတော့လည်း လူ့သဘာဝတွေ့ကြုံရနိုင်သည့် မပြေလည်မှုလေးများကို သူတို့သုံးယောက် ရင်ဆိုင်ရနိုင်သေး၏။ ထိုအချိန်ကာလများတွင် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုလွဲကာ အနည်းငယ်သော ကတောက်ကဆဖြစ်မှုလေးများသည် သူတို့ကြားတွင် ပေါ် ပေါက်လာတတ်ဦးမည်။ ဘာပဲဖြစ်ဖြစ် ထိုစဉ်ကတော့ ထိုအခက်အခဲများကို သူတို့သည် တနည်းနည်းဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သည်ချည်းပဲဖြစ်၏။ အကြောင်းကတော့ မည်မျှ ကြီးမားသော အဆင်မပြေမှုနှင့် ရင်ဆိုင်ကြုံတွေ့ပါစေ သူတို့သည် အချင်းချင်း မခွဲခွာခဲ့သဖြင့် ၀မ်းနည်းမှုထက် ပျော်ရွှင်မှုက ပို၍များပေလိမ့်မည်။ သို့ရာတွင် အခုတော့….

အခုတော့… သူတို့သုံးယောက်အား မည်သို့သော ပယောဂ ကြီးကြီးမားမားက အခုလို တကွဲတပြားစီဖြစ်လာရန် အကြောင်းဖန်ခဲ့ လေသနည်း။ စီးပွားရေး အဆင်မပြေ၍လား။ လူမှုရေးမနိုင်ဝန်တွေကြောင့်လား။ အမှုအခင်းတစ်ခုခုပဲ တွေ့ကြုံရလို့လား။ နံဘေးမှ သွေးထိုးကုန်း တိုက်တတ်သော ပတ်ဝန်းကျင်ရှိခြင်းကြောင့်လား။ ပြဿနာအမျိုးမျိုး လုပ် တတ်သော ဆွေမျိုးတွေကြောင့်လား။ မည်သို့ပင်ဖြစ်စေ သတင်းစာကြေညာဖတ်ရှုသူများအနေဖြင့် အဖြစ်မှန်ကို သိရှိနိုင်မည် မဟုတ်ပါ။ သို့သော်လည်း ကြေညာပါစာသားကို ဖတ်ရသည်ကတော့ စိတ်မကောင်းစရာ ဖြစ်နေတာတော့ အမှန်ပင်။ အထူးသဖြင့် အသိဥာဏ်ငယ်ရွယ်နုနယ်သော စိတ်ထိခိုက်နေသည့် ကလေးအတွက် ဖြစ်သည်။

(၅)

လအနည်းငယ်ကြာမြင့်ပြီးနောက် တစ်ရက်တွင် ကျွန်တော်သည် စာအုပ်စင်ပေါ်မှ သတင်းစာအဟောင်းများကို ရှင်းလင်းနေစဉ်အတွင်း ဤကြေညာကလေးအား အမှတ်မထင် ပြန်၍ မြင်တွေ့မိလိုက်၏။ ကျွန်တော်၏ စိတ်ထဲတွင် ကာလအတန်ကြာနေရာယူခဲ့ပြီး ယခုအခါ ပျောက်ကွယ်နေပြီဖြစ်သော ဤကြေညာကလေးသည် ကျွန်တော့်အား အတွေး များစွာ ပြန်ပေးနိုင်သေးသည်ကို အံ့သြစွာ သိရှိလိုက်ရ၏။ သတင်းစာတွင် ရက်သတ္တနှစ်ပတ်ဆက်တိုက်ပါရှိပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့သော ဤကြေညာအတွက် မေးခွန်းများစွာ ကျွန်တော့်မှာ ရှိနေပါသေးသည်။ ရက်သတ္တနှစ်ပတ်နောက်ပိုင်းတွင် ဇာထွန်းသည် ကြေညာရှင်ဖြစ်သူ အစ်ကိုမင်းဟန်ထံ ပြန်လာခဲ့ပါသလား။ စိတ်ထိခိုက်နေ သည့် ကလေးကရော ပြန်၍ နေထိုင်ကောင်းသွားခဲ့ပါလား။ ဒါမှမဟုတ် ရက်သတ္တနှစ်ပတ်ဆက်တိုက် ကြေညာထည့်တာတောင် ဇာထွန်းတစ်ယောက် ပြန်မလာခဲ့သည့်အတွက် ကြေညာရှင်မင်းဟန်မှာ စိတ်မာန်လျှော့ကာ နောက်ထပ်ကြေညာမထည့်တော့ခြင်းလား။ စိတ်ထိခိုက်နေသည့်ကလေးကိုလည်း ဖြစ်လိုရာဖြစ်ဆိုကာ ပစ်ထားလိုက်ပြီလား။ ကျွန်တော့်မေးခွန်းများအတွက် အဖြေကတော့ ရှိမနေခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အများအားဖြင့် သတင်းစာကြေညာများသည် လင်မယားပြန်ပေါင်းထုတ်ခြင်း၊ သား/သမီး အဖြစ် အမွေစားအမွေခံ ပြန်လည်သတ်မှတ်ခြင်း၊ လူပျောက်ပြန်တွေ့ခြင်း စသည့် နောက်ဆက်တွဲဖြစ်ရပ်များအား ဆက်လက်ကြေညာလေ့ မရှိသောကြောင့် ဖြစ်လေ၏။

လွန်းဆက်နိုးမြတ်

Idea၊  မေ၊ ၂၀၁၀

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဧကစာချို

ဘ၀တစ်ခုရဲ့ ကမ်းပါး

ဘ၀တစ်ခုရဲ့ ကမ်းပါး

(၁)

“အလုပ်တစ်ခုခုမှ မလုပ်ရရင် ကျွန်တော် မနေတတ်သလို ဖြစ်နေတယ်´´

မိတ်ဆွေက ကြိုးညှိပြီးသား ဂစ်တာတစ်လက်ကို (မလိုအပ်ဘဲ) ကြိုးညှိရင်း ပြောလိုက်သည်။ သူကတော့ သူ့မိတ်ဆွေအသံသည် ကြွက်တစ်ကောင်မျက်နှာကျက်ပေါ် အလျင်စလို တက် ပြေးသွားသော အသံနှင့် ဆင်ဆင်တူသည်ဟု တွေးနေမိသည်။

သူတို့မြို့ကလေးပေါ် သူ့မိတ်ဆွေစရောက်လာတုန်းက အလည်သက်သက်ဟု သူထင်မိခဲ့သေးသည်။ သို့သော် အလုပ်အလွန်လုပ်သော မိတ်ဆွေသည် အလုပ်ကိစ္စတစ်ခုဖြင့် ရောက်လာ ခြင်းသာ ဖြစ်သည်။

“ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဘ၀မှာ ဘာမှကြီးကြီးကျယ်ကျယ် မလုပ်ချင်တော့ဘူး။ သူများတွေလုပ်နေတဲ့ အလုပ်တွေကိုပဲ စောင့်ကြည့်ချင်တယ်။ ရေပြင်ရဲ့ အလှကို ပကတိ အတိုင်း ထိုင်ကြည့်နေရသလိုမျိုးပေါ့။  ဒီဘ၀မှာ ငါးလည်း မမျှားချင်ဘူး။ ငါးမရလို့ ရေချိုးပြီးလည်း မပြန်ချင်ဘူး´´

သူ့ကို မိတ်ဆွေက နားမလည်သလိုကြည့်ပြီး `ခင်ဗျားကတော့ အရင်အတိုင်းပါပဲဗျာ´ဟု ပြောလေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် မိုးဖွဲလေးတွေ ကျနေတာကို သူငေးကြည့်နေ လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အရင်ကနှင့်မတူသော အခြေအနေအတွေးအခေါ်တွေ ဖြတ်သန်းသွားခဲ့တာ သူ့မိတ်ဆွေမသိ၊ သူ့မိတ်ဆွေနှင့် စတင်သိကျွမ်းစဉ်က သူသည် သက်ထားဆိုသော မိန်းကလေးဖြင့် ချစ်သူဖြစ်နေသောအချိန်၊ ရူပဗေဒဒုတိယနှစ်ကျောင်းသားဖြစ်သော သူ့အတွက် ဘ၀ပုစ္ဆာတွေက တွက်ရသိပ်မခက်ခဲသေးပေ။

နောက်ပိုင်းတွင် သူသည် မိသားစုစားဝတ်နေရေးအတွက် ဆိပ်ကမ်းတွင် ကုန်ထမ်းပေးခဲ့ရသည်။ အရက်များများသောက်တတ်ခဲ့သည်။ ချစ်သူနှစ်ယောက်တိတိ ရရှိခဲ့သည်။ (မကြာခင်ပဲ သူ့ကိုပစ် ပြေးသွားကြ၏။) နဖူးတွင် အမာရွတ်သေးသေးလေးတစ်ခု ရလာခဲ့သည်။ သူများတံတွေးခွက်ထဲ မြှပ်ချည်ပေါ်ချည် ဖြစ်ခဲ့သည်။ အမေ ဆုံးပါးသွားခဲ့သည်။

“ထောက်´´

မိတ်ဆွေ ကြိုးညှိနေသည့် ဂစ်တာမှ နှစ် ကြိုးတစ်ချောင်း ရုတ်တရက် ပြတ်ထွက်သွား၏။ မိတ်ဆွေက ဂစ်တာကို အခန်းနံရံတွင် စိတ်ပျက်လက်ပျက်မှီ ထောင်လိုက်ပြီး…

“မိုးတိတ်ရင် ကျွန်တော်တို့ မြို့ထဲသွားပြီး စာအုပ်ဝယ်ကြရအောင်ဗျာ´´

သူခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။ မိတ်ဆွေသည် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်၏။ အလုပ်အလွန်ကြိုးစားသောကြောင့် ကုမ္ပဏီ တွင် အလုပ်အများဆုံး လုပ်ရသူတစ်ယောက်လည်း ဖြစ်သည်။

ငယ်စဉ်ကတည်းကပင် ဖခင်၏ အလုပ်ထဲမှာ ၀င်ကူညီပေးခဲ့ရသဖြင့် ကလေးဘ၀ရဲ့ အားလပ်ချိန်တော်တော်များများ ဆုံးရှုံးခဲ့ရဖူးတယ်ဟု သူနှင့် သိကျွမ်းပြီးနောက်ပိုင်းတွင် မိတ်ဆွေ ပြောပြခဲ့ဖူးတာကို သူပြန်အမှတ်ရမိသေးသည်။

သူနှင့် သူ့မိတ်ဆွေ ဘယ်နေရာမှာ စတင်တွေ့ရှိခဲ့တာလဲ။ သူ သတိမရတော့။ သို့မဟုတ် သူ သတိမထားဖြစ်ခဲ့။ (ထိုနှစ်ခုစလုံး အတူတူပင် ဖြစ်၏) ဖဲဝိုင်းတစ်ဝိုင်းမှာ ဖြစ်နိုင်၏။ ပင်လယ် ကမ်းခြေတစ်နေရာမှာလည်းဖြစ်နိုင်သည်။ ပန်းဆိုးတန်းကုန်းကျော်တံတားပေါ်မှာလည်းဖြစ်နိုင်သည်။ ပြည့်တန်ဆာအိမ်တစ်အိမ်မှာ တွေ့ခဲ့တာတော့ မဖြစ်နိုင်။ (ထိုအိမ်မျိုးသို့ သူတစ် သက်လုံး မသွားခဲ့ဖူးပါ။)

ရှားပါးလှသော မိတ်ဆွေ၏ အလုပ်အားရက်ဖြစ်သည့် ယနေ့တွင် သူတို့နှစ်ယောက်ဆုံမိကြခြင်းသာ ဖြစ်သည်။ `ကြယ်စုံသစ်ပင်´အမည်ဖြင့် ဖွင့်လှစ်ထားသော စာအုပ်ဆိုင်မှ သူက `နာရီသံများနဲ့မြို့´ ဟူသော ကဗျာစာအုပ်တစ်အုပ်ကို ၀ယ်ယူခဲ့၍ မိတ်ဆွေကတော့ `စာရင်းဇယားဖြင့် နေထိုင်နည်း´ စာအုပ်ကို ၀ယ်ယူခဲ့လေသည်။

ထိုစာအုပ်ဆိုင်မှ အပြန်တွင် ထိုနေ့အတွက် သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြလေသည်။

(၂)

မိုးက ယခုရက်များတွင် သူတို့မြို့ကလေးအား မိုးစက်များဖြင့် မလှုပ်ရှားနိုင်အောင် တင်းတင်းချည်နှောင်ထား၏။ သူလည်း ကြွက်ပေါသည့် အခန်းထဲတွင် အပေါစားဝတ္ထုများဖတ်ခြင်းဖြင့် အချိန်တွေ ဖြုန်းတီးပစ် နေရသည်။

သူမွေးလာကတည်းက အဖေဆိုသူကို မမြင်ဖူးခဲ့။ အမေဆုံး ပြီးနောက်ပိုင်း သူ့တွင် ညီတစ်ယောက်နှင့် ညီမတစ်ယောက်ကျန်ခဲ့သည်။ တခြားမြို့မှ အမေ့ဘက်ကတော်စပ်သည့် ဆွေမျိုး များရှိသော်လည်း သူတို့မိသားစုနှင့် အရင်ကတည်းက ခပ်စိမ်းစိမ်းပင်ဖြစ်ခဲ့ရာ အမေရက်လည်ပြီး နောက်တွင် ဘာအဆက်အသွယ်မှ မရှိတော့ပေ။ ယခုတော့ သူ့ညီမသည် နယ်ခြားမြို့ လေးတစ်မြို့တွင် သူအိမ်ထောင်နှင့်သူ အတည်တကျဖြစ်နေပြီ။ သူ့ညီကတော့ သူ နေထိုင်ရာ ဤမြို့ကလေးမှာပင် ယောက္ခမဖြစ်သူအိမ်မှာ နေထိုင်သည်။ အတော်အသင့်ဝင်ငွေရှိသော စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးနေရသည်ဟုလည်း တစ်ခါက သူ့ဆီအလာတွင် ပြောပြသွားခဲ့၏။

သူတို့မြို့ကလေး၏ အစွန်၌ အသီးအနှံစိုက်ခင်းတွေ အများအပြားရှိရာ သူပိုင်ဆိုင်သည့် နှင်းဆီခြံသည် မြို့ကလေး၏ တောင်ဘက်ကျကျတွင် တည်ရှိသည်။ ယုံကြည်အားထားရသော စိုက်ပျိုးရေးမှူးတစ်ယောက်နှင့် လွှဲထားပြီး တစ်ပတ်မှာ နှစ်ရက်လောက်တော့ နှင်းဆီခြံ ထဲသူရောက်နေတတ်သည်။

သူသည် နိုင်ငံခြားရုပ်ရှင်အသစ်လဲလျှင် သွားကြည့်သည်။ တစ်ခါတစ်ရံ ဥပုသ်စောင့်၍ တစ်ခါတစ်ရံ နှင်းဆီခြံထဲဆင်းသည်။ သုံးနှစ်တစ်ခါလောက် သူ့ညီမရှိသော နယ်ခြားမြို့လေးသို့ ခရီးထွက်တတ်သေးပြန်သည်။ ထိုအခါမျိုးတွင် သူ၏တူ၊ တူမများအတွက် ကစားစရာလက်ဆောင်တချို့ ယူဆောင်သွားလေ့ရှိသည်။ ဤသို့ဖြင့်ပင် သူ့ဘ၀သည် ပြည့်စုံလုံလောက်ပြီဟု သူယူဆမိ၏။

(၃)

နေသာသော တစ်နေ့တွင် အလုပ်အလွန်လုပ်သော မိတ်ဆွေ နှင့်သူတွေ့မိလိုက်သေးသည်။ သို့သော် သူ့မိတ်ဆွေ အလုပ်ရှုပ်နေသောကြောင့် စကားပင် သိပ်ကြာကြာမပြောဖြစ်လိုက်ရ။ သူကသာ…

“ခင်ဗျား မပြန်ခင်တစ်ရက်တော့ ကျွန်တော့်နှင်းဆီခြံထဲ လိုက်ကြည့် လှည့်ဗျာ။ ခင်ဗျားလည်း စိုက်ပျိုးရေးဝါသနာပါတဲ့လူပဲ။ ကျွန်တော့်ဆီက ရှားပါး နှင်းဆီပင်တွေ ခင်ဗျားအပြန်မှာ ထည့်ပေးလိုက်မယ်လေ။“

မိတ်ဆွေက ကမန်းကတန်း ခေါင်းညိတ်ပြီး လက်ပြနှုတ်ဆက်သွားသည်။ ထိုနေ့က ရုပ်ရှင်ရုံတစ်ရုံတွင် မင်းသား `ရပ်ဆယ်လ်ခရိုး´ ပါဝင်သည့် ဇာတ်ကားသစ်တစ်ကားအား သူကြည့် ဖြစ်ခဲ့သည် ထင်၏။

(၄)

သူ ဆယ်ကျော်သက်အရွယ်ကတော့ ပန်းချီကို သဲသဲမဲမဲ ရေးဆွဲခဲ့ဖူးသည်။ ခံစားချက်က အရွယ်နှင့်ထပ်တူ အချိုးကျခဲ့သော ကာလတွေဖြစ်၏။ ပန်းချီ ပညာနှင့် ပတ်သက်၍လည်း သူ့မှာ ဆရာမရှိခဲ့။ ထိုအချိန်တုန်းက သူတို့ မြို့မှာရှိသော ဘုရားစောင်းတန်းများထဲမှ ဗုဒ္ဓ၀င်ဆီဆေးကားများကတော့ သူ့ပန်းချီသက်တမ်းအဦးအဖျားတွင် ပထမဆုံးနှင့် နောက်ဆုံးမြင်ဆရာ များ ဖြစ်နိုင်သည်။

ပထမဆုံးဆိုသည်က သူတို့မြို့တွင် မည်သည့်အခါမျှ ပန်းချီပြပွဲများ ပြုလုပ်လေ့မရှိသဖြင့် သူပန်းချီကားများကို ဆာလောင်လာသောအခါ ကြည့်စရာ ပန်းချီကားမရှိသောကြောင့် ဘုရား စောင်းတန်းမှ ပန်းချီကားများကသာ သူ့အတွက် စိတ်အာသာပြေရာရခဲ့ခြင်းကြောင့်  ဖြစ်သည်။ (သူတို့ မြို့မှ ပန်းချီဆရာများကလည်း ဆိုင်းဘုတ်ရေးတာလောက်သာ တွင်တွင် ကျယ်ကျယ်လုပ်ကိုင်၍ ရေးဆွဲပြီး ပန်းချီကားများမှာလည်း ရုပ်ရှင်ပိုစတာ ကြော်ငြာနှင့် တခြားခပ်ညံ့ညံ့ပန်းချီကား အနည်းငယ်သာ ရှိသည်။)

နောက်ဆုံးမြင်ဆရာဟု ဆိုရသည်မှာ ထိုဘုရားစောင်းတန်းမှ ပန်းချီကားမျိုး သူရေးဆွဲချင်တာ မဟုတ်ဟု သူ့ကိုယ်သူ သိလိုက်ပြီးကတည်းက ထိုပန်းချီကားများက သူ့စိတ်ထဲမှာ အပြီး အပိုင်ပျောက်ကွယ်သွားခဲ့ရခြင်းကြောင့် ဖြစ်သည်။

တစ်ကြိမ်တွင် သူသည် စာရေးရိက္ခာစုံဖြင့် အခန်းပိတ်ကာ စိတ်ထဲ ရှိနေသော ပန်းချီများအား တစ်လလောက် နေ့ညဆက်ကာ အစားအသောက် သတိမထားဘဲ ရေးဆွဲခဲ့သည်။ သူ့စိတ်ထဲရှိသမျှ သွန်ထုတ်ဆွဲခဲ့ခြင်း ဖြစ်သည်။ အခန်းတံခါး ပြန်ဖွင့်လိုက်တော့ မှန်ထဲက သူ့ရုပ်သည် အတော်ကလေး ပိန်ချုံးနေခဲ့ပြီ။ ရေးဆွဲပြီးသော ပန်းချီကားများအား မိုးကာသားစ ကြီးဖြင့် လွှမ်းခြုံ ထားလိုက်ကာ လုံးဝလှပ်မကြည့်ဘဲ တစ်လလောက် ပစ်ထားလိုက်သည်။

တစ်ရက်…

အဲသည် တစ်ရက်က သူ့ကိုပြောင်းလဲပစ်ခဲ့သည်။ မိုးကာသားစကြီးကို လှပ်လိုက်ပြီး သူအပန်းတကြီး ရေးဆွဲခဲ့သော ပန်းချီကားများအား ကြည့်လိုက်ရာ ကမ္ဘာ့အညံ့ဖျင်းဆုံး ပန်းချီကား များဖြစ်နေသည်ကို စိတ်မကောင်း စွာ တွေ့ရှိလိုက်ရ၏။ ထိုအချိန်မှစ၍ သူလည်း ပန်းချီ ရေးဆွဲခြင်းကို စွန့်လွှတ်လိုက်လေ တော့သည်။ သူ့အမေက `သားလေး ပြန်ကောင်းလာပြီ´ လို့ ပြောခြင်းကိုလည်း ခံခဲ့ရလေသည်။

(၅)

မနက်ခင်းများစွာ ညနေခင်းများစွာသည် သူတို့မြို့ကလေးအပေါ် အချိန်မှန် ၀င်ထွက်သွားလာလျက်ရှိသည်။ သူ့မိတ်ဆွေသည် နှင်းဆီခြံထဲသို့ သွားရန်အတွက် အလုပ်အားလပ်သော ရက်မရှိနိုင်သေး။ သူကတော့ လောကကြီးသည် သူ့မိတ်ဆွေလိုပင် အလုပ်ရှုပ်၍ သူ့လိုပင် ပေါ့ပါးသည်ဟု တွေး မိသည်။

“ခင်ဗျား ဒီအသက်အရွယ်နဲ့ဆိုရင် ဘ၀လက်တွဲဖော်တစ်ယောက် ရှိနေသင့်ပြီ´´ဟု သူနှင့်တွေ့သည့်အခါတိုင်း မိတ်ဆွေအတော်များများက ပြောကြ၏။ သူ စဉ်းစားကြည့်သောအခါ ဘ၀အဖော်ဆိုတာ လူတွေသတ်မှတ်ထားသော ပညတ်တစ်ခုပင်ဖြစ်သည်ဟု အဓိပ္ပါယ်ရလာသည်။ တရားသဘောနှင့်ဆိုလျှင်လည်း သူ့အတွက် ပါရမီဖြည့်ဖက်တစ်ယောက်ဆိုတာ သိပ် မလိုအပ်လှဟု သူထင်မြင်သည်။ မေတ္တာတရားနှင့်ဆိုရလျှင် သူ့တစ်သက်တွင် မိန်းမနှစ်ယောက်အား အမြတ်တနိုးချစ်ခဲ့ဖူးပြီ။ သူ့တွင် မိန်းမတွေကို ချစ်ဖို့ အချစ်မကျန်တော့၊ ဒါမှမဟုတ် နောက်ထပ်မိန်းမတစ်ယောက်ကို သူမချစ်ရဲတော့။

သူသည် နှင်းဆီပွင့်များကို ချစ်သည်။ ဘုရားရင်ပြင်တော်ပေါ်က ခေါင်းလောင်းသံလွင်လွင်ကို ချစ်သည်။ အမေ့ကို ချစ်သည်။ (ဟိုမိန်းမ နှစ်ယောက်နဲ့တော့ ဘယ်လိုမှ မတူနိုင်) ပန်းခြံထဲ က မြက်ခင်းစိမ်းစိမ်းနှင့် ရေကန်ပြာပြာကို ချစ်သည်။ အမှန်တရားကို ချစ်သည်။ ထိုအရာများကသာ သူ၏ ပါရမီဖြည့် ဖက်များဟု သူမှတ်ယူထား၏။

ထိုသို့ဖြင့် သူသည် နှင်းဆီပွင့်များနှင့် အမေ့ဓာတ်ပုံနှင့် မြက်ခင်းစိမ်းစိမ်း၊ ရေကန်ပြာပြာနှင့် ခေါင်းလောင်းသံလွင်လွင်နှင့် အမှန်တရားနှင့် နေထိုင်ခဲ့သည်။

(၆)

နောက်ဆုံးတော့ သူပိုင်ဆိုင်သော နှင်းဆီခြံထဲသို့ မိတ်ဆွေသည် သူတို့မြို့ကလေးမှ ပြန်သွားသော အချိန်အထိ မရောက်ဖြစ်လိုက်။ သူ့မိတ်ဆွေသည် မြို့ကလေး၌ လအတန်ကြာ နေထိုင်သွားခဲ့၏။

“ပြန်ပြီဗျာ… နောက်တစ်ခေါက်မှပဲ ခင်ဗျားဆီ အေးအေး ဆေးဆေးလာခဲ့ဦးမယ်။ ဟိုမှာလည်း အလုပ်ကိစ္စတွေ မပြတ်သေးဘူး´´

ရထားမထွက်ခင် မိတ်ဆွေနောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။ ဂစ်တာကြိုးတစ်ချောင်း ရုတ်တရက်ပြတ်ထွက်သွားပုံမျိုး မိတ်ဆွေအား သူပြုံးပြလိုက်မိသည်။

(၇)

သူ့မိတ်ဆွေပြန်သွားပြီး နောက်တစ်နေ့ နံနက်စောစောတွင် သူတို့ မြို့ကလေးပေါ်သို့ ဆောင်းရဲ့ အငွေ့အသက်အဖြစ် နုစိုသော နှင်းစက်တွေ ကျဆင်းလာခြင်းကို ပြတင်းတံခါးဖွင့်၌ သူမြင်တွေ့လိုက်ရလေသည်။

လွန်းဆက်နိုးမြတ်

ချယ်ရီ၊ ဇန်န၀ါရီ၊ ၂၀၀၄

ငါးရိုးပင်လယ်ဝတ္ထုတိုစု

ပန်းချီ-ဖေစိုးအောင်

ကံ့ကော်ရောင်လွမ်းချင်း

                ကိုယ့်အခန်း ပြတင်းပေါက်ကို ၀ုန်းခနဲဖွင့်လိုက်ရာ လမ်းမပေါ်တွင် မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက် ဆိုင်များနှင့် လျှောက် နေကျလမ်းကို လျှောက်နေ ကြသော ခပ်ဟောင်းဟောင်းလူများကို မြင်တွေ့ရ၏။

                  ဘ၀ဆိုသည်မှာ လူတွေအတွက် နံနက်စောစော ကန်တော်ကြီးဆီ လမ်းလျှောက်ထွက်ဖို့ ဖြစ်သည်။ တန်ဖိုးကြီး နိုင်ငံခြား ခွေးတစ်ကောင် ၀ယ်ယူဖို့ ဖြစ်သည်။ ကော့တေလ်အရက်တစ်ခွက် သောက်ဖို့ ဖြစ်သည်။ ဂန္ထ၀င်သီချင်းကြီးတွေ နားထောင်ဖို့လည်း ဖြစ်သည်။ကိုယ့်အတွက်တော့ ဘ၀ဆိုတာ မမြင်ရသော ဓားသွားတွေကြား ကိုယ့်ဝိညာဉ်တစ်ခုလုံး ၀င်ရောက်“က”ပြနေသလို ဖြစ်နေတာ ကြာခဲ့ပါပြီ။

                တောင်ပံတစ်ဖက်ဖြင့် ပျံသန်းနေသော အ၀ါရောင်အိပ်မက်ထဲတွင် သူမကို မြင်ရ၏။ ကိုယ့်လက်မှာ ပတ်ထားသော နာရီစက္ကန့်သံတစ်ချက်ချက်သည် ကိုယ့်နားနှစ်ဖက် မှတစ်ဆင့် နှလုံးသားထဲသို့ ကျိန်စာတွေလို ပျော်ဝင်စီးဆင်းသွားကြသည်။ ကိုယ်ဟာ နာရီတွေကို မုန်းတီးဖူးပါသလား။

          ကိုယ်ဟာ နာရီတွေကို မမုန်းတီးဖူးပေမယ့် အချိန်ကာလဆိုတာကိုတော့ ကိုယ်မုန်းတီးနာကျည်းသည်။ ထိုအချိန်ကာလဆိုသော  ပညတ်တရားထဲမှာ ကိုယ်ဘယ်လောက် ကြာကြာ မျှော်လင့်ရှင်သန်နေရမှာလဲ။

               အနက်ရောင် ကျွန်းသားခေါင်းတလားထဲတွင် သူမသည် ကံ့ကော်တစ်ပွင့်ပန်ဆင်လျှက် လဲလျောင်းနေသည်။ (သို့မဟုတ်) သေဆုံးနေသည်။ သူမနှင့်အတူ သူမပန်ဆင် ထားသော ကံ့ကော်တစ်ပွင့်သည်လည်း သေဆုံးသွားခဲ့၏။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့်နှင့်အတူ ကိုယ့်နှလုံးသား သွေးခုန်နှုန်းများသည်လည်း လူမသိ သူမသိ သေဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

                လမ်းမပေါ်တွင် မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက်ဆိုင်များနှင့် လျှောက်နေကျလမ်းကို လျှောက်နေကြသော ခပ်ဟောင်း ဟောင်းလူများကို ကြည့်ကာ ဘာရယ်မဟုတ်ပါဘဲ ကိုယ် ကျယ်ကျယ်လောင်လောင် အော်ဟစ်ရယ်မောလိုက်မိသည်။

                သူမသေဆုံးပြီးကတည်းက ကိုယ့်ရဲ့ နွေဦးပေါက်ရာသီတွေဟာ ခြောက်သယောင်းပျင်းရိစရာ ကောင်းလွန်းလှသည်။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ထိုင်နေသော သူမ၏ ရယ်သံနုနုများ။ ကိုယ့်လက်ဖျံပေါ်က သူမအတွက် မျှော်လင့်ချက်သွေးစက်များ၊ ကော်ဖီဆိုင်ပုပုလေးဆီမှ အားလပ်ရက် တနဂ်နွေနေ့များ။ သေချာတာကတော့ ကိုယ့်နွေဦးပေါက်ရာသီတွေဟာ အခုတော့ဖြင့် ခြောက်သယောင်းပျင်းရိစရာ ကောင်းလွန်းလှသည်။

                နံရံပေါ်ရှိ ပြက္ခဒိန်ဆီ ကိုယ့်မျက်လုံးတွေ ရောက်သွားတော့ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်သည်ကို စိတ်မကောင်းစွာ ကိုယ် သိလိုက်ရ၏။ ဟိုတုန်းက တနင်္ဂနွေ မနက်စောစော တွေမှာဆိုရင် ကော်ဖီဆိုင်ပုပုလေးမှာ သူမက ကိုယ့်ကို စောင့်မျှော်နေခဲ့လိမ့်မည်။

                ကိုယ်တို့နှစ်ယောက်စလုံး ထိုကော်ဖီဆိုင်ပုပုလေးဆီမှ ခါးစိမ့်သော ကော်ဖီကို နှစ်သက်တာခြင်း တူညီကြသည်။ ကော်ဖီသောက်ပြီးသောအခါ သူမအား ကဗျာတစ်ပုဒ် ကိုယ် ရွတ်ဆိုပြမည်။ ထို့နောက် ကိုယ့်ပုခုံးကို မှီနွဲ့ပြီး နှစ်ယောက်သား မြို့ထဲရှိသမျှ ပန်းခြံတွေဆီ လျှောက်သွားမည်။ တစ်ခါတစ်ရံ ရုပ်ရှင်ဝင်ကြည့်ဖြစ်ကြလိမ့်ဦးမည်။ တနင်္ဂနွေနေ့သည် ကိုယ်တို့ နှစ်ယောက်အတွက် အားလပ်ရက်ဖြစ်သည်။

                ကံ့ကော်တစ်ပွင့် ပန်ဆင်ထားသော သူမသည် သေဆုံးသွားသော်လည်း ကိုယ့်ရင်ထဲတွင်တော့ သူမ ဆက်လက်ရှင် သန်နေလိမ့်ဦးမည်။ ကိုယ် မသေဆုံးမချင်း ကိုယ့်ရင် ထဲမှာ သူမ ရှင်သန်နေစေရမည်။ သို့သော် သူမရင်ထဲမှာတော့ ကိုယ့်ဝိညာဉ် သည် သူမသေဆုံးပြီးကတည်းက သူမနှင့်အတူ ပျောက်ကွယ်သွားပေလိမ့်မည်။

                အဝေးမှ သီချင်းသံသဲ့သဲ့ကို ကိုယ်ကြားလိုက်မိ၏။ နားစိုက်ထောင်ကြည့်သောအခါ ဇော်ဝင်းထွဋ်ရဲ့ ရွှေရောင် အိပ်မက်များသီချင်း ဖြစ်နေ သည်ကို နာကျင်မှုတစ်ခုနှင့်အတူ သိလိုက်ရသည်။ ကိုယ် သူမကို ပြင်ပြင်းပြပြ သတိရနေမိချိန်ဟာ တနင်္ဂနွေတစ်နေ့အဖြစ် ထူးခြားစွာ တိုက်ဆိုင်ရုံမျှမက ဘဲ သူမ သိပ်ကြိုက်သည်ဆိုသော သီချင်းကိုပင် ကိုယ်ကြားနေရသည်။ ကိုယ့်ရင်ခွင်သည် ချောက်ချားပူလောင်စွာဖြင့် တုန်ယင်နေတော့၏။

                ယခုတော့ သူမသည် ကံ့ကော်တစ်ပွင့်ပန်ဆင်ရင်း သေဆုံးသွားခဲ့ပြီ။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့် သည်လည်း သေဆုံးသွားခဲ့၏။ သူမနှင့်အတူ သူမပန်ဆင်ထားသော ကံ့ကော်တစ်ပွင့်နှင့်အတူ သူမရင်ထဲတွင် တစ်ချိန်က ရှင်သန်ခဲ့သော ကိုယ့်ဝိညာဉ်လည်း သေဆုံးခဲ့ပြီ။ သူမရင်ထဲက ကိုယ့်ဝိညာဉ်သည် ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာများဖြင့် ထုဆစ်ထားသော ပုံရိပ်သာဖြစ်၏။ ထို့အတူ ကိုယ့်ရင်ထဲက သူမ၀ိညာဉ် သည်လည်း သူမရဲ့ ချစ်ခြင်းမေတ္တာများဖြင့် ထုံမွှမ်းထားသာ သူမပုံရိပ်သာဖြစ်သည်။ ကံ့ကော်တစ်ပွင့်ပန်ဆင်ပြီး သေဆုံးသွားသော သူမသည် ကိုယ့်ရင် ထဲက ချစ်ခြင်းမေတ္တာဖြင့် ပေါင်းစပ် ထားသော သူမ၀ိညာဉ်မဟုတ်ပါချေ။ အာရုံခြောက်ပါး ကုပ်တွယ်ခြင်း ခံခဲ့ရသော သက်မဲ့ခန္ဓာကိုယ်ငယ်တစ်ခုသာ ဖြစ်သည်။

                စိတ်ရှုပ်ထွေးစွာဖြင့် လွတ်လပ်ကျယ်ပြန့်သော ကောင်းကင်ဆီ ကိုယ်မော့ကြည့်ဖြစ်တော့ ဗျိုင်းဖြူဖြူတစ်အုပ် ပျံသန်းသွား တာ မြင်ရ၏။ အဝေးမှ ဇော်ဝင်းထွဋ်ရဲ့ သီချင်းသံသဲ့သဲ့ကိုတော့ ကိုယ်မကြားရတော့ပါ။ ကိုယ့်အတွက် ရွှေရောင်အိပ်မက်တွေ ဘယ်ဆီမှာ ပုန်းခိုနေပါသလဲကွယ်။

                ကိုယ်ရော သူမရော မွေးဖွားစဉ်က သီးခြားဖြစ်သော်လည်း ကိုယ်နှင့် သူမ တွေ့ဆုံပြီးချိန်မှစ၍ ကိုယ်တို့နှစ်ယောက်စလုံးရဲ့ ရင်ဘတ်ထဲတွင် တစ်ယောက်ဝိညာဉ် တစ်ယောက်ထံ ပူးကပ်ခိုဝင်ကာ နှစ်ယောက်တစ်ဝိညာဉ် ဖြစ်ခဲ့ကြသည်။

                ကိုယ့်ရွှေရောင်အိပ်မက်တွေ ခုတော့ စာတိုက်ပုံးထဲတွင် ပုန်းအောင်းနေသည်။ နာရီတစ်လုံးထဲတွင် ပုန်းအောင်းနေသည်။ ဘီယာဘူးခွံ အလွတ်ထဲတွင် ပုန်းအောင်းနေသည်။ ဂျူပီတာဂြိုဟ်ပေါ်တွင် ပုန်းအောင်းနေသည်။ ၀က်ပေါင်ခြောက်ထဲတွင် ပုန်းအောင်းနေသည်။ နောက်ဆုံး သူမပန်ဆင်ထားသော ကံ့ကော်ပွင့်ထဲတွင်လည်း ပုန်းအောင်းနေနိုင်သည်။

                ကိုယ်တို့နှစ်ယောက်သည် ကမ္ဘာကြီးအား ချစ်ခြင်းဖြင့် အနိုင်ပိုင်းနေထိုင်ခဲ့ကြသော်လည်း သူမသေဆုံးသွားခြင်းသည် ကိုယ်ရော သူမရော သေဆုံးသွားခြင်းဖြစ်ပြီး ကိုယ် ရှင်သန်ကျန်ရစ်ခြင်းသည် ကိုယ်ရော သူမရော ရှင်သန်ကျန်ရစ်ခြင်းဖြစ်သည်။ သို့သော် ကိုယ်သေဆုံးသွားလျှင်တော့…။

                လမ်းမပေါ်မှ မြင်နေကျ အရာဝတ္ထုများ၊ မြင်နေကျ စားသောက်ဆိုင်များနှင့် လျှောက်နေကျလမ်းကို လျှောက်နေကြသော ခပ်ဟောင်းဟောင်း လူများကို ကြည့်မြင်လိုစိတ်မရှိတော့သောကြောင့် ကိုယ့်အခန်းပြတင်းပေါက်အား ၀ုန်းခနဲ ကိုယ်ပိတ်ပစ် လိုက်သည်။

                တောင်ပံတစ်ဖက်ဖြင့်ပျံသန်းနေသော အ၀ါရောင်အိပ်မက်ထဲတွင် သူမ၏ စိုလွင်သော အပြုံးများကို ရုပ်ရှင်အနှေးပြကွက် တစ်ခုပမာေ၀၀ါးစွာ မြင်ရပြန်၏။ တနင်္ဂနွေနေ့သည် ကိုယ်တို့နှစ်ယောက်အတွက် အားလပ်ရက်ဖြစ်သည်။ အနက်ရောင် ကျွန်းသားခေါင်းတလားထဲတွင် ထာဝရ အိပ်ပျော်နေသော သူမအား ကိုယ် ကံ့ကော် တစ်ပွင့်ပန်ဆင်ပေးခဲ့ပါသည်။

လွန်းဆက်နိုးမြတ်

ကြယ်ကိုးစင်းနဲ့လင်းတဲ့ကောင်းကင်ဝတ္ထုတိုစု/ငါးရိုးပင်လယ်ဝတ္ထုတိုစု/ဖက်ရှင်မဂ္ဂဇင်း

ဧပြီ၊၂၀၀၈
ပန်းချီ-ခေတ်ဖုန်းမို

တောင်းဆု

တောင်းဆု

 

(၀)
အဖြစ်အပျက်အားလုံးသည် သူ၏ တောင်းဆုတစ်ခုမှ စတင်အခြေပြုခဲ့သည်။
(၁)
နားထဲမှာ ကျွတ်စီကျွတ်စီအသံကလေးများကို ကြားနေရသလိုရှိသဖြင့် သူ့မျက်လုံးတွေကို အသာဖွင့်လိုက်၏။ အမှောင်ကို မြင်ရသည်။ မနက်မလင်းသေး။ မှောင်နေတုန်းပင် ရှိသေးသည်။သူက ညအိပ်လျှင် အခန်းမီးကို ပိတ်အိပ်တတ်သဖြင့် လောလောဆယ် တိုင်ကပ်နာရီမှာ ဘယ်နှစ်နာရီထိုးပြီလဲဆိုတာ မသိနိုင်။ မနေ့ညနေက ရွှေစင့်ကို နတ်ကွန်းလိုက်ပို့ပြီး ပြန်လာတော့ နောက်ထပ်ရိုက်ကူးမည့် ဗွီစီဒီဇာတ်လမ်း တစ်ပုဒ်အတွက် ပြင်ဆင်နေရသေးတာကြောင့် ခါတိုင်းထက်နောက်ကျစွာ သူ အိပ်ယာဝင်ခဲ့တာကို ပြန်သတိရမိလိုက်၏။ မျက်လုံးတွေကို အသာပြန်မှိတ်ကာ တစ်ဖက်သို့ လှည့်ပြီး ပုံစံပြောင်းအိပ်လိုက်သည်။ နားထဲမှာ တိုင်ကပ်နာရီသံ တချက်ချက်သွားနေသံကို အတိုင်းသား ကြား နေရသည်။ ခဏနေတော့ သူပြန်အိပ်ပျော်သွား၏။
နောက်တစ်ခေါက်ပြန်နိုးလာတော့ ဘယ်အချိန်ရှိသွားပြီလဲသူသိချင်လာမိသည်။ ညသည် မှောင်နေတုန်းပင်။ သို့ရာတွင် အပြင်ဖက်မှာ လူတွေလှုပ်ရှားသွားလာနေသံတွေကို သူကြားနေရသည်ဟု စိတ်ထဲ အောက်မေ့မိ၏။ ဒီအချိန်ကြီး လူတွေ ဘာထလုပ်နေကြပါလိမ့်။ သူဘယ်လိုမှ ပြန်အိပ်လို့ မရတော့။ မှောင်မှောင်မည်းမည်းထဲ ခြင်ထောင်ဘေးသားကို အသာမကာ ကုတင်ပေါ်မှ သူဆင်းလိုက်သည်။ အရာရာ မှောင်နေသဖြင့် မီးခလုတ်ရှိရာကို သူ့စိတ်ထဲမှ မှန်း၍ သွားနေရသည်။ ခါတိုင်းညတွေထက် ဒီည ပိုမှောင်နေသလို ခံစားမိ၏။ လမ်းမီးတွေများပြတ်နေသလားပဲ။ခါတိုင်းညတွေမှာဆိုရင် အခန်းထဲမီးပိတ်ထားရင်တောင် ပြတင်းပေါက်မှ တစ်စွန်းတစ်စ၀င်ရောက်လာသော အပြင်ဖက်လမ်းမီးတိုင်တွေ၏ အလင်းရောင်ရှိသေးသည်မဟုတ်လား။ ရောက်ပြီ။ မီးခလုတ်ရှိသည့် နံရံဆီကို သူရောက်သွားပြီ။
“ထောက်”
မီးခလုတ်ကို သူဖွင့်လိုက်၏။
သူထင်ထားသည့်အတိုင်း မီးက ပျက်နေသည်။ သူအနည်းငယ် စိတ်ညစ်သွား၏။ ထိုအခိုက် သူ့ဟမ်းဖုန်းကလေးကို သတိရမိလိုက်သည်။ အခန်းထဲရှိ စာရေးစားပွဲဆီ မှန်းဆလျှာက်သွားကာ စားပွဲပေါ်မှ ဖုန်းကို စမ်းကြည့်လိုက်သည်။ လက်ထဲရောက်လာသည့်ဖုန်းကို ဖွင့်လိုက်တော့ ဘာမီးမှလင်းမလာ။ မဟုတ်သေးပါဘူး။ ဖုန်းကို ဘက်ထရီအပြည့်ဖြည့်ထားတာပဲ။ ရုတ်တရက် တစ်စုံတစ်ခုကို သိရှိရိပ်မိလိုက်သောကြောင့် သူတုန်လှုပ်သွားကာ ဖုန်းက ကြမ်းပြင်ပေါ် လွတ်ကျသွား၏။ပြန်မကောက်နိုင်တော့။
သူအရာရာကို ဗြုန်းစားကြီး နားလည်သွားသည်။
(၂)
လွန်ခဲ့သည့်လလောက်မှ စတင်ကာ မြို့စွန်ရှိ မထင်မရှား နတ်ကွန်းတစ်ခုသည် ဆုတောင်းပြည့်သည်ဟု နေ့ချင်းညချင်းနာမည်ကြီး လာခဲ့သည်။ ထိုနတ်ကွန်းသို့ သူ့ချစ်သူရွှေစင်က
သွားချင်သည်ဆိုကာ ပူဆာနေတာ ကြာခဲ့ပြီ။ ထိုစဉ်က သူမအားလပ်ခဲ့။ အချိန်မှီ ရုံတင်ရမည့် ရုပ်ရှင်တစ်ကားအတွက် အလုပ်ရှုပ်နေသောကြောင့်ဖြစ်၏။ ထိုအတွက် ရွှေစင့်အပေါ် တာဝန်မကျေသလို သူခံစားရသည်။ ရွှေစင်က သူ့အပေါ် ကောင်းလွန်းသည်။ သာမန်ချစ်သူတစ်ယောက်ထက်မက သူ့အပေါ် အနွံအတာခံလွန်းသည်။ ရွှေစင့်ဖက်က ကြည့်လျှင်လည်း သူက ရွှေစင့်အတွက် နတ်သားလေးတစ်ပါးဖြစ်နေနိုင်သည်။ အကြောင်းကတော့ ရွှေစင်က မျက်မမြင်မိန်းကလေးတစ်ယောက်မဟုတ်လား။
ရွှေစင်က မွေးရာပါ မျက်မမြင်သူတစ်ယောက်တော့ မဟုတ်။ ရွှေစင့်အသက် ဆယ့်ကိုးနှစ်တွင် မိဘနှစ်ပါးနှင့်အတူ ချောင်းသာသို့ အပန်းဖြေခရီးသွားရာ ကားအက်ဆီးဒင့်ဖြစ်ပြီး ရွှေစင့်မိခင်ကွယ်လွန်သွားခဲ့သည်။ ရွှေစင်ကတော့ မျက်စိအလင်းကွယ်ခဲ့ရ၏။ ဆရာဝန်က ရွှေစင့် မျက်လုံးများသည် တစ်ချိန်မှာ ပြန်ကောင်းလာနိုင်စရာရှိပါသည်ဟု နှစ်သိမ့်ခဲ့သည် ဆို၏။ နှစ်ပေါင်းအတော်ကြာကြာကို မောင်နှမမရှိသော ရွှေစင်သည် မျက်မမြင်ဘ၀ဖြင့် ခါးသီးနာကျင်စွာ ဖြတ်သန်းလာခဲ့ရသည်။ ရွှေစင့်ဘ၀ထဲသို့ သူရောက်မလာမှီအချိန်အထိပဲ ဆိုပါတော့။
“နတ်ကွန်းရောက်ရင် ရွှေစင် ဘာဆုတွေတောင်းမှာလဲ”
အချိန်မှီ ရုံတင်ရမည့် ရုပ်ရှင်ကားကြီးအတွက် လုပ်စရာတွေ လက်စသတ်ပြီးချိန်တွင် ရွှေစင် အင်မတန်သွားချင်သော မြို့စွန်ရှိ နတ်ကွန်းကို သူလိုက်ပို့ခဲ့သည်။ သူ၏ နို့နှစ်ရောင်လင့်ခရူဇာကားကြီးပေါ်တွင် ရွှေစင်က ကျေနပ်ပျော်ရွှင်စွာ လိုက်ပါလာခဲ့သည်။ ရွှေစင် ယခုလို ကားပြန်စီးတာ မကြာသေး။ ကားအက်ဆီးဒင့်ကြောင့် ဘ၀မှာ ပိုင်ဆိုင်သမျှအရာအတော်များများဆုံးရှုံးသွားသော ရွှေစင်သည် မော်တော်ကားကို နှစ်အတန်ကြာ ကြောက်ရွံ့မုန်းတီးနေခဲ့သည်။ သူနှင့် ချစ်သူတွေဖြစ်ပြီးမှသာ သူ့အကြိုက်လိုက်လျောပြီး ဟိုနားနည်းနည်း ဒီနားနည်းနည်း လိုက်စီးရင်းမှ မော်တော်ကားပြန်စီးရဲလာခြင်းဖြစ်သည်။ ဒါတောင် သူမောင်းသည့် မော်တော်ကားမှ လွဲရင် တခြားကားကို ရွှေစင်မစီး။
“အင်း…တကယ်တော့ ရွှေစင် ဆုတွေတောင်းခဲ့ရတာလည်း မောနေပါပြီ ကိုရယ်
ခုတော့ ရွှေစင် ဘာဆုမှ မတောင်းချင်တော့ပါဘူး…ကျန်တဲ့ ဘ၀တစ်သက်တာလေးကိုပဲ…
ကိုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားချင်တဲ့စိတ် တစ်ခုပဲရှိတော့တယ်”
(၃)
သူ့စိတ်တွေ ဆောက်တည်ရာမဲ့သွားသလိုမျိုး ဒါမှမဟုတ် သူ့ဖြစ်တည်မှုကို ပိုင်စိုးသည့် နတ်ဒေ၀တာတစ်ပါးပါးတိမ်းပါးသွားသလိုမျိုး သူခံစားလိုက်ရသည်။ သွားပြီ။ သူ့မျက်လုံးတွေ ကန်းသွားပြီ။ မနေ့က နတ်ကွန်းရှေ့မှာ ရွှေစင့်အတွက် သူတောင်းခဲ့သည့် ဆုပြည့်သွားပြီ။ သွေးရူးသွေးတန်းဖြင့် အခန်းထဲမှ သူထွက်လိုက်ရာ ပိတ်ထားသော အခန်းတံခါးနှင့် အရှိန်ပြင်းစွာတိုက်မိသည်။ လဲကျနေရာမှအခန်းတံခါးကို သူဆွဲဖွင့်သည်။ ပြီးတော့ တည်ငြိမ်မှုမဲ့စွာ အိမ်ရှေ့ဧည့်ခန်းထဲ ပြေးထွက်တော့ ဧည့်ခန်းထဲရှိ ပစ္စည်းများနှင့် တိုက်မိလဲပြိုပြန်ကာ သူ့ခေါင်းမိုက်ခနဲ ဖြစ်သွား၏။ စမ်းကြည့်တော့ ပျစ်ချွဲချွဲအရည်တွေ။ သွေး…သွေးတွေ..။
“ဒေါက်..ဒေါက်…ဒေါက်…ဆရာနေလင်းအောင်…ဆရာနေလင်းအောင်”
အရေးထဲ အခန်းတံခါးကို ဘယ်သူက လာခေါက်သည်မသိ။ သူ့နာမည်ကိုလည်း တကြော်ကြော်အော်ခေါ်နေသည်။
“ဘယ်သူလဲ”
“ကျွန်တော်ပါ ဆရာ…မျိုးသိမ်းပါ”
“ဟေ့ကောင်…ပြော ဘာကိစ္စလဲ”
သူ့အသံတွေက သိမ်ငယ်ရှုပ်ထွေးမှုတွေနှင့်အတူ ကျွတ်ဆတ်နေသည်။
“မမလေးရွှေစင် မျက်စိပြန်မြင်ရပြီတဲ့ အဲဒါ ဆရာ့ဆီ ဖုန်းဆက်တာ မရလို့
ကျွန်တော့်ကို ပြောခိုင်းလိုက်တာ…မမလေးတို့က ဆရာ့ကို
ဗဟန်းက မျက်စိဆေးရုံမှာ စောင့်နေမယ်တဲ့…ဆရာ တံခါးဖွင့်ပါဦး”
ဟင်။ ရွှေစင်က မျက်စိပြန်မြင်သွားပြီဆိုပဲ။ သေချာသွားပါပြီ။ မနေ့က နတ်ကွန်းမှာ သူတောင်းသည့်ဆုပြည့်သွားခဲ့ပြီ။ဆုံးဖြတ်ချက်တစ်ခု ကိုချက်ချင်းပင် သူချဖြစ်လိုက်သည်။
“အေး..အေး…ဟုတ်ပြီမျိုးသိမ်း…ငါသိပြီ…ငါသဘောပေါက်ပြီ…မင်း ခုအိမ်ပြန်မှာမဟုတ်လား
သွားတော့…ငါမင်းကို တံခါးဖွင့်မပေးနိုင်တော့ဘူး”
“ဟုတ်…ဟုတ်ကဲ့ဆရာ”
ယောင်နနဖြစ်ကာ လှည့်ထွက်သွားသော မျိုးသိမ်း၏ ခြေသံကို သူကြားရသည်။
(၄)
သူက ရွှေစင်ကို ချစ်ခွင့်တောင်းသောအခါ သိပ်မကြာခင်မှာပဲ သူလိုချင်သော အဖြေကို ရွှေစင်ပေးခဲ့၏။ ရွှေစင်က တက္ကသိုလ် နောက်ဆုံးနှစ်ထိ ရောက်ခဲ့ပေမယ့် မျက်စိကွယ်သွားတော့ ဘွဲ့ရအောင်မယူနိုင်ခဲ့။ မျက်စိအလင်းမကွယ်ခင် ရွှေစင်တက္ကသိုလ်စတက်ကတည်းကပင် သူပါဝင်သရုပ်ဆောင် ထားသည့် ဗွီဒီယိုဇာတ်ကားများကြည့်ကာ သဘောကျခဲ့သည်ဟု ချစ်သူတွေဖြစ်ပြီးနောက်ပိုင်းတွင် ရွှေစင်က ရှက်စဖွယ်အမူအရာဖြင့်ပြောပြသည်။သို့ရာတွင် သူက သရုပ်ဆောင်ဖက်မှာ မအောင်မြင်ခဲ့။ ထို့ကြောင့် ဒါရိုက်တာဖြစ်အောင် သူကြိုးစားခဲ့သည်။ မျက်မမြင်မကလေးရွှေစင်နှင့် တွေ့သော အခါ သူက အတော်အသင့် အောင်မြင်သော ဒါရိုက်တာလေးတစ်ယောက်ဖြစ်နေခဲ့ပြီ။ မအောင်မြင်သော သရုပ်ဆောင်အလုပ်ကို သူစွန့်လွှတ်ခဲ့၏။
“ဒါဆို ဒီနတ်ကွန်းမှာ ရွှေစင် ဘာဆုမှ မတောင်းတော့ဘူးပေါ့”
“ကို့အတွက် တောင်းပေးမယ်လေ…ကိုဒီနှစ် အကယ်ဒမီရအောင်ပေါ့…
ကိုကလည်း ရွှေစင့်အတွက်ဆုတောင်းပေး…အပြန်အလှန်ပေါ့”
မြို့ပြင်သို့ ရောက်လာသည့် သူ၏ နို့နှစ်ရောင်လင့်ခရူဇာကားနောက်တွင် လမ်းများ တရိပ်ရိပ်ကျန်နေခဲ့တာကို နောက်ကြည့်မှန်ကနေ တဆင့် သူမြင်နေရသည်။ မျက်မမြင်ဘ၀ရောက်သွားပြီးနောက်တွင် ဘာသာရေးကို ရွှေစင်ပိုလုပ်ဖြစ်ခဲ့သည်။ အလင်းရောင်ပျောက်ကွယ်သွားသော ရွှေစင့်အတွက် ဘာသာရေးဖြင့် အလင်းသစ်ရှာဖွေရန် ကြိုးပမ်းမှုဖြစ်သည်။ တန်ခိုးကြီးဘုရားအတော်များများသို့ ဘုရားဖူးထွက်ကာ ကွယ်လွန်သွား သော မိခင်အတွက်နှင့် မိမိ၏ မျက်စိနှစ်ကွင်းအလင်းပြန်ရရန် တောင်းဆုပြု လှူဒါန်းခြင်းများကို ရွှေစင်မကြာခဏလုပ်ဖြစ်ခဲ့သည်။
“ကိုယ် အကယ်ဒမီရုပ်တုမရလည်း ၀မ်းမနည်းပါဘူး…ရွှေစင်ရာ”
“ဟင်…ဘာဖြစ်လို့လဲ ကိုရဲ့”
“ကိုယ့်အတွက် ချစ်သူရွှေစင်ရုပ်လေးရှိပြီးသားပဲ”
“ဟွန့်..ကိုက စကားသိပ်တတ်တာပဲ”
နတ်ကွန်းကို ရောက်တော့ နေ့လယ်၁၂နာရီထိုးခါနီးပြီ။ ထမင်းစားချိန်ဖြစ်သောကြောင့်လားမသိ လူသိပ်မရှိ။ရွှေစင်က အသင့်ပါလာသော လှူဖွယ်ပစ္စည်းတွေကို ဆပ်ကပ်ပူဇော်မှုတွေလုပ်သည်။သူက ဘေးမှနေ၍ ရွှေစင့်ကို ကူလုပ်ပေးရသည်။ မျက်စိမမြင်ရပေမယ့် ရွှေစင်က ယခုလိုကိစ္စမျိုးတွေကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရမှကျေနပ်တတ်သူဖြစ်၏။ရွှေစင်က ဘာဆုတွေတောင်းသလဲသူမသိရပေမယ့် သူတောင်းတဲ့ ဆုကိုတော့ ရွှေစင်က လာမေးသည်။ အမှန်တော့ သူက ဘာဆုမှမတောင်း ရိုးရိုးတန်းတန်းဝတ်ပြုရုံလောက်သာ ဖြစ်သည်။ ဒါတောင် ရွှေစင်ဘေးမှာ ရှိနေလို့ ဖြစ်သည်။ သူက ဘာသာရေးကို သိပ်မလိုက်စားဖြစ်။ ဆုတွေဘာတွေလည်း တောင်းလေ့တောင်းထမရှိ၊ အရာအားလုံး ကိုယ်လုပ်မှ ကိုယ်ရတာပဲဖြစ်သည်ဟု လက်ခံထားသူဖြစ်သည်။သူငယ်ငယ်ကတော့ သူ့မိသားစုမှာ ဆင်းရဲလွန်းသောကြောင့် မကြာခင်ချမ်းသာလာရန် အကြိမ်ကြိမ် ဆုတောင်းဖူးသည်။ သို့သော် ဘာမှဖြစ်မလာခဲ့။ သူက သူတကယ်မတောင်းသော ဆုကို နတ်ကွန်းရှေ့မှာ ခပ်တည်တည် ဖွင့်ပြောပြလိုက်တော့
ရွှေစင်ကျနပ်သွားခဲ့၏။
(၅)
ဘာကိုမကျေနပ်မှန်း သေသေချာချာမသိရပေမယ့် တစ်ခုခုကိုတော့ သူအကြီးအကျယ်မကျေမနပ်ဖြစ်နေမိသည်။မဖြစ်ဘူး…မဖြစ်ဘူး… ငါဒီလို ပုံမျိုးနဲ့ အပြင်သွားရင် ငါ့ကို လူတွေက ဘယ်လိုထင်ကြမလဲ။ သူ့ခေါင်းက ပေါက်နေသည့်ဒဏ်ရာက နာကျင်နေသည်။ သွေး မထွက်တော့လို့ တော်သေးသည်။ ခုတော့ မျက်စိမမြင်သူက ရွှေစင်မဟုတ်။ သူဖြစ်နေပြီ။ ရွှေစင်မျက်စိမမြင်တာက ကိစ္စမရှိ။သူမျက်စိမမြင်လျှင်….။ဟာ…။တွေးကြည့်ရုံဖြင့်ပင်အလိုလိုနေရင်း အားအင်တွေမဲ့သွားရသည်။အကယ်ဒမီပေးပွဲက လမည့်အင်္ဂါနေ့ည။ ရုပ်ရှင်အသိုင်းအ၀န်းတစ်ခုလုံး ဒီနှစ် ဒါရိုက်တာဆုကို  “တလောကလုံးနဲ့ တစ်ယောက်”ဇာတ်ကားဖြင့် သူရနိုင်မည်ဟု ထင်ကြေးပေးထားကြသည်။ အကယ်၍ သူအကယ်ဒမီရပါက သူ့ကို ရွှေစင်က ဘေးမှ တွဲပေးမှာသေချာသည်။ထိုအခါလူတွေက သူ့ကို ၀ိုင်းသနားကြလိမ့်မည်။ မျက်မမြင်အနုပညာရှင်ဆိုပြီးတော့ပေါ့။ရွှေစင့်ကိုလည်း သဘောထားကြီးလိုက်တာ… မေတ္တာကြီးလိုက်တာ…ဟိုမျက်မမြင်ဒါရိုက်တာနဲ့တောင်မတန်ဘူး…ဘာညာ စသဖြင့် ပြောကြလိမ့်မည်။ ရွှေစင်ကိုယ်တိုင်ကလည်း ဘယ်လောက်ကြာကြာ သူ့အနွံအတာခံနိုင်မှာ တဲ့လဲ။ အရင်ကတော့ မျက်မမြင်မကလေးရွှေစင်အတွက် သူက မမှားနိုင်သည့် ရွေးချယ်မှု။ ခုတော့ ရွှေစင်မျက်စိပြန်မြင်ပြီ။သူ့ထက်သာသည့် လူတွေ လောကမှာအများကြီးရှိမှန်း ရွှေစင်သိသွားတော့မည်။ အထူးသဖြင့် သုခကမ္ဘာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးသန့်စင်၏ တစ်ဦးတည်းသော သမီးကလေးရွှေစင်ကို လိုချင်သည့် လူတွေက ဒုနှင့်ဒေးရှိမှန်း ရွှေစင် မကြာခင် သိလာရတော့ မည်။ဟိုအရင်မျက်မမြင်ဘ၀မှာ နေတုန်းက ရွှေစင်ကို ဘယ်သူကမှအရေးမစိုက်ခဲ့သည့်ကိစ္စသည်လည်း အတိတ်မှာ ကျန်ရစ်ခဲ့တော့မည်။ရွှေစင့်အစား သူသာ မျက်မမြင်ဘ၀ဖြင့် လူတွေ၏ မေ့လျော့ရှောင်ခွာခြင်းကို ခံစားရတော့မည်ဖြစ်၏။
ချောက်ချားထိတ်လန့်စွာ ကြမ်းပြင်ထက် သူထိုင်လျက်သားရှိနေသည်။ သူ့ဘ၀က အမှောင်ကျသွားပြီ။တောက်…ဒီသောက်ကောင်မ …ဘာဖြစ်လို့ အဲဒီနတ်ကွန်းကို သွားဖို့ ငါ့ကို ပူဆာရတာလဲ။ ရွှေစင်နှင့် လက်ထပ်ပြီးလျှင် ဦးသန့်စင်၏ သုခကမ္ဘာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုလုံး သူ့လက်ရောက်လာမည်။ ထိုအခါကျမှ အောက်ကျနောက်ကျနေခဲ့ရသော ဒါရိုက်တာပေါက်စဘ၀က သူလွတ်မည်။ဦးသန့်စင်ကလည်း သမီးဖြစ်သူ မျက်မမြင်မလေးရွှေစင်နှင့် သူ့ကို သဘောတူခဲ့သည်။ လက်ရှိ သူစီးနေသည့် နို့နှစ်ရောင်လင့်ခရူဇာ ကားကိုတောင် ဦးသန့်စင်က ပေးထားတာဖြစ်သည်။ခုတော့ ဦးသန့်စင်လည်း သဘောထားပြောင်းပြီလားမပြောတတ်။ သိပ်မကြာခင်အချိန်အတွင်းမှာ သူ့ဘ၀သည် လုံးဝပြောင်းလဲ သွားရပေတော့မည်။ မျက်မမြင်ဒါရိုက်တာ။မျက်စိမမြင်တော့ ဗွီဒီယိုတွေ ရုပ်ရှင်တွေလည်း သူရိုက်နိုင်တော့မှာမဟုတ်ဘူးပေါ့။ဒါဆိုလျှင် ဦးသန့်စင်က လုပ်ငန်းမှာ သုံးမရတော့သည့် မျက်မမြင်တစ်ယောက်ကို အလကားနေရင်း သားမက်တော်ချင်မှာမဟုတ်တာ သေချာနေသည်။အစပိုင်းတော့ ချော့မော့ ဆက်ဆံမည်။နောက်မှ တနည်းနည်းနှင့် ဒီအသိုင်းအ၀န်းမှာ သူမနေနိုင်အောင် ဦးသန့်စင်လုပ်မည်။ထိုအချိန်တွင် တခြားငတိတစ်ယောက်ယောက်နှင့် ရွှေစင်က အချစ်စာမျက်နှာသစ် ဖွင့်နေလိမ့်မည်။
ဝမ်းနည်းစိတ်ကြောင့် သူ့ရင်ဘတ်တစ်ခုလုံးဆို့နစ်နာကျင်နေသည်။ အလင်းရောင်ပျောက်ဆုံးနေသည့် သူ့မျက်လုံးတစ်စုံထက်တွင် မျက်ရည်တွေက စီးကျနေခဲ့ပြီ။ ငယ်စဉ်က သူအလွန်ဆင်းရဲခဲ့သဖြင့် ချမ်းသာနိုင်သည့် အခွင့်အရေးမှန်သမျှ သူရအောင်ယူခဲ့သည်။ သူ့ကြောင့် ဘ၀ပျက်၊ နာမည်ပျက်သွားသူတွေလည်း အနည်းအကျင်းရှိခဲ့ဖူးသည်။ ထို့ကြောင့် သူ့အကြောင်းသိသူတွေက သူ့ကို အခွင့်အရေးသမားဟု ကွယ်ရာမှာ ခေါ်ကြသော်လည်း သူမဖြုံခဲ့။ ရွှေစင်နှင့် လက်ထပ်ပြီးလျှင် သူ့ဘ၀သည် အေးချမ်းသွားပြီဖြစ်သည်။ နောင် သူတကယ်ချစ်သော မိန်းမတစ်ယောက် နှင့်တွေ့လျှင် အပြင်မှာ တိတ်တိတ်ပေါင်းသင်းကြရုံပင်။ ခုတော့ သူ့အကြံအစည်တွေအားလုံး ဘာမဟုတ်သည့် တောင်းဆုတစ်ခုကြောင့် ရေစုန်မျော သွားပြီ။ နောက်တစ်ကြိမ် နတ်ကွန်းဆီသွားပြီး ဆုတောင်း၍လည်း မရတော့။ နတ်ကွန်းက ဆုတစ်ကြိမ်သာ တောင်းလို့ရသည်ဟု အဆိုရှိထားသည်။ သူမလိုချင်သည့် ဆင်းရဲတွင်းထဲ ပြန်သွားရတော့မည်။ ပိုပြီးဆိုးတာက ဆင်းရဲတွင်းထဲမှာ မျက်မမြင်ဘ၀နှင့် ကူညီကယ်တင်သူ မရှိ အထီးကျန် ဖြတ်သန်းရမည့်အရေးပင်။ သူ့နှလုံးသားသည် အဆုံးစွန်လှုပ်ခါလွန်းရသောကြောင့် မောပန်းနေသည်။ သေခါနီး သတိလက်လွတ်ဖြစ်နေသော လူပမာတစ်ယောက်လို ကတုန်ကယင်ဖြစ်ကာ သူကြောက်ရွံ့နေသည်။ ဘာကိုမှ သူရင်မဆိုင်ရဲတော့။ရွှေစင်၊ မြို့စွန်က နတ်ကွန်း၊ကားအက်ဆီးဒင့်၊ လက်စသတ်နေရသည့် ရုပ်ရှင်ကား၊အမှောင်၊တန်ခိုးကြီးဘုရားများ၊ရှက်စဖွယ်အမူအရာ၊အကယ်ဒမီ၊ ခေါင်းက ဒဏ်ရာ၊သုခကမ္ဘာရုပ်ရှင်ထုတ်လုပ်ရေး၊ မျိုးသိမ်း၊နို့နှစ်ရောင် လင့်ခရူဇာ၊ဆင်းရဲတွင်း၊ဟမ်းဖုန်းဘက်ထရီ၊ဦးသန့်စင်၊ အားလုံးကို သူရင်မဆိုင်ရဲတော့။မနေ့ညနေက နတ်ကွန်းရှေ့မှာ ရွှေစင့်ကို ခပ်တည်တည်ပြောခဲ့သော သူ့တောင်းဆုကိုသာ နားထဲ အကြိမ်ကြိမ် အထပ်ထပ် ကျိန်စာတစ်ပုဒ်လို ပြန်ကြားယောင်နေမိသည်။
“နတ်မင်းကြီးခင်ဗျား…ဖြစ်နိုင်ပါက ကျွန်တော့်ချစ်သူလေး ခံစားနေရသော
မျက်စိမမြင်ရသောဒုက္ခတရားများကို ကျွန်တော့်ကိုပဲ ကျရောက်ပါစေ…
ကျွန်တော်၏ မျက်စိအလင်းများကိုတော့ ချစ်သူလေးအား ပေးသနားတော်မူပါ”

 

လွန်းဆက်နိုးမြတ်
၁၄.၁၁.၀၈
နေ့လယ်၁၁း၁၈နာရီ
ကလျာ၊စက်တင်ဘာ၊၂၀၀၉

ရေခိုးရေငွေ့ဒိုင်ယာရီ

ရေခိုးရေငွေ့ဒိုင်ယာရီ

 

(၁)
ပထမဆုံး လုပ်ဆောင်သင့်တာက ကျွန်တော့်ဦးခေါင်းထဲမှာ ပြည့်သိပ်ခဲနေတဲ့ အရာတွေကို တစ်နည်းနည်းနဲ့ အရည်ဖျော်ပစ်လိုက်ဖို့ပဲ။ဒါမှမဟုတ် တစ်နည်းနည်းနဲ့ အငွေ့ပျံသွားအောင် စွမ်းဆောင်လိုက်ဖို့ပဲ။တကယ့်တကယ်ကျတော့ ဒါဟာ တချို့ကိစ္စတွေလောက် မခက်ခဲသလို လွယ်ကူမှုလည်း ရှိမနေပြန်ဘူး။ကနဦးကတည်းက ကြုံလာသမျှ အဖြစ်အပျက်တွေကို အစီအစဉ်ကျနအောင် နေရာမချတတ်ခဲ့တာဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သင်္ကေတလို့တောင် ပြောလို့ရတယ်။ဂုဏ်ယူတတ်မယ်ဆိုရင် ကြံဖန်ပြီး ဂုဏ်ယူလို့တောင် ရတဲ့ ကျွန်တော့်ကိုယ်ပိုင် အရာတွေထဲက တစ်ခုလို့ အကြမ်းဖျဉ်း သဘောပေါက်ထားသင့်တယ်။ဒီထက်ပိုပြီးတော့လည်း ကျွန်တော့်ဖက်က အနှောက်အယှက်ပြုဖို့ မရည်ရွယ်ဘူး။လူတွေ တစ်ယာက်နဲ့ တစ်ယောက်တွေ့ရင် ဘာတွေပြောဆိုကြမလဲ။ဥပမာ-ဟေ့ မတွေ့ရတာကြာပြီ…ခုဘယ်မှာလဲ။စသဖြင့် နောက်ဆက်တွဲ လိုက်ပါလာမယ့် စကားစု အတန်းအတွဲလိုက်ကြီးဟာ ဟိုအရင် သိကျွမ်းခဲ့သမျှတွေနဲ့ ဆက်လက်ပတ်သက်ရမယ့် နောင်အနာဂတ်တွေအတွက် မကောင်းတတ်လို့ နှုတ်ဆက်ကြတဲ့ အခိုက်အတန့်ကာလရဲ့ ချိတ်ဆက်မှုမဟုတ်လား။အဲဒါကြောင့် လက်ရှိဖြစ်တည်နေတဲ့ ကျွန်တော့်နေရာကို ဖွင့်ပြောပြဖို့ဆိုတာကို ချန်လှပ်ထားပါရစေ။အရေးမပါ အရာမရောက်တဲ့ အလေ့အထတွေနဲ့ အချိန်ကုန်နေရတဲ့ ဘ၀ကို ကျွန်တော်မုန်းတယ်။အခု ကိစ္စကလည်း အဲဒီလိုကျွန်တော်မုန်းတဲ့ ကိစ္စတွေထဲက တစ်ခုဖြစ်လို့ပဲ။လွယ်လွယ်ကူကူနဲ့တော့ ဘယ်အရာမှ မရဘူး။တစ်ချိန်တည်းမှာပဲ လွယ်လွယ်ကူကူနဲ့ အရာရာကို ရတယ်ဆိုရင်ရော…။ဘယ်လိုပဲဖြစ်ဖြစ်ပါ။လွယ်လွယ်ကူကူနဲ့ပဲ ရရ။ခက်ခက်ခဲခဲပဲ ရရ။ကျွန်တော်ကတော့ ဒီမှာ ရောက်နေပြီ။ဒါဟာ တခြားတစ်နေရာကနေ ကျွန်တော်ထွက် ခွာလာခဲ့ရတဲ့ အကြောင်းရင်းပဲ။နာမည်၊အလုပ်အကိုင်၊မွေးသက္ကရာဇ်၊ ပညာအရည်အချင်း၊ လိင်အမျိုးအစား၊ သွေးအမျိုး အမည်၊ထင်ရှားတဲ့ အမှတ် အသား၊ ကိုးကွယ်သည့် ဘာသာ။မပွင့်နိုင်တဲ့ တံခါးတွေကို ဘယ်တုန်းကမှ လက်အနာခံပြီး ကျွန်တော် မခေါက်ဘူး။ပွင့်နိုင်တဲ့ တံခါးတွေကိုလည်း ကျွန်တော်မခေါက်ခဲ့ဘူး။ ဆိုလိုတာက ကျွန်တော့်အတွက် လျှောက်ရမယ့် လမ်းဟာ သူ့နည်းသူ့ဟန်နဲ့တော့ ရှိနေမှာပဲ။ဘယ်လိုပုံစံမျိုးလဲ ဆိုတာတော့ တိတိကျကျမသိနိုင်ဘူးပေါ့။အဲဒီလို မသိနိုင်တာကလည်း သဘာဝကျတယ် လို့ ယူဆစရာကောင်းရဲ့မဟုတ်လား။ဘ၀မှာ ကြုံတွေ့ရင်ဆိုင်လာရနိုင်သမျှ ဘယ်လိုအရာမျိုးကိုမဆို အကောင်းချည်းပဲလို့ မမျှော်လင့်အပ်ဘူး ဆိုတာလောက်တော့ ကျွန်တော်မပြောနဲ့ ဟောဟိုမှာ အရိုးကိုက်နေတဲ့ ခွေးဝဲစား ကြီးတောင် သူ့ကိုယ်ပိုင်နည်းလမ်းနဲ့နားလည်တယ်။ဒီလိုပြောလိုက်လို့ ကျွန်တော်က ပတ်ဝန်းကျင်ကို အဆိုးမြင်ပြီး ရန်လိုစိတ်အပြည့်ရှိနေတဲ့ လူလို့ ထင်မိလိုက်ရင် တက်တက်စင်အောင် မှားယွင်းသွားလိမ့်မယ်။မနက်ခင်းတိုင်းမှာ ပန်းပွင့်တွေနဲ့ စကားပြောပြီး လူတကာကို အကူအညီပေး ချင်စိတ်များနေတဲ့ လူဟာ ကျွန်တော်ပါဆိုတဲ့ စကားမျိုးပြော မယ့်ကောင်တော့လည်း မဟုတ်ဘူးပေါ့လေ။နေရာတိုင်းမှာ အချိန်အဆရှိတယ်လို့ ကျွန်တော်နားလည်ထားတယ်။အမြင်အားဖြင့် အချိန်အဆလွဲသွားရင် ကြီးကြီးမားမားဆုံးရှုံးရမယ့် သူဟာ ဘယ်သူဖြစ်နိုင်သလဲ။(ဝေးဝေးလံလံ စဉ်းစားတတ်တဲ့ အကျင့်က ဘ၀တစ်လျှောက်လုံး အမြစ်တွယ်နေတာဟာ ယာယီပြဿနာလို့ ခေါင်းစဉ်တပ်ချင်တယ်)။ဆပ်ကပ်ထဲက ဓားပေါက် သမားရဲ့ ကိုယ်ဟန်ပြသူပေါ့။သူ့အတွက် အချိန်အဆလွဲချော်မှုမှာ ဆုံးရှုးရတာ အသက်ပဲ။အချိန်အဆလွဲချော်ခဲ့ရင် သူ့ရင်ဘတ်မှာ စိုက်ဝင်နေမှာက အမြီးတယမ်းယမ်းနဲ့ ငွေရောင် သတ္ထုဓားမြောင်တစ်ချောင်း ဖြစ်နေမယ်ဆိုရင် အရမ်းကြီး အံ့သြစရာမရှိလောက်ပါဘူး။
(၂)
ကျွန်တော့်အနေနဲ့ ဘယ်လို အကြာင်းအချက်တွေရဲ့ ထောက်ခံပြောဆိုနေမှုမျိုးကိုမဆို ဖယ်ခွာပြီး အင်မတန်ဝေးကွာလှတဲ့ နေရာတစ်ခုမှာ အချိန်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ရှင်သန်ချင်တယ်။တစ်ဖက်ကကြည့်လိုက်မယ်ဆိုရင် ဒါဟာ တာဝန်ကို ရှောင်ရှားရာကျနေမယ်လို့လည်း တွေးမိ ပြန်ရဲ့။တိတိပပအရင်းစစ်လိုက်တော့ ဒီစိတ်ကူးဟာ လုံးလုံးမဖြစ်နိုင်တဲ့ စိတ်ကူးတစ်ခုပါပဲ။ကျွန်တော့်ဖက်ကတော့ ကာလရှည်ကြာ နေထိုင်လာခဲ့ရတဲ့ အခွံဆန်ဆန် အုပ်ဆောင်းအောက်မှာ မသိမသာဖိစီးလာတဲ့ အာရုံကြောတွေကို တစ်ဘ၀စာ လျှော့ချပစ်လိုက်ချင်ရုံ သပ်သပ်ပဲ ဖြစ်တယ်။ဒီ့ထက် မပိုဘူး။အလွယ်စား သင်္ချာပုံသေနည်းတစ်ခုနဲ့ တူလွန်းလှတဲ့ ကျွန်တော့်နေ့စဉ်ဖြတ်သန်းမှုကြီးဟာ စက်ဆုပ်ရွံရှာဖွယ်ရာလို့ ရံဖန်ရံခါ ကျွန်တော်တွေး မိတယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ လူနေထူထပ်တဲ့ နေရာဒေသတွေကို ရှောင်ကွင်းတတ်လာတယ်။ကျွန်တော့်တစ်ကိုယ်စာ အတွက်လောက်ကလွဲရင် ဘာကိုမှလည်း ပိုင်ဆိုင်ချင်စိတ် မထားဖြစ်တော့ဘူး။ရှက်ရှက်နဲ့ အမှန်အတိုင်း ထပ်ပြောရရင် ကျွန်တော့်တစ်ကိုယ်စာဆိုတဲ့ စကားက မှားနေတယ်။ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့ဆောင်းတွင်းဖက်တွေမှာ စောင်လေးတစ်ထည်တောင် ကြိုကြိုတင်တင် မရှာထားလိုက်နိုင် တဲ့အတွက် ကျွန်တော်ဟာ ချမ်းလွန်းလို့ တစ်စုံတစ်ခုကို အမြဲပဲ ဒေါသထွက်နေခဲ့ရဖူးတယ်။စားစရာမရှိတဲ့အချိန်တွေမှာ အလုပ်တစ်ခုခုကို ကုန်းလုပ်နေရင်း ဒေါသထွက် နေရသလိုမျိုးပေါ့။ကျွန်တော်သိထားသလောက်ကတော့ မီးလင်းဖိုနဲ့ အစာရေစာတွေဟာ ဒီကမ္ဘာမြေအတွက် လုံလောက်မျှတပြီးသားပါ။ဒါပေမယ့် ဘ၀ရဲ့ တစ်ချို့အချိန်တွေမှာ ဒီကမ္ဘာမြေဟာ ကျွန်တော်အတွက် ပေါင်မုန့်ဘေးသားလေးတစ်ဖဲ့လောက်တောင် မသနားခဲ့တာဟာ လုပ်ကြံထားတဲ့ ဟာသပြက်လုံးတစ်ခုမဟုတ်တဲ့အကြောင်း သိစေချင်တယ်။တစ်ဆက်တည်းမှာပဲ ခုလို မရည်ရွယ်ဘဲ ပြောဖြစ်ဆိုဖြစ်တဲ့အခါ တစ်ယောက်သဘောထား ကို တစ်ယောက် ရိပ်မိသိရှိမယ်ဆိုရင် ရှေ့ဆက်ရမယ့်အကြောင်းတွေအတွက် အဆင်ပြေနိုင်တာ ပေါ့ဆိုတဲ့ စိတ်ကူးမျိုး ကျွန်တော့်မှာ အဆင်သင့်ရှိမနေ ဘူးဆိုတာကိုပါ သိထားစေချင်တယ်။ ကျွန်တော့်အကြောင်းတွေကို ခရီးသွားဟန်လွှဲ နည်းနည်းပါးပါးနားထောင်…သဘောမတွေ့တဲ့အခါ ကိုယ်ပိုင် အယူအဆနဲ့ ပြန်ပြီးငြင်းခုံ…ဒီလောက်ဆိုရင်ပဲ အလုပ်ဖြစ်နေပြီ။ ဘယ်သူမဆို ကိုယ်တတ်နိုင်တာထက် ပိုပြီးမလုပ်နိုင်ဘူး။နောက်ဆုံးမှာ ဒီအကြောင်း တွေ နားမထောင်ချင်တော့တဲ့အခါကျတော့လည်း ကျွန်တော့် အနားက ထထွက်သွားကြမှာပဲဆိုတာ စောစောပိုင်းကတည်းက ကျွန်တော် နားလည်ထား ပြီးသားပါ။ကျွန်တော်ကိုယ်တိုင်လည်း တခြားလူတွေလို အတိုင်းအတာရှိတာပဲ။အတိအကျမသိနိုင်ပေမယ့် သဘောတရားကတော့ အတူတူပဲ မဟုတ် လား။ဖြစ်မလာသေးတဲ့ စိတ်ကူးတွေအစား လက်ရှိကိစ္စတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် သုံးသပ်တတ်ဖို့ကလည်း အရေးပါနေသေးပြန်ရဲ့။ဘာမဟုတ်တာတွေကို အကြောင်းပြချက် ကောင်းကောင်းပြပြီး လုပ်ဆောင်တတ်ရုံလောက်နဲ့ ဒီလောကဟာ နေပျော်စရာကောင်းနေပြီလို့တော့ ကျွန်တော် မထင်ဘူး။ကြိုတင်တွေးတောမထားတဲ့ ထောင့်ချိုးအကွယ်တွေကနေပြီး အဖြစ်အပျက်တွေဟာ သွေးစုပ်ကောင်တစ်ကောင်လို ဘွားခနဲ ဘွားခနဲ ကျွန်တော့်ဆီ ထိပ်တိုက် ခြောက်လှန့် တတ်ကြတယ်။စစချင်းမှာတော့ ဒီဖြစ်ပျက်မှုတွေဟာ ရင်ခုန်ဖွယ်ရာပါပဲ။နောက်တော့လည်း ဘယ်လိုမှ ပြန်မစဉ်း စားချင်တော့တဲ့ လမ်းထောင့်က ယင်တလောင်းလောင်းအမှိုက်ပုံကြီးလို ဖြစ်သွားရတော့တယ်။
(၃)
အရာဝတ္ထုတစ်ခုချင်းစီတိုင်းအတွက် ပြေပြစ်လိုက်ဖက်သင့်တော်တဲ့ ဘ၀တစ်ခုအမြဲတမ်းအဆင့်သင့်ရှိနေတတ်တာဟာ သဘာဝကျတယ်။
ပုံစံတွေကွဲလွဲသွားပေမယ့် အဓိပ္ပါယ်ကတော့ အတူတူဖြစ်နေတဲ့ တရားဝင် ပြောင်းလဲမှုတွေနဲ့ ကြုံဖူးခဲ့သလား။တချို့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ ဒီသဘောမျိုးဖြစ်အောင် လုပ်ယူလိုက်မှ အဆင်ပြေသွားတာမျိုးရှိတတ်တာကို ဒီနှစ်ပိုင်းမှာ ကျွန်တော် ကောင်းကောင်းသတိပြုမိခဲ့တယ်။လတ်တလော ကျွန်တော်မြင်နေရတဲ့ ကောင်းကင်မှာတော့ တိမ်တွေဟာ တလွင့်လွင့်မျောနေတယ်။တလွင့်လွင့်မျောနေတဲ့ ကောင်းကင်က တိမ်တွေလို့ ပြောရင်လည်း အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ အမြဲတမ်း မဟုတ်ပေမယ့် အချိန်အတော်များများမှာ ကျွန်တော်ဟာ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေး ခဲ့တယ်ဆိုတာ မှန်ပါတယ်။ဒီလိုမျိုးတွေ ဆက်မဖြစ်အောင် ပြန်လည်ဆက်သွယ်လာတဲ့ ဟိုအရင်က ကလေးဆန်ဆန်ကစားပွဲတွေကို မေ့ပစ်လိုက်မှ ဖြစ်မယ်။မဟုတ်ရင် အိပ်မက်တွေနဲ့ပဲ တစ်ချိန်လုံး မှောင်သွားရတော့မယ့် စိတ်ပျက်စရာနောက်ဖေးဥယျာဉ်ကြီးအဖြစ် ဘ၀ကို ရှုမြင်သွားနိုင်တယ်။ဆောင်းပြီးရင် နွေလာမယ်။နွေပြီးရင် မိုးလာမယ်။မိုးပြီးရင် ဆောင်းပြန်လာမယ်။သံသရာကို ဘယ်သူတွေ ငြင်းဆန်နိုင်ခဲ့သလဲ။ထုံးစံအတိုင်း လက်ခံရရှိလိုက်တာဟာ ထုံထိုင်းထိုင်း အတွေးတွေပါပဲ။တဆိတ်လောက် ကျေးဇူးပြုပြီး လက်တွေ့အကောင်အထည်မဖော်ပြနိုင်တဲ့ ကျွန်တော့်အတွေး တွေအတွက် စိတ်ကသိကအောက် ဖြစ်သွားရင်တော့ ဆောရီးပါ။ကြိမ်ဖန်များစွာ အာပေါက်မတတ် လည်ချောင်းတွေနာတဲ့အထိ လေ့ကျင့်သီဆို ရလောက်အောင် လူမှုနေထိုင်ပုံစံတွေဟာ ကီးမှန်နေစရာမလိုဘူးလို့ ကျွန်တော် ယူဆတယ်။လူတကာ သတိထားမိလောက်အောင် စည်းလွတ် ဘာင်လွတ်နေထိုင်တာမျိုးကျတော့လည်း ကျပ်သိပ်မပြည့်သူတွေ လုပ်တတ်ကြတာမဟုတ်လား။အခုချိန်ထိတော့ ကျွန်တော်ဟာ ငွေကြေးအတွက် နည်းနည်းပဲ အလုပ် လုပ်တယ်။ဥာဏ်ပညာ အတွက်တော့ များများတွေးခေါ်တယ်။ဒါပေမယ့် ဘ၀တစ်လျှောက်လုံး အခုလိုထုံထိုင်းထိုင်းအတွေးတွေ ကိုပဲ ရရှိနေခဲ့တာဟာ ကျွန်တော့်အားနည်းချက် ဖြစ်နိုင်တယ်။အရာရာဟာ အပြတ်အလပ်မရှိ ပြောင်းလဲနေတယ်။ပြောင်းလဲမှုဟာ ကမ္ဘာဦးကတည်းက တည်မြဲနေတယ်။ကျွန်တော့်မျက်နှာရှေ့မှာ တခြားမျက်နှာတွေ အများကြီးဖြတ်သွားကြတယ်။အဲဒါဟာ မွေးကတည်းက ခုချိန်ထိပဲ။လမ်းခုလတ်တစ် နေရာမှာ တစ်ယောက်ယောက်နဲ့တွေ့တိုင်း ကျွန်တော့်ဖက်က စတင်နှုတ်မဆက်ဖြစ်တာဟာ  ဘယ်သူ ဘယ်ဝါရဲ့ မျက်နှာကိုမှ ကျွန်တော်ကြာရှည် မမှတ်သားမိခဲ့လို့ပါ။လက်ခုပ်သံတွေရဲ့ အတိမ်အနက်ကို ဘယ်လို နားလည်ဆုံးဖြတ်မလဲ။အားပေးအားမြောက် အပြုအမူတွေတိုင်းဟာ အပေါင်း အလ္ခဏာဆောင်တယ်လို့ တရားသေ သတ်မှတ်ထားတာ မကောင်းဘူး။ဆိုကြပါစို့ ကျွန်တော်ဟာ ]မျောက်ပြ ဆန်တောင်း}အဖြစ်မျိုး ကြုံခဲ့ရဖူးတယ်။အဲဒီလို အယောင်ဆောင်တွေ အပေါ်မှာ နှစ်ပေါင်းများစွာ အသားတကျရှင်သန်နေရခြင်းဟာ ဘယ်လောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်ဖို့ကောင်း လိုက်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ချောက်ချားစရာကောင်းတယ်။မသိရင်တော့ ပျော်ရွှင်စရာအတိပြီးတဲ့ အချိန်ကာလတစ်ခုပေါ့လေ။နောက်တော့ လည်း ထုံးစံအတိုင်း အတွင်းလှိုက်ခြစားမှုတွေက အဖြစ်အပျက်တစ်ခုလုံးအပေါ် ဖုံးလွှမ်းသွားရတော့တယ်။အဲဒီကနေ ဘယ်အရာကိုမှ ကျွန်တော် ထာဝရပိုင်ဆိုင်နေခဲ့တယ်လို့ မယူဆကောင်းဘူးဆိုတဲ့ အတွေးအခေါ်ကို ရလိုက်တယ်။ဒါလေးက ကျွန်တော့်ကို ခုသာခံသာစေတယ်။ကံဆိုးမိုးမှောင် ကျပြီဆိုတာနဲ့ ကောက်ရိုးမျှင်လေးတွေ လိုက်လံဖမ်းဆုပ်ရတာဟာ တစ်နည်းအားဖြင့် ကျွန်တော့်အတွက် ပျော်ရွှင်ဖွယ်ရာပါပဲ။ကြီးကျယ်ခမ်းနားတဲ့ ကိစ္စရပ်တွေရဲ့ အခြားတစ်ဖက်မှာ ဟာသမြောက်တဲ့ မြှပ်ကွက်တွေ ရှိနေတတ်တယ်ဆိုတာကို ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။

 

လွန်းဆက်နိုးမြတ်
ဖက်ရှင်မဂ္ဂဇင်း၊၂၀၁၀