မိန်းမပျိုလေး မိထွေး
ကြံစိုက်တဲ့ ရာသီဆို သူမကို သတိရတယ်။
ငါ့ပါးစပ်ထဲက မနက်ခင်းသွားတိုက်ဆေးမြုပ်အဖြူရောင်တွေ
ရေဆိုးမြောင်းတစ်လျှောက် လူးလွန့်ရေနေသတ္တ၀ါလေးတွေအပေါ်
ဗုံးကြဲသလို ထွေးထုတ်တမ်းကစားနေချိန်မှာ
သူမ ရောက်လာတတ်တယ်။
သူမဟာ ငါ့အမေရဲ့ ပဲပြုတ်သည်ဖြစ်တယ်။
ငါ့အိမ်ခေါင်မိုးပေါ် တစ်စုံတစ်ယောက်လွှတ်တင်ထားတဲ့
ညနေခင်းစက္ကူစွန်တစ်စင်းကို ငေးမောနေမိချိန်
သူမရောက်လာတတ်တယ်။
သူမဟာ ငါ့ အမေရဲ့ ဧည့်သည်ဖြစ်တယ်။
စကားဝိုင်းဆီက စကားလုံးတိုင်းကို နားလည်ဖို့ရာတော့
ငါ့ အသက်က ငယ်လွန်းသေးရဲ့။
ဒါပေမယ့် သူမနဲ့
သူမရဲ့ နှုတ်ခမ်းကွဲအောက်က သွားတွေကိုတော့
ငါချောင်းမကြည့်ဘဲ မနေနိုင်ခဲ့ဘူး။
သူမဟာ ငါ့ ဘ၀မှာ ပထမဆုံးမြင်ဖူးတဲ့ မွေးရာပါ အပေါ်နှုတ်ခမ်းကွဲသူ။
ဟိုအရင် လေးနဲ့မြား ကိုယ်စီကိုင်ရင်း
ငါတို့ ပြေးလွှားခဲ့တဲ့ ကွင်းပြင်ကျယ်
သက်ဆိုင်ရာက ကြံတွေ စိုက်ပစ်တယ်။
သူမအလောင်းကို ကြံစိုက်ခင်းထဲမှာ ရှာတွေ့ခဲ့ကြတယ်။
ပုပ်ပွပြီး ရုပ်ပျက်နေတဲ့ သူမရဲ့ အလောင်း
သူမဟာ ငါ့ဘ၀မှာ ပထမဆုံးသိခဲ့ရတဲ့ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရသူ။
မိန်းမပျိုလေး မိထွေး။
လွန်းဆက်နိုးမြတ်
၁၄.၈.၂၀၁၆
နံနက် ၃း၁၃ နာရီ