ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်

1017451_267953133381495_471050376_nကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်

အမှတ်ရချက်

ထူးထွေတဲ့ အမှတ်ရချက်ကတော့ ဒီကဗျာပုံနှိပ်ဖော်ပြခံရတာကို ကျွန်တော်
လုံးဝမသိရှိခဲ့ရခြင်းပါပဲ။ ပေးပို့ခဲ့ပြီး ဖော်ပြမခံရတဲ့ ကဗျာတစ်ပုဒ်အဖြစ်ပဲ
ကျွန်တော်သိမှတ်ထားခဲ့တယ်။ ဒါပေမဲ့ ကဗျာပါပြီး ၂နှစ်ခွဲ-၃ နှစ်လောက်
အကြာမှာတော့ ကံအကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် ဒီကဗျာကို
မြင်တွေ့ခွင့်ရခဲ့သလို စာအုပ်ကိုပါ ရရှိခဲ့ပါတယ်။ ကျွန်တော်က
ရှေ့ပိုင်းစာမျက်နှာတွေကိုပဲ မည်းပြီး ရှာနေတာကိုး။ တကယ်တော့ မဂ္ဂဇင်း
တိုက်က ဒီကဗျာကို ချစ်ခြင်းကဏ္ဍထဲ သွင်းလိုက်ပြီး ဖောင်ဖြည့်အကြိုအကြား
ထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပါပါချင်း တန်းသိရင်တော့ မဂ္ဂဇင်းတိုက်ကို
တစ်ခုခုစောဒကတက်မိမှာ သေချာပါတယ်။ ကျွန်တော်က အကြိုအကြားမှာ
ကဗျာထည့်ခံရတာကို သိပ်မုန်းတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ်ပြီးဆုံးခဲ့ပါပြီ။
ခုနေပြန်တွေးတော့ ကျွန်တော့်ကဗျာရေးသက်တစ်လျှောက်မှာ ဒီကဗျာ
တစ်ပုဒ်ဟာ အကြိုအကြားကနေ ပါလာခဲ့တာ အမှတ်တရပါပဲ။

ကဗျာအရေးအဖွဲ့

ပြောစရာ သိပ်မရှိလှပါဘူး။ ကဗျာသမားတိုင်း အရေးများတဲ့ Pattern
တစ်ခုထဲမှာ ကဗျာအဆင်အကွက်ကို တည်ဆောက်ရေးသားထားခြင်း
ဖြစ်ပါတယ်။ မြင်လည်း မြင်သာလိမ့်မယ်ထင်ပါတယ်။ ဒီ Pattern မျိုးချပြီး
ရေးတဲ့ ကဗျာအများကြီးထဲက ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကဗျာနှစ်ပုဒ်
လောက်ကို ဥပမာပေးရရင် မောင်ပြည့်မင်းရဲ့ အခက်ကြီးထဲခုန်ချ နဲ့ မိုဃ်းဇော်ရဲ့
ဒီညငါ့အိပ်ရာကလေးကို ငါ့ဆီပြန်ပို့ပေးကြ ကဗျာနှစ်ပုဒ်ကိုပဲ တရေးနိုးထမေးတိုင်း
ကောက်ဖြေရမှာပါပဲ။ နောက်တစ်ခုက ဒီကဗျာရေးသားစဉ်မှာ ကျွန်တော့်စိတ်ထဲ
သိပ်ကြိုက်နေတဲ့ကဗျာတစ်ပုဒ်ရှိခဲ့တယ်။ အဲဒီ့ကဗျာကတော့ အိုက်လူအောင်ရဲ့
ရာသီကဗျာဖြစ်တယ်။ ရာသီကဗျာရဲ့ လွှမ်းမိုးမှုအနည်းငယ်လည်း ပါဝင်နိုင်တယ်။
ဒီကဗျာမှာ ကျွန်တော်ဟာ ရိုးစင်းတဲ့အတွေးတချို့ကို အခြေခံရေးသားခဲ့သလို
စိတ်ကူးဆန်းကြယ်မှုအနည်းငယ်ကိုလည်း ဖတ်သူတွေ ခံစားရရှိနိုင်မယ်လို့ မျှော်လင့်ပါရဲ့။

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်

ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်
ခေတ်ဆန်တဲ့ ကောင်မလေးက
နတ်သမီးပုံပြင်ကို တစ်ပိုင်းတစ်စပဲပြောပြပြီး
စံပယ်ရနံ့စွန်းတဲ့ ဓားတစ်ချောင်းနဲ့
ကျွန်တော့်ကျောပြင်ပေါ် ထိုးစိုက်သွားတယ်။
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။
လမ်းတဲ့လား
မဖြောင့်စင်းလိုက်တာကွယ်
အကြိမ်ကြိမ်ဆုံးရှုံးခဲ့ရတာ အကျင့်ဖြစ်နေပါပြီ
အငွေ့ပျံမတတ်ရက်စက်တဲ့ အကြည့်တွေအတွက်လည်း
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။
ခြေချော်လက်ချော်ဖြစ်ဖြစ်သွားတတ်တဲ့
ကြယ်ကြွေတွေကို မော့ကြည့်
ဟိုးအဝေးဆီက ခေါင်းလောင်းထိုးသံသဲ့သဲ့ကို ကြားမိရ
ပင်လယ်ရေဆိုတာ ခပ်သောက်လို့ မကုန်ပါဘူးတဲ့
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။
မှုန်ပျသီဝေဆဲ ဆောင်းမြူတွေကြားက
ဂါထာရွတ်သံတွေ ထွက်ကျလာပြီး
နှင်းဆီတစ်ပွင့်ဟာ မြွေတစ်ကောင်ဖြစ်သွားတဲ့
မျက်လှည့်ဆရာရဲ့ ပြကွက်ဆန်းအဆုံးမှာ
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။
နေ၀င်သွားတဲ့ ညနေခင်းများစွာတိုင်အောင်ပါပဲ
ဂျင်းဘောင်းဘီဝတ်ထားတဲ့ ကျွန်တော်ဟာ
ကျွန်တော်ဂစ်တာတစ်လုံးထဲကို ၀င်ပုန်းနေခဲ့တယ်။ ။

နှလုံးအိမ်မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၄

လွန်းဆက်နိုးမြတ်
၅.၃.၁၄
ည၁၁း၁၅နာရီ

အပြာရောင်ကဖေး

 

1891082_258656650977810_1446277624_nအပြာရောင်ကဖေး

ကဗျာအကြောင်းအရာ

ပုဂလဇာတ်ပြောကို သုံးထားပေမဲ့ ဒီကဗျာရဲ့ အကြောင်းအရာဟာ ပုဂလသဘောထက်
ဗဟုသဘောပိုသက်ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တစ်ယောက်ရဲ့
ညနေခင်းကဖေးဆိုင်ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းကို ဖွင့်ဆိုထားတဲ့အတွက်ကြောင့်ပါပဲ။
မြန်မာနိုင်ငံမှာတော့ ညနေခင်းကဖေးဆိုင်ယဉ်ကျေးမှုဆိုတာ လူငယ်တစ်ယောက်တည်း
အတွက်တင်မကဘဲ လူငယ်ထုတစ်ရပ်အပေါ် ကိုယ်စားပြုထားနိုင်ပါတယ်။ ဒီနေရာမှာ
တစ်ခုပြောချင်ပါတယ်။ တချို့က ခုခေတ်လူငယ်ဆိုတာ ညနေခင်းမှာ ကဖေးဆိုင်
(လက်ဖက်ရည်ဆိုင်) မထိုင်ဘဲအရက်ဆိုင် ဘီယာဆိုင်ထိုင်တယ်လို့ ပြောချင်ကြပါ
လိမ့်မယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူငယ်တိုင်းတော့ မဟုတ်ပါဘူး။ အဲဒီ့အရက်ဆိုင်
ဘီယာဆိုင်ကို ညနေတိုင်းထိုင်တယ်ဆိုတဲ့ လူငယ်တွေထဲက အများစုဟာ သူတို့ဘ၀ရဲ့
တစ်ချိန်ချိန်မှာတော့ ညနေခင်းတွေကို ကဖေးဆိုင်(လက်ဖက်ရည်ဆိုင်)မှာ
ကုန်ဆုံးဖူးခဲ့မယ်ဆိုတာ ကျွန်တော်အသေအချာပြောရဲပါတယ်။ ဒီကဗျာရဲ့
အကြောင်းအရာဟာ ညနေခင်းကဖေးဆိုင်ထိုင်လေ့ရှိတဲ့ လူငယ်တစ်ယောက်ရဲ့
ထိုင်နေကျကဖေးဆိုင်နဲ့ ယှဉ်ထိုးပြီး စိတ်ကူးဥာဏ်ထဲ ၀င်လာသမျှအပေါ်
သိမှုအလုပ်လုပ်ပုံပါပဲ။

ကဗျာပုံသဏ္ဍာန်

ပုံသဏ္ဍာန်ပိုင်းအရ သိပ်မရှုပ်ထွေးသလို သိပ်လည်း မရိုးစင်းတဲ့
ကဗျာတစ်ပုဒ်ပဲဖြစ်မယ်ထင်ပါတယ်။ စိတ်ထဲရှိရာကို အလွယ်တကူလက်တန်
းပြောသွားသလိုရေးဖွဲ့ခဲ့တာပါ။ ဆိုလိုတာက Pattern တစ်ခုခုနောက် ဇွတ်လိုက်ဖို့
မကြိုးစားထားသလို Pattern ကို အားပြုတဲ့ ကဗျာပုံသဏ္ဍာန်မျိုးလည်း မဟုတ်ခဲ့ပါ
ဘူး။ဒီကဗျာကို ကျွန်တော်ရေးတဲ့အခါ အားအစိုက်ရဆုံးကတော့ စကားလုံးတွေပဲ
ဖြစ်ပါတယ်။ စကားလုံးတွေ မလျော့ရဲအောင် အထူးအားစိုက်ခဲ့ပါတယ်။
အကြောင်းရှိပါတယ်။ အနုပညာမှာ Realism ကလွဲရင် “အခြားနယ်”ဆိုတာ
ရှိပါတယ်။ Realism ကတော့ ပကတိနယ်ကိုပဲ ထပ်တူကျအောင် ပြန်သသနေရ
တတ်တာမဟုတ်လား။ “အခြားနယ်”ဆိုတာ ခံစားသူကို လက်ရှိ ပကတိနယ်ကနေ
ကင်းလွတ်အောင် ဖန်တီးပေးလိုက်တဲ့အနုပညာပိုင်းဆိုင်ရာနယ်ပယ်တစ်ခုဖြစ်ပါတယ်။
ဂီတဖြစ်စေ၊ ရုပ်ရှင်ဖြစ်စေ၊ ပန်းချီဖြစ်စေ၊ စာပေဖြစ်စေ အနုပညာ ဖန်တီးမှုတိုင်းမှာ
“အခြားနယ်”ဆိုတာရှိပါတယ်။ များသောအားဖြင့်တော့ အနုပညာလက်ရာတွေမှာ
“အခြားနယ်”ဟာ မထင်ရှားတတ်ပါဘူး။ တချို့အနုပညာ လက်ရာတွေမှာတော့
“အခြားနယ်”ဟာ ထင်ရှားလွန်းလို့ခံစားသူ သတိမထားမိလိုက်ဘဲ ဖြစ်သွားတတ်
ပါတယ်။ဥပမာ- Avatar ဇာတ်ကားမျိုး၊ The Lord Of The Rings ဇာတ်ကားမျိုးမှာ
“အခြားနယ်”ဟာ သိသာထင်ရှားလွန်းပါတယ်။ ဗန်ဂိုးရဲ့ ပန်းချီကားတွေမှာတော့
“အခြားနယ်”ဟာ မခံစားတတ်ရင် မသိသာပါဘူး။ ဒါပေမဲ့ ဗန်ဂိုးရဲ့ ပန်းချီကား
တိုင်းဟာ ခံစားသူကို “အခြားနယ်”တစ်ခုဆီ အမြဲတွန်းပို့တတ်ပါတယ်။ “အခြားနယ်”နဲ့
ပတ်သက်ပြီး ဒီမှာတော့ ဒီလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ ကဗျာကို ပြန်ဆက်
ပါရစေ။ ဒီကဗျာမှာ စကားလုံးတွေကို အားစိုက်ခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တာဟာ
“အခြားနယ်”တစ်ခုဖန်တီးဖို့ အတွက်ပါပဲ။ ရောက်မရောက် ရမရကတော့ ကျွန်တော်
ညံ့ဖျင်းမှုအတိုင်းအတာနဲ့ ဖတ်သူရဲ့ အာရုံခံနိုင်စွမ်းပေါ်မူတည်ပါတယ်။
ကျွန်တော်ကလည်း အနုပညာနဲ့ ပတ်သက်ရင် ကြက်ချေးတန်းပဲဖြစ်နေသေးသလို
ဖတ်သူဆိုတာကလည်း အမျိုးမျိုးအစားစားမဟုတ်လား။ ချုပ်ပြောရရင် ဒီကဗျာရဲ့
ပုံသဏ္ဍာန်ဟာ ခေတ်ပေါ်ကဗျာရဲ့ စကားပြောရစ်သမ်ကို ယူပေမဲ့လို့ “အခြားနယ်”
ဖန်တီးမှုအတွက် စကားလုံးအားစိုက်ခဲ့တယ်။ နောက်တစ်ခုကဒီကဗျာမှာ အဓိပ္ပါယ်
ပြည့်ဝတဲ့ ၀ါကျတွေကို ရည်ရွယ်ချက်ရှိရှိပဲ လျှော့ပေါ့အသုံးပြုခဲ့ပါတယ်။ ဥပမာ-
ဝါကျအဆုံးသတ်တွေကို သေသေချာချာအဆုံးမသတ်ခဲ့ဘဲဖြတ်တောက်ပြီးဆုံး
စေတာမျိုး(ချိတ်ဆွဲကြ၊ ကျဉ်းမြောင်းလွန်း၊ လွတ်လပ်ဂီတသစ်၊ အပြာရောင်ကဖေး၊
ဆိတ်ငြိမ် )။ ဒါကပဲ အဓိပ္ပါယ်ပြည့်ဝဖို့ လုံလောက်နေပြီလို့ ယူဆခဲ့လို့ပါ။ ဒါပေမဲ့
ဝါကျအနည်းအကျင်းကိုတော့ ပြီးဆုံးအောင် ဖြည့်ထားတာတွေ ရှိပြန်ပါတယ်။
ဥပမာ(ပိုများပြားနေမလား၊ ပေါ့ပါးနေသလိုပင်)။ဒီလိုမျိုး ၀ါကျတွေအပြည့်မပြီး
ဆုံးဘဲ ဖြတ်တောက်ပြီးဆုံးမှုခပ်များများလုပ်ခဲ့တဲ့ တင်ကူးရည်ရွယ်ချက်ကတော့
ကဗျာရဲ့ အဆုံးသတ်မှာ အသံသွား အသံလာ ပီပြင်စေဖို့အတွက်ပဲ ဖြစ်ပါတယ်။

အပြာရောင်ကဖေး

ခရစ္စမတ်သစ်ပင်တစ်ပင်လို
လူတွေအားလုံးကိုယ့်ကိုယ်ကိုယ်
အကောင်းဆုံးပြင်ဆင်ထုပ်ပိုးပြီး
ကဖေးဆိုင် ညနေခင်းထဲ လာရောက်ချိတ်ဆွဲကြ။
ရောက်တတ်ရာရာ
အပြင်းစားသီချင်းတွေ ပူနွေးယစ်မူးရာအရပ်။
ပေါင်မုန့်တစ်လုံးရဲ့ တန်ဖိုးက
ငါ့နှလုံးသားတန်ဖိုးထက် ပိုများပြားနေမလား။
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်အရိပ်တွေ့ဖို့
ကဖေးဆိုင်မျက်နှာစာဟာ ကျဉ်းမြောင်းလွန်း။
ကမ္ဘာကြီးရင်ဘတ်ထဲက
ဆိုင်ရာဆိုင်ကြောင်းအသံဗလံတွေ
ထိုင်ပြောရတာလည်း
ဒီနေရာမှာ အရသာတွေ့သလိုလို။
ငါ့တစ်နေ့တာ အပြစ်ဒဏ်များအတွက်
ကောက်ကျစ်မှုမရှိတဲ့ လွတ်လပ်ဂီတသစ်
ဘ၀တစ်ခုလုံးအပေါ် အမည်နာမတစ်ခုချရေးလိုက်တော့
မီးခိုးရနံ့နဲ့ အပြာရောင်ကဖေး။
လူဝံပုလွေတွေရဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းအနုပညာ
ငွေကြေးရှင်ဟွန်းသံ ဆိတ်ငြိမ်။
စိတ်ဝိညာဉ်က နှလုံးခုန်နှုန်းအဆုံးထိ
ပေါ့ပါးနေသလိုပင်။
အပြာရောင်ကဖေးဆိုင်ဟာ
ကျိန်စာမဲ့စွာ မက်ခွင့်ရသော ဘုရားပေးတဲ့ အိပ်မက်
နောက်…
ငါ့အတွေးအခေါ်သစ္စာတရားအတွက် သင်္ကေတ။ ။

ချယ်ရီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၂

လွန်းဆက်နိုးမြတ်
၉.၂.၁၄
ည၁၀း၄၂ နာရီ

ကိုယ့်ရင်ဘတ်ကို လာဖွင့်တဲ့ သော့တစ်ချောင်းအကြောင်း

1900710_257030707807071_1162258685_oကိုယ့်ရင်ဘတ်ကို လာဖွင့်တဲ့ သော့တစ်ချောင်းအကြောင်း

ကဗျာဖြစ်တည်မှု

ကျွန်တော့်ရဲ့
အစောပိုင်းကဗျာတချို့ဟာ သရဖူမဂ္ဂဇင်းနဲ့ ချယ်ရီမဂ္ဂဇင်းနှစ်စောင်မှာ အပါများခဲ့တာပါ။
ချယ်ရီကိုတော့ လွတ်လပ်တဲ့ ခေတ်ပေါ်ကဗျာတွေ ပေးပို့ခဲ့ပေမဲ့လို့ သရဖူကိုတော့ အချစ်
ကဗျာတွေပဲ ပေးပို့ခဲ့ပါတယ်။ ဒါကလည်း အဲဒီ့ချိန်က သရဖူမှာ ကဗျာနဲ့ပတ်သက်ပြီး
ကဏ္ဍ၂ ခု ခွဲထားတဲ့အတွက်ကြောင့်ပါ။ ပထမကဏ္ဍမှာ သရဖူကဗျာဆိုပြီး နာမည်ရပြီးသား
လူတွေကို ဖော်ပြပေးပါတယ်။ ဒုတိယကဏ္ဍမှာတော့ သံယောဇဉ်ရပ်ဝန်းအချစ်ကဗျာဆိုပြီး
အချစ်ကဗျာတွေသာ သီးသန့်ဖော်ပြပေးပါတယ်။ လူပုဂ္ဂိုလ်ကိုကြည့်ခွဲသတ်မှတ်တာဖြစ်လို့
ကျွန်တော်တို့လို ဝါနုတဲ့သူတွေ ဘယ်လောက်ကောင်းအောင်ရေးရေး ရှေ့မှာနေရာမရပါဘူး။
ရှေ့က တစ်မျက်နှာကို တစ်ပုဒ်ဖော်ပြပြီး သံယောဇဉ်ရပ်ဝန်းကတော့ တစ်မျက်နှာ၂ ပုဒ်
ဖ်ာပြပေးပါတယ်။ ဒါက မဂ္ဂဇင်းတိုက်ရဲ့ မူပါပဲ။ ပြောချင်တာက ကျွန်တော်သရဖူမှာ ပါခဲ့တဲ့
ကဗျာတစ်ချို့ကလွဲရင် တစ်မျက်နှာ ၂ ပုဒ်ဖော်ပြတဲ့ တိုက်တွေကို ကဗျာမပေးဖြစ်ခဲ့ဖူးပါဘူး။
ldea မှာ တစ်မျက်နှာ၂ပုဒ်ဖော်ပြနေတုန်းကတော့ ပို့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကဗျာ
တစ်မျက်နှာဖော်ပြအောင် ရှည်တဲ့ ကဗျာတွေပဲရွေးပို့ခဲ့ပါတယ်။ ရှည်ရုံနဲ့တော့ မရဘူး။
အနုပညာအားကောင်းဖို့လည်း လိုတာပေါ့။ ဒါမှ စာမျက်နှာပေးရကျိုးနပ်မှာပေါ့။ တစ်ခါက
ကိုရဲကျော်မြင့်က ကဗျာဆရာတွေနဲ့ သူအင်တာဗျူးလတိုင်းလုပ်တဲ့ မဂ္ဂဇင်းတစ်စောင်အတွက်
ကဗျာတောင်းပါတယ်။ ကဗျာက စာမျက်နှာအပေါ်တစ်ဝက်မှာပါပြီး အောက်တစ်ဝက်မှာက
သူ့အင်တာဗျူးဖြစ်ပါတယ်။ ကဗျာအပုဒ်တိုင်းကို ဒီလိုပဲ ဒီဇိုင်းထိုင်တာပါ။ တိုက်မူပေါ့လေ။
ကျွန်တော်ချက်ချက်ချင်းပဲ ငြင်းခဲ့ပါတယ်။ ကဗျာကို တစ်မျက်နှာတစ်ပုဒ်မဖော်ပြတဲ့
မဂ္ဂဇင်းမှာ ကျွန်တော်မရေးချင်ဘူးအစ်ကိုလို့။

ကဗျာရဲ့ inspiration

ဒီကဗျာရေးတဲ့အချိန်တုန်းက ကျွန်တော့်စိတ်ထဲ အရမ်းကြိုက်နေတဲ့ ကဗျာတွေရှိပါတယ်။
၉၈ အချစ်ကဗျာစာအုပ်ထဲက ကဗျာအတော်များများ။ စိုးမင်းအောင်ရဲ့ တမန်တော်သီချင်း။
မောင်ကိုကို (အမရပူရ)ရဲ့ ချစ်သူဖတ်ဖို့ ပန်းသီးကဗျာစာအုပ်ထဲက ကဗျာအတော်များများ။
မင်းခိုက်စိုးစန်ဝတ္ထုတိုတွေထဲက ကဗျာတိုလေးတွေ။ အခုပြန်စဉ်းစားတော့ ဒီကဗျာရေးဖြစ်တဲ့
စေ့ဆော်မှု inspiration တွေပါပဲ။

ကိုယ့်ရင်ဘတ်ကို လာဖွင့်တဲ့ သော့တစ်ချောင်းအကြောင်း

လာလာပြီးတော့ မတို့ထိ မတီးခတ်ပါနဲ့
ကိုယ်ဟာ တယောတစ်လက်မဟုတ်သလို
မင်းဟာလည်း ဘိုးတံတစ်ချောင်းမှ မဟုတ်တာကွယ်။

ကိုယ့်ရဲ့ အမာရွတ်တွေအတွက်
ဖာထေးပေးခဲ့ရတဲ့ မင့်မျက်ရည်ပေါက်တွေကို အားနာမိပါရဲ့။

ကိုယ့်ရင်ဘတ်ထဲကို သုညတွေ ပစ်ပစ်ထည့်ပြီး
အပြီးတိုင် သော့ခတ်ခဲ့တာ ကြာခဲ့ပြီကွယ်။
ဘယ်လိုအရာမျိုးနဲ့မှ
ကိုယ့်ရင်ဘတ်ကို မင်းဆွဲဖွင့်နိုင်စွမ်း မရှိတော့ပါဘူး။

ကိုယ်တစ်ကယ် ပိုင်ဆိုင်ရတဲ့ ကောင်းကင်ဟာ
ဟင်းလင်းပွင့် အရောင်မဲ့
မင်းရှူရှိုက်ဖို့အတွက် လေကလေးတစ်မျှင်မှ
အသေအချာမရှိခဲ့ဘူးကွယ့်။

ကိုယ့်အတွက် သီအိုရီမှားထုတ်မိခဲ့တဲ့ မင်းဟာ
နှုတ်ခမ်းပဲ့ ပန်းအိုးပြာတစ်လုံးပေါ့
ကိုယ့်ကို ပန်းပင်တစ်ပင်အသွင် ဖန်ဆင်းပေးပြီး
မင်းရင်ခွင်ထဲမှာ ပိုင်စိုးပိုင်နင်း မရှင်သန်စေချင်ပါနဲ့
မင်းအတွက် ကိုယ်ဘာမှ ဖူးပွင့်ပေးနိုင်မှာ မဟုတ်တော့လို့ပါ။

ကိုယ့်ဆီမှာ ရယ်မောသံတွေ ပျောက်ဆုံးတာ ကြာခဲ့ပြီကွယ်
ပြီးတော့ ကိုယ့်ရဲ့ညတွေဟာ အမြဲတမ်းမှာ မှောင်မည်းနေခဲ့တယ်
ဒီလိုညမျိုးတွေထဲမှာပဲ
ကိုယ်ဟာ အကြိမ်ကြိမ် ရေတိမ်နစ်ဖူးသူပါ
အကြိမ်ကြိမ်လည်း အရေခွံ လဲခဲ့ရတဲ့လူပေါ့။

ကိုယ့်ကို
ခဏခဏ မျက်လှည့်ပြတတ်တဲ့ ပောင်မလေးရေ…
ဘာဖြစ်လို့များ
လာလာပြီးတော့ ပွတ်သပ် ရေးခြစ်နေရပြန်တာလဲ။
ကိုယ်ဟာ ပန်းချီကားတစ်ချပ်မဟုတ်သလို
မင်းဟာလည်း စုတ်တံတစ်ချောင်းမှ မဟုတ်တာပဲကွယ်။ ။

သရဖူမဂ္ဂဇင်း။ စက်တင်ဘာ ၂၀၀၂။

 

လွန်းဆက်နိုးမြတ်

ချစ်သူနှစ်ယောက်

1898273_256871201156355_1428270367_nချစ်သူနှစ်ယောက်

ကဗျာရှေ့ဆက်တွဲ

ကဗျာရဲ့ ရှေ့က စာမို့ ကဗျာရှေ့ဆက်တွဲလို့ ရေးလိုက်ပါတယ်။ ဒီကဗျာဟာ ကျွန်တော်မဂ္ဂဇင်းမှာ
ပုံနှိပ်ဖော်ပြခွင့်ရခဲ့တဲ့ ပထမဆုံး ကဗျာနှစ်ပုဒ်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။ (မှတ်မှတ်ရရ စာမူခ ၅၀၀ကျပ်
ရလို့ မုန့်ဟင်းခါးချက်စားဖို့ အမေ့လက်အပ်လိုက်ပါတယ်။ အဲဒီ့ကာလက ကုန်ဈေးနှုန်းအရ အမေက ၅၀၀
လောက်ထပ်စိုက်ရတယ်ထင်ပါတယ်။ )မူလက ဒီကဗျာကို “ကိုယ်ပွား”ဆိုတဲ့ နာမည်ပေးထားတာပါ။
နောက်ဆုံး မဂ္ဂဇင်းတိုက်ပို့ခါနီးလေးမှ စိတ်ပြောင်းပြီးပိုရိုးရှင်းတဲ့ “ချစ်သူနှစ်ယောက်”ဆိုတဲ့ နာမည်
ပြောင်းပေးမိသွားတယ်။ အဲဒါကပဲ အထင်လွဲစရာ ကိစ္စတစ်ခုကို ပိုခိုင်မာသွားစေတယ်။
ဒီကဗျာမဂဇင်းမှာပါပြီး သိပ်မကြာခင်ပဲကျွန်တော့်ဆီ စာတစ်စောင်ရောက်လာပါတယ်။
အခြားစာရေးဆရာမတစ်ယောက်ဆီကဖြစ်ပြီး ကျွန်တော့်ထက် အသက်ရော စာပေဖြတ်သန်းမှုရော
စောပါတယ်။ အဓိက အကြောင်းအရာကတော့ ကျွန်တော့်ရဲ့ ဒီကဗျာဟာ အဆိုပါဆရာမရဲ့ ကဗျာကို
ခိုးချထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ ဖြစ်ရပုံများ ကဗျာနာမည်ကအစ တူညီရုံမက သရဖူမဂ္ဂဇင်းမှာ
ဖော်ပြခံရတာပါတူညီနေတယ်လို့ ယဉ်ယဉ်းကျေးကျေးပဲ ဆိုပါတယ်။ စာထဲမှာ ဆရာမရဲ့ ကဗျာမပါလာပေမဲ့
လွန်ခဲ့တဲ့ ဘယ်နှကာလက သရဖူမဂ္ဂဇင်းထဲမှာ ပါခဲ့တယ်ဆိုတဲ့ သဲလွန်စပေးထားပါတယ်။
ကျွန်တော်လည်း အံ့သြလွန်းလို့ ချက်ချင်းပဲ စာအုပ်အငှားဆိုင် ပြေးဖွရပါတယ်။ တွေ့ပါတယ်။
သူပြောသလောက်မတူပေမဲ့လို့ ခေါင်းစဉ်ရယ် အထဲမှာ ကစားထားတဲ့ “တစ်ယောက်ကတစ်ယောက်က”
ဆိုတဲ့ Flow ရယ်ဟာ တူညီနေတော့ ပြောမယ်ဆို ပြောနိုင်တာပေါ့။ အဲ့ဆရာမကဗျာကို မမှတ်မိတော့ပေမဲ့
ပြောနိုင်တာက ကျွန်တော့်ကဗျာက တ၀မ်းပူတွေနဲ့ ချည်းအစပြုထားတယ်။ သူက အစကို
ပြုချင်သလိုပြုတယ်။ ကျွန်တော့်ကဗျာက စကားပြေဆန်ပြီး ရိုးတယ်။ ၀ါကျတိုင်း အဆုံးသတ်တွေ
ပါရှိတယ်။ သူ့ကဗျာကတော့ ကျွန်တော့်ကဗျာလောက်ဖတ်ရတာ မရိုးရှင်းဘူး။ ၀ါကျအတော်များများဟာ
အဆုံးသတ်မပါဘဲ အတွေးစချန်တာမျိုးတွေ ကစားထားတယ်။ အမှန်တော့ ဒါဟာ မှားနိုင်တာပါပဲ။
မောင်ချောနွယ်ရဲ့”အချစ်အကြောင်းပြောတဲ့ည”ဆိုတဲ့ ကဗျာမှာဆိုရင် “တစ်ယောက်က”
“တစ်ယောက်က” ဆိုတဲ့ ထပ်ကြော့တွေကို သုံးထားတယ်။ ကျွန်တော့်ကိစ္စပြန်ဆက်ရရင်
လိပ်ပြာလုံစွာပဲကျွန်တော် အဲဒီ့ဆရာမဆီ စာပြန်ရေးလိုက်တယ်။ သိပ်မကြာဘူး။
သူ့ဆီက နောက်တစ်စောင်ထပ်ရောက်လာတယ်။ ဒီတစ်စောင်မှာတော့ ကျွန်တော့်ကို
နားလည်မှုရှိစွာ အပြုသဘောတုန့်ပြန်မှုတွေ ပါလာတယ်။ ၀မ်းသာရပါတယ်။ ဒီကဗျာက အဲဒီလို
အဖြစ်လေးတွေ ရှိခဲ့တယ်ပေါ့ဗျာ။

ရယ်စရာလေး ဖြတ်ပြောပါဦးမယ်။
လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်တုန်းက ချစ်တိုးနွယ်ဆိုတဲ့ ကဗျာဆရာတစ်ယောက်ရဲ့
“ချစ်သူနှစ်ယောက်”အမည်ရှိတဲ့ ကဗျာတစ်ပုဒ် သရဖူမဂဇင်းမှာ ပါလာဖူးပါတယ်။ ကဗျာထဲက
Flow ကထုံးစံအတိုင်း “တစ်ယောက်က တစ်ယောက်က” Flow ပဲပေါ့။ ကျွန်တော်က
အဲဒီ့ချစ်တိုးနွယ်ဆိုတဲ့ ကဗျာဆရာကို “ခင်ဗျား ကျွန်တော့်ကဗျာခိုးချတယ်”လို့
စာလှမ်းမရေးပါဘူး။ ဘာလို့ဆိုသူနဲ့ ကျွန်တော်နဲ့က ညီအစ်ကိုလိုရင်းနှီးပြီး လေထန်ကုန်းမှာ
အမြဲဆုံနေတဲ့ ကာလတွေကိုး။ သူသိအောင်တော့ ပြောလိုက်ပါတယ်။ ဒီလို ဒီလို ရှိဖူးတယ်လို့
ပေါ့။ကိုချစ်တိုးနွယ်က ဘယ်သူ့ကဗျာမှ ခိုးမချပါဘူး။ ကျွန်တော်ကလည်း ဟိုဆရာမကဗျာကို
မခိုးချခဲ့ပါဘူး။ ဒီ Flowဟာ ကဗျာဆရာ တစ်ယောက်မဟုတ်တစ်ယောက်
တွေ့ရှိအသုံးပြုနိုင်တာပဲမဟုတ်လား။ ကျွန်တော့်ဘာသာ ထပ်တွေးပြီး ရယ်ချင်မိတာက
သရဖူမဂ္ဂဇင်းကိုပါ။ ဒီFlowနဲ့ ဒီခေါင်းစဉ် ဒီကဗျာမျိုး ဘယ်သူရေးပို့ပို့ ဖော်ပြပေးပုံရပါတယ်။
တလောလေးက ထွက်ခဲ့တဲ့ တော်လှန်ကြောင် ခရီးရှည်ချီတက်ပွဲ စာအုပ်ထဲမှာလည်း ဖြူနှင်းဖွေး
ရေးတဲ့ ဒီFLowအတိုင်း ကဗျာတစ်ပုဒ်တွေ့လိုက်ရတယ်။ ခေါင်းစဉ်က ချစ်သူနှစ်ယောက်မဟုတ်ပေမဲ့
“တစ်ယောက်ရဲ့ ဘ၀ဟာ တစ်ယောက်ရဲ့ ဘ၀မဟုတ်ဘူး” ဆိုတော့ ဒီနားပတ်ဝန်းကျင်ကပါပဲ။
စကားလုံးနဲ့ ၀ါကျဖွဲ့စည်းပုံကအစ ချွတ်စွပ်နီးပါးမဟုတ်လို့ကတော့ ဒီFlow အရေးအသားမျိုးဟာ
ခိုးချတယ်လို့ ပြောလို့ မရပါဘူး။ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်တင်ပြပုံတွေပေါ်မူတည်ပြီး
အရသာတစ်ခုစီထွက်လာမှာပါပဲ။ ဟိုတုန်းကကျွန်တော့်ဆီ စာရေးတဲ့ ဆရာမဟာ
သွေး (စစ်ကိုင်း)ဖြစ်ပါတယ်။ ကျွန်တော်တို့ ယနေ့ထိ လေးစားခင်မင်မပျက်ကြပါ။

ချစ်သူနှစ်ယောက်

တစ်ယောက်က စမ်းချောင်းပြာလေးနား သွားပြီး ကဗျာရေးတယ်
တစ်ယောက်က ဥယျာဉ်လေးထဲမှာ မျှော်လင့်သီချင်းတွေ ဆိုတယ်
တစ်ယောက်က ကြေကွဲခြင်းကို တိမ်တိုက်တွေအောက် ၀ှက်ထားတယ်
တစ်ယောက်က သစ်ရွက်ကြွေတွေ လိုက်ဖမ်းရင်း ငိုကြွေးတယ်

တကယ်တော့
တစ်ယောက်က တစ်ယောက်ရဲ့ အရိပ်မှာ ခိုရင်း
တစ်ယောက်က တစ်ယောက်ရဲ့ အနမ်းမှာ ချိုရင်း
တစ်ယောက်က မြို့ရဲ့ အမြင့်ဆုံးမျှော်စင်ပေါ်တက်ရင်း
တစ်ယောက်ကို ချောင်းကြည့်တယ်
တစ်ယောက်က စံပယ်ရနံ့တွေ ပက်ကင်ထုပ်လို့
တစ်ယောက်ဆီ လက်ဆောင်ပို့တယ်
တစ်ယောက်က ရိတ်သိမ်းဖို့ မရည်ရွယ်ဘဲ
တစ်ယောက်အတွက် ပန်းရုံတွေ စိုက်ပျိုးတယ်
တစ်ယောက်က လပြည့်ညရောက်တိုင်း
တစ်ယောက်အတွက် ဆုတောင်းဝတ်ပြုတယ်

တကယ်တော့
တစ်ယောက်က တစ်ယောက်ရဲ့ အိပ်မက်ထဲ ၀င်ဖို့ ကြိုးစားရင်း
တစ်ယောက်က တစ်ယောက်ရဲ့ ၀ိညာဉ်ကို လိုက်လံဖမ်းဆုပ်ရင်း
တစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ပွားထက်တောင် ပိုပြီး ချစ်မိခဲ့ပေါ့။ ။

သရဖူ မဂ္ဂဇင်း၊ ၂၀၀၁၊ ဇူလိုင်

လွန်းဆက်နိုးမြတ်
၃.၂.၁၄
ည ၁၀း၄၀ နာရီ

မှန်ကွဲစများ

1798748_256163171227158_1117927645_nမှန်ကွဲစများ

ကဗျာနောက်ကြောင်းပြနဲ့ ရှင်းလင်းဖြည့်စွက်ချက်

စကားနည်းနည်း

ချယ်ရီမဂ္ဂဇင်းနဲ့ သရဖူမဂ္ဂဇင်းနှစ်စောင်မှာ ၂၀၀၁ ဇူလိုင်တစ်လတည်းမှာပဲ ကဗျာနှစ်ပုဒ် တစ်ပြိုင်နက်တည်းဖော်ပြခံရပြီး ကျွန်တော်စာပေလောကသား ဖြစ်ခွင့်ရခဲ့ပါတယ်။ ဒီကဗျာက ပထမဆုံးစပြီး ပုံနှိပ်ဖော်ပြခံရတဲ့ အဲဒီ့ကဗျာ နှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။ မှတ်မှတ်ရရ ဒီကဗျာပါလာတဲ့ နေ့ရက်တွေဟာ သန်လျင် G.T.C မှာ ပထမနှစ်အတွက် စာမေးပွဲတစ်ခုဖြေနေတဲ့ နေ့ရက်တွေပါပဲ။ စာမေးပွဲခန်းထဲမှာ စာမကြည့်နိုင်ဘဲ သူငယ်ချင်းအချို့ကို မဂ္ဂဇင်းစာအုပ် လိုက်ပြပြီး ကြွားနေခဲ့တာ မှတ်မိပါသေးတယ်။တကယ်တော့ ဒီကဗျာဟာ အချစ်ကဗျာအမျိုးအစားပါပဲ။ အသည်းကွဲလို့ ကဗျာရေးတာမဟုတ်ပါဘူး။ ကဗျာထဲမှာ အသည်းကွဲတာတို့ ဘာတို့ကို ထည့်ရေးခဲ့တာပါ။ အသည်းကွဲတာဟာ အဓိကမဟုတ်ပါဘူး။ ကဗျာရေးဖွဲ့ခြင်း Process ကသာ အဓိက ဖြစ်ပါတယ်။ အိမ်သာကြွေခွက်ကြီးထက် အိမ်သာကြွေခွက်ကြီးကို အနုပညာပြုတာက ပိုအဓိကကျပါတယ်။ ဆိုတော့ အသည်းကွဲတာကနေ ဘာသာရေး အရ ကိုယ့်ကိုယ်ကိုယ်ဗုံးခွဲတာထိ ကမ္ဘာကြီးနဲ့ ဘ၀တွေကို ကဗျာထဲ ထည့်ရေးဖို့ ကြိုးစားကြည့်တာဖြစ်ပါတယ်။ နောက်တစ်ခုက အဲဒီ့ကာလက ဆရာ ကောက်နွယ်ကိုင်တဲ့ ရယ်စရာမဂ္ဂဇင်းပြီးရင် ကျွန်တော်အကြိုက် ဆုံးမဂ္ဂဇင်းက ချယ်ရီမဂ္ဂဇင်းဖြစ်လို့ တိုက်ဆိုင်သွားတာဖြစ်ပါတယ်။ ချယ်ရီမဂ္ဂဇင်းက ကဗျာတွေဟာ အောက်ခံစာရွက်သားကို စက္ကူအဖြူရောင်သုံးသလို အခြားကာလာစက္ကူအရောင်တစ်ခုခုလည်း ရောသုံးပေးထားတာလေးကအစ သဘောကျခဲ့ရပါတယ်။

ရေးဖွဲ့ပုံရေးဖွဲ့နည်း

ဒီကဗျာရဲ့ ရေးဖွဲ့ပုံရေးဖွဲ့နည်းကို ကျွန်တော့်ဘာသာ နှစ်သက်မိပြီး ဒီပုံအတိုင်း နောက်ထပ် ကဗျာ၂ပုဒ် ၃ပုဒ်လောက် ဆက်ရေးဖွဲ့ဖြစ်ခဲ့ပါသေးတယ်။ အလျဉ်းသင့်ရင် တင်ပြပေးပါ့မယ်။ ကြီးကြီးကျယ်ကျယ် ရေးဖွဲ့ပုံရေးဖွဲ့နည်းတွေဘာတွေ ပြောနေပေမဲ့ တကယ်တော့ ကျွန်တော်နှစ်သက်တဲ့ ဆရာ/ဆရာမ တွေရဲ့ နည်းနာတွေ စကားလုံးတွေ ၀ါကျထားသိုပုံတွေရဲ့ လွှမ်းမိုးမှုနဲ့ ရေးဖွဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီ့အချိန်က ကျွန်တော်ထူးထူးခြားခြား အရသာတွေ့နေခဲ့မိတဲ့ မောင်သိန်းဇော်၊ နေမျိုး၊ ခရမ်းပြာထက်လူ၊ တာရာမင်းဝေနဲ့ မနော်ဟရီတို့ရဲ့ ကဗျာပိုင်းဆိုင်ရာလွှမ်းမိုးမှုပါဝင်မယ်ထင်ပါတယ်။ ဒါပေမဲ့လို့ လွှမ်းမိုးမှုအတိုင်း တစ်ထပ်တည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော်ရေးတဲ့ ကဗျာဟာ ကျွန်တော့်ကဗျာပဲပေါ့။ ကျွန်တော့်ကဗျာဖြစ်လာရင် ကျွန်တော့်နည်းနာတော့ ထည့်သွင်းရေးသားနိုင်ရလိမ့်မပေါ့။ ဒီကဗျာဟာ ပုဂ္ဂလခံစားမှုအချစ်ကဗျာသာဖြစ်ပါတယ်။ ဗဟုခံစားမှုနိုင်ငံရေးကဗျာမျိုး မဟုတ် ပါဘူး။ ပုဂ္ဂလခံစားမှုဇာတ်ပြောနဲ့ ရေးဖွဲ့တဲ့အတွက် အဖော်မဲ့အထီးကျန်မှု၊ ဘ၀ရဲ့ အနှစ်သာရကင်းမဲ့မှု၊ တစ်ကိုယ်တော်စိတ်ကူးယဉ်မှု၊ ၀မ်းနည်း အားငယ်စိုးထိတ်မှုတွေကို ဖော်ကျူးရာမှာ ပိုပီပြင်စေပါတယ်။ ဒီကဗျာရဲ့ အပိုဒ် (၁)ဟာ လိုင်း ၃လိုင်းရှိပေမဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ၀ါကျကတော့ တစ်ခုပါပဲ။ အပိုဒ် (၂)မှာတော့ လိုင်း ၄ လိုင်း ရှိပြီး အဆုံးသတ်တွေဟာ ၀ါကျပြည့်မဟုတ်တော့ပါဘူး။ အပိုဒ်(၃)နဲ့ အပိုဒ် (၄)ကတော့ ကဗျာရဲ့ အရှိန်မြင့်တက်လာလို့ ထွေပြားရောယှက်နေပါပြီ။ လိုင်း တစ်လိုင်းထဲမှာ ထပ်ကျော့တွေ သုံးစွဲတာ။ အမေးဝါကျတွေ ပါလာတာ။ အပြတွေ၊ ခေတ်ပေါ် ကဗျာရဲ့ နိမိတ်ပုံဒင်းကြမ်း အသုံးပြုတာတွေ၊ တချို့နေရာတွေမှာ အသံအားကောင်းအောင် ကာရန်ကို လှမ်းချိတ်ဆွဲထားတာတွေ၊ ဒီကဗျာမှာ ထင်ရှားတဲ့ လက္ခဏာတစ်ရပ်ကတော့ လိုင်းအတော်များများရဲ့ အဆုံးသတ်တွေဟာ ၀ါကျပြည့်မပြီးဆုံးဘဲ တန်းလန်းချန်လှပ်ခဲ့တာတွေပဲဖြစ်ပါတယ်။ ဒါဟာ ဒီကဗျာရဲ့ Pattern ဖော်ဆောင်မှုလို့ ပြောနိုင်ပါတယ်။ Pattern ဖော်ဆောင်မှုလို့ ပြောတာက Pattern မဟုတ်သေးပါဘူး။ Pattern ဖြစ်စေဖို့ ဖော်ဆောင်တဲ့ အဓိက နည်းနာလို့ ဆိုလိုပါတယ်။ Pattern အပြည့်လို့ ပြောမယ်ဆိုရင် ကဗျာနောက်ဆုံး အပိုဒ်ကို ပထမဆုံးအပိုဒ်အတိုင်း လိုင်း ၃လိုင်းရှိပေမဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ၀ါကျတစ်ခုဖြစ်လာအောင် ရေးသားခဲ့တာကို ထည့်ပြောမှ ရမှာပါ။ မတော်တဆမဟုတ်ပါဘူး။ တမင်တကာပါ။ ကဗျာရေးဖွဲ့ရာမှာ မတော်တဆမှုတွေဟာ အမြဲတစေလှပသလို တမင်တကာ ရက်လုပ်ထားတာတွေကလည်း တစ်ခါတစ်ရံမှာ လှပတတ်ပါတယ်။ ထပ်မံတင်ဆက်မယ့် ကဗျာတွေကျရင် ဒီထက် ပိုပြောနိုင်ဖို့ မျှော်လင့် ပါတယ်။

မှန်ကွဲစများ

ငါတို့ရဲ့အပေါ်
ကဝေအလင်းလက်ချောင်းတွေ ဖြာကျလာတော့
ဝေးလို့ဝေးမှန်းမသိအောင် ဝေးခဲ့ကြရ။

နတ်ဆိုးတွေ တီးခတ်တဲ့ ပတ္တလားသံတွေကြောင့်ပဲ
ရင်ဘတ်ထဲက နှင်းဆီပွင့်လေး အငွေ့ပျံ
ပန်းအိပ်မက်တစ်ပုဒ် အရေခွံကွာကျ
ကောင်းကင်မှာ မီးလျှံစ ဖရိုဖရဲနဲ့…

မှားခဲ့တယ်။ မှားခဲ့တယ်။ မှားခဲ့တယ်။
အိမ်ပြန်ချိန်တိုင်း သွက်သွက်ခါအောင် လွမ်းဆွတ်တဲ့စိတ်
ကျိန်စာအက္ခရာတွေ ခန္ဓာကိုယ်မှာ သေရာပါကုပ်တွယ်လို့
လူမသိသူမသိတိမ်မည်းတွေ ဖုံးအုပ်သွားတဲ့ အနမ်းဖျော့ဖျော့များ
ပျောက်ရှ ပဲ့ကြွေ အဝေးသို့ လွင့်ပါးတယ်။

ချည်နှောင်ခွင့်တချို့ပြန်ပြီးရနိုင်ပါတော့မလား။
အထီးကျန် ပင်လယ်ကမ်းစပ် ပန်းချီကားတစ်ချပ်ပေါ်
သွေးစက်တွေ ပေစွန်းနေ
လည်ချောင်းထဲ ကြယ်တံခွန်ပျက်တွေ တဝေါဝေါပြိုဆင်း
အဆုံးမသတ်တဲ့ ဆုတောင်းခြင်းများနဲ့သာ နာဖျား
နေရာဟောင်းလေး ပြန်မသွားဖြစ်ဘူး။

တကယ်ဆိုရင်
ဓားရွက်တစ်ခုက နှလုံးသားကို
ယိမ်းသွဲ့သွဲ့လှီးဖြတ်သွားတာပါ…မချယ်ရီ။ ။

ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၁၊ ဇူလိုင်

လွန်းဆက်နိုးမြတ်
၃၁.၁.၁၄
ည ၁၁း ၂၇ နာရီ
တရုတ်နှစ်သစ်ကူးနေ့