လွမ်းလို့ရေးထားတဲ့ ကဗျာ

လွမ်းလို့ရေးထားတဲ့ ကဗျာ

အိမ်ခေါင်မိုးကို ဖျက်ချလိုက်သလိုမျိုး
ဧပြီမှာ…
သမီးတို့
လိမ့်နေအောင် အပူလောင်ခဲ့ကြ။

ဘယ်လို ဖြောင့်ချက်ကမှ
အမေ့ကို ပြန်မဆွတ်နိုင်တော့ဘူး…
အဖေ့သင်္ဘောက
အမေ့ဆိပ်ကမ်းကနေ တရွေ့ရွေ့
ဆိပ်ကမ်းသစ်ကလေးအရှေ့မှာ
ကျောက်ချ ရပ်နားပစ်လိုက်တာ…ခုထိ
အမေ့ကောင်းကင်မှာ အလင်းတွေ ညို့ကျသွားပေမယ့်
အမေ့မာနတွေကတော့ ရဲရဲလင်းလင်း ၀င်းပ
ဘာ-မှ-မ-လို-ဘူး ဆိုတာ
အဖေ့အတွက် နောက်ဆုံးစကား…တဲ့
အမေ့ပုခုံးသားတွေ ညွတ်ကျသွားလောက်အောင်
ဘ၀တွေက သိပ်လေးလံခဲ့မှာ…
သမီးခမျာ ငယ်သေးတော့ မသိတတ်ခဲ့ဘူး။“
အခု…
အဖေ မတ်တတ်စမ်းပေးခဲ့တဲ့ ခြေဖ၀ါးမှာ
သမီး မားမားရပ်လို့
အဖေတွဲကူခဲ့တဲ့ လက်ချောင်းသေးသေးလေးတွေက
ကွန်ပျူတာ တဖြောင်းဖြောင်းရိုက်နေပြီ
အဖေ အစာခွံ့ခဲ့တဲ့ နှုတ်ခမ်းကလေးမှာ
နှုတ်ခမ်းနီဆိုးတတ်နေပေမယ့်
အဖေပေးခဲ့တဲ့ သင်ခန်းစာက
သမီးကို ခပ်မာမာ ပြဋ္ဌာန်းထားခဲ့တော့…။

အဖေ မေ့နေခဲ့တာလား…
အဖေ့မှာ သားတွေ၊သမီးတွေ များနေနိုင်ပေမယ့်
သမီးမှာ အဖေတစ်ယောက်ပဲ ရှိတယ်ဆိုတာလေ
အဖေ့အသစ်စက်စက် သားငယ်လေးအတွက်
သမီးကို ချော့မြှူခဲ့တဲ့ တေးချင်းတွေက အဆင်သင့်
သမီးကြိုက်တဲ့ ပုံပြင်တွေနဲ့လည်း
အဖေ့သားလေး အိပ်တတ်ခဲ့ရောပေါ့…။

အဖေပျော်နေတယ်မဟုတ်လား…

သမီးတို့ အသည်းနှလုံးမှာတော့
ကျွဲပုခုံးကို…ထလို့။ ။

အိန္ဒြာ
မဟေသီ၊ဇူလိုင်၊၂၀၀၆၊စာ-၁၅

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s